ဆောင်းပါး

သခင်အောင်ဆန်း အမွိုင်သို့ လျှို့ဝှက်ထွက်ခွာခြင်း

This article has been converted from Zawgyi One to Unicode

ဗြိတိသျှအစိုးရသည် အရူးမီးဝိုင်းဖြစ်နေသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး ခေါင်းဆောင်များကို ပိုက်စိပ်တိုက်၍ ဖမ်းဆီးနေချိန်ဖြစ်သည်။ သခင်အောင်ဆန်းသည် နိုင်ငံတကာ နိုင်ငံရေးအခြေအနေများကို အစဉ်မပြတ် လေ့လာအကဲ ခတ်နေပြီး စုံထောက်ပုလိပ်များ အနံ့မခံရအောင် အမျိုးမျိုးပုန်းလျှိုး၍ နေလေသည်။

သခင်လှဖေက သခင်အောင်ဆန်းတို့ တရုတ်ပြည်သို့ ထွက်ခွာနိုင်ရေးအတွက် အမျိုးမျိုးအဖုံဖုံ ကြံစည်စိတ်ကူးနေသည်။

ပင်လယ်ဝမှသွား၍ နိုင်ငံခြား ပင်လယ်ကူး သင်္ဘောပေါ်သို့ တင်ဆောင်ပေးရလျှင် ကောင်းနိုးနိုး အထင်ဖြင့် မြန်မာ့ပင်လယ်ဝသို့ သင်္ဘောဖြင့် ထွက်ကြည့်ဖူးသည်။

နောက်ဆုံးတွင် တရုတ်အမျိုးသားများနှင့် စိတ်ချယုံကြည်ရသော အဆက်အသွယ်ကောင်းကိုရှာကာ တရုတ်ပြည်သွား နိုင်ငံခြားသင်္ဘောဖြင့် ခိုးထွက်ရန် စိတ်ကူးရရှိပြီး လက်တွေ့အကောင်အထည်ပေါ်အောင် စီစဉ်လေတော့သည်။

ဦးကျော်ခင်၏ အစဉ်အလာ

လျှို့ဝှက်သည့်ကိစ္စများကို စီစဉ်ရာ၌ ရန်ကုန်မြို့ တရုတ်ပိုင်းတွင် အပေါင်းအသင်းအများဆုံးနှင့် မြန်မာ နိုင်ငံရေးသမားဟူသမျှကို အမြဲတမ်း အကူအညီပေးလေ့ရှိသော ရန်ကုန်မြို့ ၁၉ လမ်း၊ အိမ်အမှတ် ၁၂၁ နေ ဦးကျော်ခင်ကို သခင်လှဖေ (ဗိုလ်လကျာ်) က သတိရလိုက်မိသည်။

ထိုစဉ်အခါက ၁၉ လမ်း ဦးကျော်ခင်သည် တက္ကစီအငှားကား ထောင်ထားသူဖြစ်သည်။ ၁၉ လမ်း အမှတ် ၁၂၁ တွင် ငါးခြောက်ပွဲရုံထောင်ထားသည်။ ရန်ကုန် တရုတ်တန်းနှင့် ပတ်သက်လာသော ကိစ္စကြီးငယ်များတွင် သူမပါလျှင် မပြီးပေ။

အလုပ်တခုကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိပိရိရိရှိသည်။ သတ္တိရှိသည်။ လျင်မြန်ဖျတ်လတ်သည်။ သူ့နေအိမ်မှာ သခင်လူငယ်များ နေအိမ်၊ စားအိမ် ဖြစ်ခဲ့သည်။

သခင်နိုင်ငံရေးသမားများနှင့် ပေါင်းလွန်း၍ သခင်လူငယ်များက “သခင်ကျော်ခင်” ဟူ၍ပင် အသိအမှတ်ပြုကာ ခေါ်ဝေါ်နေသေးသည်။

တချိန်တခါက သာယာဝတီထောင်တွင် မြန်မာနိုင်ငံရေးသမား သခင်များကို နယ်ချဲ့အင်္ဂလိပ်အစိုးရက ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင်ထား၏။

သာယာဝတီရုံး၌ အမှုစစ်ဆေးမည့်နေ့တွင် ရန်ကုန်မှ သခင်အောင်ဆန်း၊ သခင်မြ၊ သခင်လှဖေနှင့် တို့ဗမာအစည်းအရုံးဝင် သခင်ကြီးငယ်တို့သည် အမှုစစ်ဆေးပြီး ရုံးမှ ထောင်သို့ ပြန်အသွင်းတွင် အခွင့်အခါရသည့်နှင့် တို့ဗမာအစည်းအရုံး၏ ထင်ရှားသော သခင်ခေါင်းဆောင်ကြီး တဦးဖြစ်သူကို လမ်းတဝက်မှ ပုလိပ်များလက်တွင်းက လုယူကြရန်အတွက် ၁၉ လမ်း ဦးကျော်ခင်၏ ကားဖြင့်ပင် အသေးစိတ်အစီအစဉ်များ လုပ်ကိုင်ခဲ့ဖူးသည်။

၁၃၀ဝ ပြည့် အရေးတော်ပုံဖြစ်စဉ်က ရေနံမြေ မှ လုပ်သားတပ်ကြီးသည် ရေနံချောင်းမှ ရန်ကုန်သို့ မိုင်ပေါင်းများစွာ ချီတက်၍ ဆန္ဒပြခဲ့သည်။

ထိုစဉ်ကလည်း ရန်ကုန်မှ တို့ဗမာအစည်းအရုံးဝင် သခင်ကြီးငယ်တို့သည် ဦးကျော်ခင်၏ (ဖလိုင်း စတင်းဒတ် ကားနံပါတ် အာရ်ဘီ ၅၅၄၄) နှင့် (ခရစ် စတာ ကားနံပါတ် အာရ်ဘီ ၅၅၈၀) မော်တော်ကား တို့ဖြင့်ပင် ကြိုတင်စီစဉ်မှုများကို ပြုလုပ်ခဲ့ဖူးသည်။

ထို့ကြောင့် သခင်အောင်ဆန်းတို့ နိုင်ငံခြားသို့ ထွက်ခွာသွားနိုင်ရေး ကိစ္စတွင်လည်း ဦးကျော်ခင်၏ အကူအညီသည် များစွာလိုအပ်နေပေသည်။

လျှို့ဝှက်ခရီး၏အစ

တနေ့သောအခါတွင် သခင်လှဖေ၊ ကျုံမငေး သခင်ထိန်ဝင်း၊ ဒေးဒရဲ သခင်မြသွင်တို့ သခင် လူငယ်တစုသည် ၁၉ လမ်း ဦးကျော်ခင်၏ နေအိမ်သို့ရောက်ရှိလာည်။

ထိုသို့ရောက်လာပြီး သခင်လှဖေက ဦးကျော်ခင်အား “သခင်အောင်ဆန်းနဲ့ ရဲဘော်တဦး တရုတ်ပြည်ကို လျှို့ဝှက်ပြီး သင်္ဘောနဲ့ပို့ချင်တယ်။ စိတ်ချယုံကြည်ရမယ့် အဆက်အသွယ် ရှာပေးပါ” ဟု ဆိုလာ၏။

ဦးကျော်ခင်က စဉ်းစားလိုက်သည်။ ရန်ကုန် တရုတ်တန်း ၁၉ လမ်းရှိ တန်ကျူးစိန်၏ ကလပ် (ကစားဝိုင်း) တွင် တရုတ်သင်္ဘောသားများ မကြာခဏ လာရောက်တည်းခိုလေ့ရှိသည်။

နိုင်ငံခြား တရုတ်သင်္ဘောသား တချို့ကလည်း မာကျောက် (တရုတ်ဖဲ) ကစားသည်။ တချို့ကလည်း မိန်းမပျက်များနှင့် ပျော်ပါးသည်။ တရုတ်သင်္ဘောသား တချို့ကလည်း ညအိပ်ညနေ တည်းခိုနေသည်ကို သွားအမှတ်ရမိသည်။

ထို့ကြောင့် ဦးကျော်ခင်က ထိုင်ရာမှထသွားပြီး ကလပ်ပိုင်ရှင်သူဌေး တန်ကျူးစိန်ထံသို့ သွားရောက်၍ “ဦးကျူးစိန် တရုတ်ပြည်ကို တရုတ်သင်္ဘောနဲ့ ဗမာလူနှစ်ယောက် ထည့်လိုက်ချင်တယ်။ အဲဒါစီစဉ်ပေးပါ” ဟုပြောလိုက်သည်။ ထိုအခါ တန်ကျူးစိန်ကလည်း ရင်းနှီးသူပီပီ “ဒီအပတ် ဟိုင်လီသင်္ဘော ဆိုက်လာရင် စီစဉ်ပေးမယ်လေ၊ သင်္ဘောက တရုတ်ပြည် အမွိုင် အထိသာသွားတယ်။ အမွိုင်မြို့အထိ တာဝန်ယူပို့ပေးမယ်၊ သင်္ဘောခ တယောက်ကို ငွေသုံးရာပေးရမယ်”

“တယောက်ကို သုံးရာပေးရမယ်ဆိုတော့ မများဘူးလားကွ”

“ဦးကျော်ခင် စဉ်းစားလေ၊ အစိုးရမသိအောင် ခိုးပြီးပို့ရမယ့်ကိစ္စ၊ အစိုးရသိရင် အားလုံးဒုက္ခရောက် ကုန်မယ်၊ ပိုက်ဆံကောင်းကောင်းမပေးရင် ဘယ်လိုလုပ်ပြီး ပို့လို့ရမလဲ”

“ဘယ်သူမှမသိအောင်ကော စိတ်ချရပါ့မလား”

“စိတ်ချ”

“တိုင်ပင်ပြီးတော့ အကြောင်းပြန်မယ်” ဟု ပြောကာ ဦးကျော်ခင်သည် ကလပ်ပေါ်မှ ဆင်းလာခဲ့သည်။

ကလပ်ပိုင်ရှင်သူဌေး တန်ကျူးစိန် ကိုယ်တိုင်က ဟိုင်လီသင်္ဘောဖြင့် လိုက်ပါသွားမည့် ဗမာနှစ်ယောက်သည် မည်သူမည်ဝါဖြစ်မည်ကို မသိ။ မည်သည့်အတွက်ကြောင့် နိုင်ငံခြားသို့ ခိုးထွက်သွားသည်ကိုလည်း မစုံစမ်း။ မိမိနှင့်မသက်ဆိုင်သည့် ကိစ္စကို စပ်စပ်စုစု လုပ်တတ်သူတယောက်မဟုတ်။ သူသည် လောင်းကစားတွင်သာ စိတ်ပါဝင်စားနေသူတဦး ဖြစ်သည်။

ဦးကျော်ခင်သည် ကလပ်ပိုင်ရှင် တန်ကျူးစိန်နှင့် တွေ့ခဲ့ရပုံအကြောင်းစုံကို သခင်လှဖေတို့ လူစုအား ပြောပြသည်။ ထို့နောက် များမကြာခင်တွင် အကြောင်းပြန်မည်ဟုပြောကာ သခင်လှဖေတို့လူသိုက် ပြန်သွားလေတော့သည်။

ဤအချိန်တွင် တရုတ်ပြည် ရှန်ဟဲမြို့ရှိ မြေအောက်လှုပ်ရှားမှုများကို လုပ်နေသော တရုတ်ကွန်မြူနစ်ပါတီမှ ပါတီဝင်တဦး မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

ထိုစဉ်က ရှန်ဟဲမြို့ကို ဂျပန်တို့က သိမ်းပိုက်ထား၍ တရုတ်ကွန်မြူနစ်ပါတီသည် မြေလျှိုးကာ လုပ်ကိုင်နေရသည်။

ထို တရုတ်ကွန်မြူနစ်ပါတီဝင်ကို နယူးအီးဗနင်းပို့စ် တရုတ်ညနေ သတင်းစာအယ်ဒီတာ တိတ်ဂွမ်၏ မိတ်ဆက်ပေးချက်အရ တရုတ်ပြည်သို့သွားမည့် သခင်အောင်ဆန်းနှင့် သခင်ကျော်စိန် (ပြည်သူ့စာပေ) တို့ တွေ့ဆုံကြရခြင်း ဖြစ်လေသည်။

တရုတ်ပြည် အမွိုင်သို့ သွားရောက်ကြမည့် အစီအစဉ်ကို ပြောပြသောအခါ ထို တရုတ်ကွန်မြူနစ် ပါတီဝင်က အမွိုင်သို့မသွားရန် တားမြစ်သည်။

၎င်း၏ ရှင်းလင်းအကြောင်းပြချက်မှာ အမွိုင်မြို့တွင် တရုတ်ကွန်မြူနစ်ပါတီဝင်များသည် အလွန်အားနည်းနေ၍ ပါတီဌာနချုပ်နှင့်လည်း အဆက်အသွယ်မရှိသလောက် ဖြစ်နေသည်။

နောက်တချက်မှာ အမွိုင်မြို့သည် ဂျပန် ကင်ပေတိုင်တို့၏ ဌာနချုပ်ဖြစ်နေသည်။ ဂျပန်သူလျှိုများလည်း ခြေချင်းလိမ်နေသောမြို့ ဖြစ်လေသည်။

ထို့ကြောင့် တရုတ်ပြည်သို့ သွားမည်ဆိုလျှင် ရှန်ဟဲမြို့သို့သာ သွားရောက်ရန် အကြံပေးသည်။

ရှန်ဟဲမြို့ အပြည်ပြည်ဆိုင်ရာ ရပ်ကွက်တွင် တရုတ်ကွန်မြူနစ်ပါတီမှ လျူရှောက်ချီလည်းရှိသည်။ တရုတ်ကွန်မြူနစ်ပါတီဝင် အင်အားကောင်းသည်။ ရှန်ဟဲမြို့သို့ အရောက်သွားလျှင် အပြည်ပြည်ဆိုင်ရာ လွတ်လပ်မှုများကို ခံစားနိုင်ခွင့်ရှိသည်။

ရှန်ဟဲမြို့သို့သာ သခင်အောင်ဆန်းတို့ အရောက်သွားလျှင် အစစအရာရာ တာဝန်ယူပြီး တရုတ်ပြည် ကွန်မြူနစ်ပါတီဌာနချုပ်ရှိသော ပီနန်မြို့သို့ ပို့ပေးမည့်အကြောင်းကို စုံလင်စွာ ပြောသွားလေသည်။

ဤတွင် သခင်လှဖေ (ဗိုလ်လကျာ်) အား သခင်အောင်ဆန်းက တရုတ်ပြည် ရှန်ဟဲမြို့သို့ သွားလာနိုင်ရေးအတွက် စီစဉ်ရန်ပြောသည်။

သို့သော် သခင်လှဖေ (ဗိုလ်လကျာ်) ဆက်သွယ်ထားသော သင်္ဘောမှာ တရုတ်ပြည် အမွိုင်သို့သာ ပို့ပေးနိုင်မည်ဟု တင်ပြသည်။ ထို့ကြောင့် “ဘာပဲဖြစ်ဖြစ် တရုတ်ပြည် အမွိုင်မြို့သို့ အရောက်သွားပြီး ထိုမှတဆင့် ဖြစ်သလို ကြံဖန်ဆောင်ရွက်ရန်” သခင်အောင်ဆန်းက ဆုံးဖြတ်ခဲ့ပေသည်။

ထိုအခါတွင် သခင်အောင်ဆန်းနှင့် အတူလိုက်ပါရန် စီစဉ်ထားသော သခင်ကျော်စိန် (ပြည်သူ့စာပေ) က “အမွိုင်ကိုသွားမယ်ဆိုရင် ဂျပန် ကင်ပေတိုင်ရဲ့ အဖမ်းခံရုံသာရှိမယ်၊ မလိုက်လိုပါ” ဟု ပြောသည်။

ယင်းကြောင့် သခင်ကျော်စိန် (ပြည်သူ့စာပေ) အစား သခင်လှမြိုင် (ဗိုလ်ရန်အောင်) ကို လိုက်ပါနိုင်ရန် စီစဉ်ရလေသည်။

သခင်အောင်ဆန်းတို့အား နိုင်ငံခြားသွားရေးအတွက် တာဝန်ယူ စီစဉ်ပေးနေသော သခင်လှဖေ (ဗိုလ်လကျာ်) သည် သင်္ဘောခ ငွေ ၆၀ဝ ကျပ်ကို ရှာရပြန်သည်။

သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ အမွိုင်မြို့သို့ လျှို့ဝှက်၍ ခရီးသွားနိုင်ရေးအတွက် လိုအပ်သောငွေကြေးကို ဒေးဒရဲ သခင်မြသွင်နှင့် ဒေးဒရဲ သခင်အောင်သန်းတို့က တာဝန်ယူသည်။

ဒေးဒရဲ သခင်မြသွင်နှင့် သခင်အောင်သန်းတို့သည် ဒေးဒရဲမြို့ရှိ မျိုးချစ်စိတ်ထက်သန်သော ဦးဘမောင် (ဆန်စက်သူဌေး)၊ ဦးထိုက် (လယ်ပိုင်ရှင်)၊ ဦးသန့် (ကုန်သည်) တို့ထဲမှ လျှို့ဝှက်၍ ငွေကြေးကောက်ခံ ပေးသည်။

တရုတ်ပြည် အမွိုင်သို့ လျှို့ဝှက်ခရီးထွက်နိုင်ရန် အတွက် ငွေကြေးပြည့်ပြည့်စုံစုံ ရရှိသောအခါ သခင်လှဖေ (ဗိုလ်လကျာ်) သည် ဦးကျော်ခင်နှင့် ထပ်မံ တွေ့ဆုံကြပြန်၏။

ဦးကျော်ခင်နှင့် ကလပ်သူဌေး တန်ကျူးစိန် တွေ့သောအခါ ဟိုင်လီသင်္ဘော ဆိုက်ပြီဖြစ်၍ အသေးစိတ်ကိစ္စများ စီစဉ်ရပြန်လေ၏။

ထိုအကြိမ်တွင် သခင်အောင်ဆန်း၊ သခင်လှမြိုင်နှင့် ဟိုင်လီသင်္ဘောကပ္ပတိန် တရုတ်အမျိုးသားတဦးနှင့် တွေ့ဆုံကြပြန်သည်။ ကလပ်သူဌေး တန်ကျူးစိန်က စကားပြန်အဖြစ် တာဝန်ယူလေသည်။

ဟိုင်လီသင်္ဘောကပ္ပတိန် တရုတ်အမျိုးသားက ပြောသည်မှာ “ဟိုင်လီသင်္ဘောပေါ်မှ တရုတ်သင်္ဘောသား ဆယ်ယောက် ကုန်းပေါ်ကိုတက်လာမယ်၊ တရုတ်သင်္ဘောသား နှစ်ဦးက တန်ကျူးစိန်ရဲ့ကလပ်မှာ နေရစ်မယ်၊ ဒီနေရစ်ခဲ့တဲ့ တရုတ်သင်္ဘောသား နှစ်ယောက်အစား ခင်ဗျားတို့နှစ်ယောက်က ဝင်ပြီး ဣန္ဒြေမပျက် ဟိုင်လီသင်္ဘောပေါ်ကို ပြန်တက်ဖို့ပဲ” ဟု ပြောပြသည်။

ထို့နောက် သင်္ဘောကပ္ပတိန် တရုတ်အမျိုးသားက ဆက်၍ “ဟိုင်လီသင်္ဘောပေါ်ကို တရုတ်အမျိုးသား ၁၀ ယောက် ပြန်တက်ရင် တန်းစီပြီး တရုတ် အမျိုးသားတဦးက လူစစ်မယ်၊ ဒီတခါ ကိုယ့်နာမည် ကိုခေါ်လိုက်ရင် ရှေ့ကိုလျှောက်သွား၊ ဆလံပေး၊ ဦးခေါင်းကိုငုံ့ အလေးပြု၊ ပြီးရင် ကိုယ့်နေရာကိုယ် ပြန်သွားနေ၊ တောင်တောင်မြောက်မြောက်ကို မျက်လုံးကစားပြီး မကြည့်နဲ့၊ သင်္ဘောအပေါ်ထပ်ကနေ ဂေါ်ရာပုလိပ်တွေနဲ့ စုံထောက်တွေက မျက်တောင်မခတ်ဘဲ ကြည့်နေတယ်။ “တခုခုမှားယွင်း ချွတ်ချော်သွားရင် အားလုံး ဒုက္ခရောက်သွားမယ်၊ ဣန္ဒြေမပျက်ပါနဲ့၊ သင်္ဘောသားဆယ်ဦးပြည့်အောင် နာမည်ခေါ်ပြီးရင် ရှေ့ဆုံးက တရုတ်သင်္ဘောသားဝင်တဲ့ အခန်းထဲကို တန်းတန်းမတ်မတ် လိုက်သွားပါ။ တန်းစီပြီး လူစစ်မယ့် တရုတ်အမျိုးသားက “တန်လူရှောင်” လို့ ခေါ်ရင် ခင်ဗျားသွားပါ၊ (သခင်အောင်ဆန်းကို မေးငေါ့ပြသည်) တရုတ်နာမည် “တန်ဆူတောင်” လို့ခေါ်လိုက်ရင်ခင်ဗျားပဲ (သခင်လှမြိုင်ကို မေးငေါ့ ပြသည်) ကိုယ့် နာမည်ကိုလည်း မြဲမြဲမှတ်ထားပါ” ဟူ၍ ပြောလေသည်။

သခင်အောင်ဆန်းတို့၏ အမွိုင်သို့ လျှို့ဝှက်ခရီးတွင် ဟိုင်လီသင်္ဘောပေါ်တက်သည်မှာ အရေးအကြီးဆုံး ဖြစ်သည်။

ဤတချက် အောင်မြင်သွားလျှင် ဘေးမသီ၊ ရန်မခနိုင်တော့ပေ။ တရုတ်လူမျိုးကဲ့သို့ ဟန်ဆောင်သည့်အခါ သခင်အောင်ဆန်းသည် “တန်လူရှောင်” ဟူသော တရုတ်နာမည်ကို ပြောင်းလဲခံယူထားသည်။

သခင်လှမြိုင်မှာမူ “တန်ဆူတောင်” ဟူသော အမည်ကို ခံယူထားရလေ၏။

ရုပ်ပြောင်းရုပ်လွှဲ

စစ်ကြိုခေတ်က ရန်ကုန် တရုတ်တန်းသည် အလွန်စည်ကားသော နေရာတခုဖြစ်သည်။

နိုင်ငံခြားသား တရုတ်အမျိုးသား အများအပြား နေထိုင်ရာ ရပ်ကွက်လည်းဖြစ်သည်။ ကုန်သည်ပွဲစားများ၏ စီးပွားရေးလုပ်ငန်း အချက်အချာနေရာတခုလည်း ဖြစ်သည်။

လူစိမ်းတယောက်သည် ရန်ကုန် တရုတ်တန်းသို့ ရောက်လေလျှင် တရုတ်ပြည်မကြီးရှိ မြို့ငယ်လေးတမြို့သို့ ရောက်နေဘိအလား စိတ်ထဲတွင် ထင်ရလောက်အောင် တရုတ်ယဉ်ကျေးမှု အဆောင်အယောင်များက လွှမ်းမိုးသွားလေသည်။

တရုတ်အမျိုးသားများသည် မိမိနှင့်မသက်ဆိုင်သည့်ကိစ္စတွင် ဝင်ရောက်မေးလေ့မရှိ၊ စပ်စုလေ့မရှိ၊ စူးစမ်းလေ့မရှိ၊ အေးအေးဆေးဆေး နေတတ်သောလူမျိုး ဖြစ်လေသည်။

ထို့ကြောင့် ကစားဝိုင်း၊ ဘိန်းခင်း၊ အရက်ပုန်း၊ ဟိုတယ်မယ်၊ ပြည့်တန်ဆာနှင့် ပျော်ပါးရန် “လောဂျင်း” အခန်း အစရှိသည်များရှိသော ဒုစရိုက် “ဘုံ” လေးတခုဖြစ်သည်။

စစ်ကြိုခေတ်က နိုင်ငံရေးကိစ္စများကို လျှို့ဝှက်ပြီး လုပ်ကိုင်ရန် အကောင်းဆုံးရပ်ကွက်တခု ဖြစ်လေသည်။

၁၉၄၀ ပြည့်နှစ်၊ ဩဂုတ်လ ၇ ရက်နေ့ နေ့လယ်တွင် ချိန်းထားသည့်အတိုင်း သခင်လှဖေ (ဗိုလ်လကျာ်) သည် ၁၉ လမ်း ဦးကျော်ခင် နေအိမ်သို့ ရောက်လာ၏။

ဦးကျော်ခင်က သူ့ကားဖြင့်ပင် ရန်ကုန်မြို့ သိမ်ဖြူလမ်းသို့သွားကာ ထောင်တွင်းသို့ရောက်နေသော သခင်ခေါင်းဆောင် သခင်နု၏နေအိမ်မှ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ကို ခေါ်ဆောင်လာသည်။

ဦးကျော်ခင်က ၁၉ လမ်း၊ အမှတ် ၁၂၁ သူ့ အိမ်သို့ရောက်သောအခါ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ကို သူ့နေအိမ်အပေါ်ထပ်ရှိ သီးသန့်အခန်းတွင် ပုန်းအောင်းနေစေသည်။

သခင်အောင်ဆန်းမှာ မျက်နှာလည်းမပျက်၊ စိုးရိမ်ပူပန်သည့် အရိပ်အယောင်လည်းမရှိ၊ မည်သူ့ကိုမှလည်း စကားမပြော၊ အခန်းတွင်းဝယ် စာတအုပ်ကို စိတ်ပါဝင်စားစွာ ဖတ်ရှုနေသည်။

ဦးကျော်ခင်သည် ရန်ကုန် တရုတ်တန်းတွင် အသိအကျွမ်း အပေါင်းအသင်းများသူဖြစ်၍ သတင်းထူးများ ရှိ မရှိ သိရလေအောင် တရုတ်တန်းသို့ တပတ်လှည့်ပြီး စုံစမ်းလေ့လာကြည့်သည်။

သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ သူ့နေအိမ်တွင် ရောက်နေမှန်း မည်သူမျှမရိပ်မိလေမှ စိတ်အေးလေတော့ပြီ။

ထိုစဉ် တရုတ်တန်း ၁၉ လမ်းထိပ်ရှိ တရုတ် ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်နှင့် ချုပ်ပြီး တရုတ်အကျႌ၊ တရုတ်ဘောင်းဘီ အရွယ်အမျိုးမျိုးကိုရောင်းသော ဆိုင်များရှိသည်။

ယင်းသို့ ချုပ်ပြီးအထည်များ ရောင်းသောဆိုင်မှ တရုတ်အကျႌ တထည်လျှင် ခြောက်မူး၊ တရုတ် ဘောင်းဘီတထည်လျှင် ငါးမူးပေး၍ နှစ်စုံဝယ်ကာ ဦးကျော်ခင်သည် ၁၉ လမ်း နေအိမ်သို့ ပြန်ခဲ့သည်။

ဤတရုတ်အကျႌနှင့် တရုတ်ဘောင်းဘီတို့မှာ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့အား တရုတ် အမျိုးသားအသွင်သို့ ရုပ်ပြောင်းစေရန်အတွက် ဖြစ်သည်။

ဦးကျော်ခင်သည် နာရီတကြည့်ကြည့်ဖြင့် အချိန်ကိုစောင့်နေသည်။ ညနေမိုးချုပ်သွားလေပြီ။ ပြုလုပ်ရမည့်အလုပ်မှာ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့အား တရုတ်အမျိုးသား သင်္ဘောသားများကဲ့သို့ ဝတ်ဆင်ပြီး စဉ့်အိုးတန်း၊ အမှတ် ၁ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ဟိုင်လီ ကုန်တင်သင်္ဘောပေါ်သို့ ၁၉၄၀ ပြည့်နှစ်၊ ဩဂုတ်လ ၇ ရက်နေ့၊ ည ၁၀ နာရီအချိန်တွင် အရောက်တင်ပို့ရန် ဖြစ်လေသည်။

ညဉ့် ၉ နာရီ ကျော်လေပြီ။

၁၉ လမ်း ဦးကျော်ခင် နေအိမ်တွင် သခင်အောင်ဆန်းသည် တရုတ်အကျႌ၊ တရုတ်ဘောင်းဘီ တို့ကို ဝတ်ဆင်ပြီး “တန်လူရှောင်” တရုတ်ကြီး ဖြစ်သွားသည်။

သခင်လှမြိုင်ကလည်း တရုတ်အကျႌ၊ တရုတ် ဘောင်းဘီတို့ကို ဝတ်၍ “တန်ဆူတောင်” အမည်ခံ တရုတ်ပေါက်ဖော်ကြီးအဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။

တခုမကျန် အားလုံးပြုဖွယ်ကိစ္စများကို စီစဉ်ပြုလုပ်ပြီး အဆင်သင့်ဖြစ်သောအခါ တရုတ် “တန်လူရှောင်” အမည်ခံ သခင်အောင်ဆန်း၊ တရုတ် “တန်ဆူတောင်”အမည်ခံ သခင်လှမြိုင်၊ သခင်လှဖေ (ဗိုလ်လကျာ်)၊ ကျုံမငေး သခင်ထိန်ဝင်း၊ တရုတ်ကလပ်သူဌေး တန်ကျူးစိန်၊ ဦးကျော်ခင်တို့ လူစုသည် ၁၉ လမ်း အောက်လမ်းဘက်သို့ ခြေလှမ်းမှန်မှန်နှင့် လျှောက်လာကြသည်။

ရန်ကုန် တရုတ်တန်း၏ညမှာ သက်ဝင်လှုပ်ရှားလျက်ရှိသည်။

လူသွားလမ်း ပလက်ဖောင်းပေါ်ဝယ် ဖွင့်ထားသော စားသောက်ဆိုင်နှင့် ဈေးဆိုင်များတွင် လူစည် ကားလျက်ရှိသည်။

တမျှော်တခေါ် တွေ့နေရသော ညဈေးတန်း၏ မီးရောင်မှာ ထိန်ထိန်လင်းလျက်ရှိပေသည်။ တရုတ်တန်း လမ်းကျဉ်းများဆီမှ မာကျောက် (တရုတ်ဖဲ) ရိုက်သံကား ဆူဆူညံလျက်ရှိသည်။

ကြိတ်ကြိတ်တိုး စည်ကားနေသော တရုတ်တန်း လူအုပ်ကြီးအတွင်းမှ တရုတ်ပြည် အမွိုင်မြို့သို့ လျှို့ဝှက်ခရီးထွက်မည့် သခင်အောင်ဆန်းတို့ လူသိုက်ကို အဘယ်သူသည် သိမည်နည်း။

၁၉ လမ်း အောက်လမ်းနှင့် ဒါလဟိုဇီလမ်းထိပ်တွင် လွယ်အိတ်ကိုယ်စီ လွယ်ထားပြီး လွယ်အိတ်အတွင်းဝယ် လက်နှိုက်ထားသော လူနှစ်ယောက် ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုမသင်္ကာဖွယ် လူနှစ်ယောက်က တရုတ်အကျႌ၊ ဘောင်းဘီများ ဝတ်ဆင်ထားသော သခင်အောင်ဆန်းအား စူးစူးစိုက်စိုက်ကြည့်နေသည်။ သခင်အောင်ဆန်းက တချက်မျက်လုံးဝေ့၍ ကြည့်လိုက်ပြီး ဣန္ဒြေလည်းမပျက်၊ ဂရုလည်းမပြုဘဲ ဤသူနှစ်ယောက်ရှေ့ကပင် ခြေလှမ်းမှန်မှန်ဖြင့် ဆက်လျှောက်သွား၏။ ဤသူနှစ်ယောက်မှာ သခင်အောင်ဆန်းတို့ လူစုနောက်တွင် ကျန်ရစ်ခဲ့လေပြီ။

သခင်အောင်ဆန်းတို့ လူစုသည် ၁၉ လမ်း အောက်လမ်းမှ ဖြည်းဖြည်းနှင့်မှန်မှန် လျှောက်လာကြရာ ကမ်းနားလမ်းထိပ်သို့ ရောက်လာသည်။

သခင်အောင်ဆန်းတို့ လူစုမှ ဦးကျော်ခင်သည် အမှတ်မထင် ၁၉ လမ်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။ စောစောက သူတို့အား စူးစူးစိုက်စိုက် မသင်္ကာဟန်ဖြင့် ကြည့်လိုက်သော လူနှစ်ယောက်ကား အရိပ်အယောင်မျှ မတွေ့ရပေ။

ထိုအခါမှ ကမ်းနားလမ်း ညာဘက်သို့ ချိုးကွေ့ကာ စဉ့်အိုးတန်း အမှတ် ၁ နိုင်ငံခြား သင်္ဘောကူးဆိပ်ကမ်းသို့ ဆက်၍သွားကြလေသည်။

ဆိပ်ကမ်းသို့ရောက်ချိန်ဝယ် ညဉ့် ၁၀ နာရီ မထိုးသေးပေ။ ၁၅ မိနစ်ခန့် လိုသေးသည်။ ဟိုင်လီသင်္ဘောမှ တရုတ်သင်္ဘောသား ၈ ဦးက အသင့်စောင့်ဆိုင်းနေကြသည်။

တရုတ်အမျိုးသားများကဲ့သို့ ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားသော သခင်အောင်ဆန်း၊ သခင်လှမြိုင်တို့ နှစ်ယောက်နှင့်ဆိုလျှင် စုစုပေါင်း ၁၀ ယောက်ဖြစ်သွား၏။

စစ်ကြိုခေတ်က သင်္ဘောဆိပ်ကမ်း၊ မီးရထား ဘူတာရုံ စသော လူရှုပ်သည့်နေရာမျိုးသည် သူခိုး၊ ကြမ်းပိုး၊ အလစ်သုတ်၊ ခါးပိုက်နှိုက်များ၏ စားကျက်ဖြစ်သည်။

ထို့အတူ ပုလိပ်၊ လူဆိုးထိန်းနှင့် စုံထောက်များ ခြေရှုပ်ရာအရပ်လည်း ဖြစ်၏။ ယင်းအတွက်ကြောင့် ဤသို့ လူရှုပ်ရာအရပ်တွင် စကားပြောလျှင် သတိထားပြီး ပြောရ၏။

သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် လိုက်လံပို့ဆောင်သူ ရဲဘော်ရဲဘက်များကို တဦးမကျန် လက်ဆွဲနှုတ်ဆက်လိုက်သည်။ နှုတ်မှ တခွန်းတပါဒမျှ ဖွင့်ဟပြီးမပြောပေ။ ထို့နောက်တွင် ဟိုင်လီ တရုတ် သင်္ဘောသား ၈ ဦးနှင့်အတူ သမ္ဗန် နှစ်စင်းပေါ်သို့ တက်လိုက်သွားလေသည်။

သမ္ဗန်တစီးလျှင် လူ ၅ ယောက်စီ တင်ဆောင်ထားသော သမ္ဗန်ကလေးနှစ်စင်းသည် ရန်ကုန်မြစ်တွင်းဝယ် တကျွိကျွိမြည်လျက် လှော်ခတ်နေသည်။

သမ္ဗန်ကလေးနှစ်စင်းသည် ဟိုင်လီသင်္ဘောရှိရာ ဘက်သို့ ဦးတည်ပြီး လှော်ခတ်သွားသည်မှာ မီးရောင်တလက်လက်အောက်တွင် အထင်းသား မြင်တွေ့နေရလေသည်။

များမကြာလှသော အချိန်ပိုင်းအတွင်းမှာပင် ဖြစ်သည်။ တရုတ်အမျိုးသား အသွင်သဏ္ဌာန် ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ လိုက်ပါသွားသော သမ္ဗန်နှစ်စင်းသည် ဟိုင်လီသင်္ဘောနံဘေးတွင် ဆိုက်ကပ်လိုက်သည်။

သမ္ဗန်ပေါ်မှ သင်္ဘောသားများသည် သင်္ဘောပေါ်သို့ ကြိုးလှေကားမှ တက်ရောက်သွားကြသည်။

ဟိုင်လီသင်္ဘောပေါ်တွင် မီးများထိန်လင်းလျက် ရှိသည်။ လှေကားထိပ်နားအရောက်တွင် သင်္ဘောသားဆယ်ဦးသည် ညီညီညာညာတန်းစီ၍ နေကြလေသည်။

ဟိုင်လီသင်္ဘောတွင် တာဝန်ကျသူ အကြီးအကဲက တဦးချင်းကို “တရုတ်အမည်” များကို ခေါ်ယူလိုက်သည်။ ထိုသို့ခေါ်လေတိုင်း တရုတ်သင်္ဘောသားများသည် တယောက်ချင်းထွက်ကာ ဆလံပေး ဦးခေါင်းညွတ်ကာ အလေးပြုပြီး မိမိတို့နေရာသို့ ပြန်သွားကြသည်။

ယင်းကဲ့သို့ တရုတ်သင်္ဘောသားများကို တန်းစီပြီး လူစစ်ဆေးနေသည်ကို မျက်ခြည်မပြတ် ကြည့်ရှု အကဲဖြတ်နေကြသူများမှာ သင်္ဘောအပေါ်ထပ်မှ ဗြိတိသျှနယ်ချဲ့ အမှုတော်ထမ်း ဂေါ်ရာပုလိပ်နှင့် စုံထောက်များဖြစ်လေသည်။

တရုတ်သင်္ဘောသားများအား စစ်ဆေးရာ ၁၀ ဦးပြည့်သွားလေပြီ။ သင်္ဘောသားများ တန်းဖြုတ်ကာ မိမိတို့အခန်းသို့ တန်းစီပြီး ဝင်သွားကြလေ၏။

ခလုတ်မထိ၊ ဆူးမငြိဘဲ တရုတ်သင်္ဘောသားအားလုံး မိမိတို့အခန်းများအတွင်းသို့ ရောက်သွားလေမှ စိတ်အေးရလေတော့ပြီ။

အင်္ဂလိပ်နယ်ချဲ့တို့၏ စုံထောက်ပုလိပ်အစောင့်အကြပ် အထပ်ထပ်ကြားမှ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် “တန်လူရှောင်နှင့် တန်ဆူတောင်” တရုတ်အမည်တို့ဖြင့် ဟိုင်လီသင်္ဘော၏အတွင်းခန်း များသို့ ရောက်ရှိသွားကြသည်။

တရုတ်ပြည် အမွိုင်မြို့သို့ လျှို့ဝှက်ထွက်ခွာနိုင်ရန် စီစဉ်ပေးသော သခင်လှဖေ (ဗိုလ်လကျာ်)၊ ဦးကျော်ခင်၊ တန်ကျူးစိန်တို့သည် စဉ့်အိုးတန်းဆိပ်ကမ်းမှ ပြန်လာကြသည့်တိုင်အောင် စိတ်တုံးတုံး မချကြသေးပေ။

ဟိုင်လီသင်္ဘောကြီးသည် ရန်ကုန်မြစ်တွင်းမှ မထွက်ခွာသေး၍ “တခုခုဖြစ်မည်ဆိုလျှင် ဖြစ်နိုင်စရာ အကြောင်းရှိသေးသဖြင့်” ရင်တမမနှင့် ဖြစ်နေကြရသေးသည်။

ဦးကျော်ခင်သည် သခင်အောင်ဆန်း၊ သခင်လှမြိုင်တို့နှင့် ပတ်သက်၍ မည်သို့သော သတင်းဆိုးများ ကြားရမည်နည်းဟု အစဉ်နားစွင့်နေသည်။

ရန်ကုန်ဆိပ်ကမ်း အခြေအနေ အရပ်ရပ်ကို အမြဲမပြတ် ထောက်လှမ်းလေ့လာမှုပြုနေရသည်။ ရန်ကုန်မြို့တွင်းဝယ် စုံထောက်များ အသွားအလာ သတင်းအပို့အယူများကို သတိထားကာ ယူနေရလေ၏။

နောက်တနေ့ဖြစ်သော ၁၉၄၀ ပြည့်နှစ်၊ ဩဂုတ် လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သခင်လှဖေ (ဗိုလ်လကျာ်) နှင့် ၁၉ လမ်း ဦးကျော်ခင်တို့သည် စဉ့်အိုးတန်းဆိပ်ကမ်းသို့ သွားရောက်ကာ ဟိုင်လီ သင်္ဘောကြီးကို ကြည့်ရှုသည်။

အမှတ်မထင် မမျှော်လင့်ဘဲ ဟိုင်လီသင်္ဘောကြီး သည် မီးခိုးတလူလူနှင့် ထွက်စပြုနေသည်ကို တွေ့လိုက်ရသည်။ ဤတွင်မှ သခင်လှဖေနှင့် ဦးကျော်ခင်တို့သည် စိတ်နှလုံး ဒုံးဒုံးချနိုင်တော့ပြီ။

များမကြာလှသော အချိန်အတောအတွင်းမှာပင် အရှိန်ရလာသည့် ဟိုင်လီသင်္ဘောကြီး၏ ဦးပိုင်းသည် ရေပြင်ကို အရှိန်ပြင်းစွာဖြင့် ထိုးခွဲလျက် ထွက်ခွာသွားနေသည်။

သင်္ဘော၏ဦးပိုင်း လက်ဝဲလက်ယာတို့မှ ပေါ်ထွက်လာသော လှိုင်းဂယက်တို့ကြောင့် သမ္ဗန်ငယ်လေးများ ရန်ကုန်မြစ်အတွင်းဝယ် လူးလွန့်လှုပ်ရှား နေလေသည်။

မြန်မာ့သမိုင်းစဉ်ကို ဇွတ်အတင်းပြောင်းမည့် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ စီးနင်းလိုက်ပါသွားသည့် ဟိုင်လီသင်္ဘောကြီးကို ဆက်လက် ကြည့်ချင်သေးသည်။ ထို့ကြောင့် သခင်လှဖေ (ဗိုလ်လကျာ်) နှင့် ဦးကျော်ခင်တို့သည် အဆင်သင့်ပါလာသော ကားဖြင့် စဉ့်အိုးတန်းဆိပ်ကမ်းမှ ပန်းဆိုးတန်းဆိပ်ကမ်းသို့ အမြန်မောင်းကာ ဟိုင်လီသင်္ဘောကြီးကို တဖန်ကြည့်ရှုကြပြန်သေးသည်။

ဟိုင်လီသင်္ဘောကြီးသည် သူတို့နှစ်ဦးကို နှုတ်ဆက်နေဘိသကဲ့သို့ ခေါင်းတိုင်မှ မီးခိုးတလူလူဖြင့် စဉ့်အိုးတန်းဘက်မှ တရွေ့ရွေ့လာလျက် သူတို့ မျက်စိရှေ့မှ တဖြည်းဖြည်း ဖြတ်သန်းသွားလေတော့သည်။

ထိုအချိန်ဝယ် သခင်လှဖေ (ဗိုလ်လကျာ်) နှင့် ဦးကျော်ခင်တို့၏ ရင်တွင်းဝယ် ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်းခံစားမှုကို တပြိုင်တည်း ခံစားလိုက်ရသည်။

သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့အား ချစ်သောစိတ်၊ ရဲဘော်ရဲဘက်ချင်း ခင်မင်သောစိတ်၊ နိုင်ငံရေးသမားချင်း ရင်းနှီးသော စိတ်တို့ကြောင့် သူတို့နှစ်ဦးစလုံးသည် မျက်ရည်များပင်ဝိုင်းလျက်ရှိ သည်။

ဟိုင်လီသင်္ဘောကြီးသည် တရွေ့ရွေ့ဖြင့် ထွက် ခွာသွားသည်မှာ ရန်ကုန်မြစ်ဝသို့ပင် ရောက်ရှိသွား လေပြီ။ သင်္ဘောကြီးကို မျက်စိတဆုံး ကြည့်ရှုနေပြီးမှ မိမိတို့နေအိမ်သို့ ပြန်သွားကြလေသည်။

သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် မြန်မာ့မြေပေါ်မှ ကိုယ်ရောင်ဖျောက်သွားလေပြီ။

ဝရမ်းမှာလည်း စက္ကူပေါ်တွင်သာ ကျန်ရစ်ခဲ့ လေပြီ။ ဝရမ်းကိုင် ပုလိပ်များမှာလည်း လင်ပစ်သော မယားကဲ့သို့ မရှာတတ်၊ မလိုက်တတ် ဖြစ်ခဲ့ချေပြီ။

စုံထောက်တို့၏ မျက်စိအောက်မှ ပျောက်သွား သည့်အတွက် စုံထောက်များ ခေါင်းကျိန်းကြလေပြီ။ ပုလိပ်တို့လည်း ဗျာများကာ ခေါင်းချင်းရိုက်နေကြ သည်။

“သခင်အောင်ဆန်းသည် အဘယ်အရပ်တွင် ရှိလေသနည်း”

“အဘယ်ကြောင့် သခင်အောင်ဆန်းကို မဖမ်း မိသနည်း”

“သခင်အောင်ဆန်း မြန်မာပြည်တွင် ရှိပါသေးသလား”

ဤအချက်များကို ဗြိတိသျှနယ်ချဲ့ ပုလိပ်နှင့် စုံထောက်ကြီးများ အဖြေမပေးနိုင်လောက်အောင် သခင်အောင်ဆန်း၏ လျှို့ဝှက်ခရီးက ပိရိသေချာလှ ပေသည်။

(ကွယ်လွန်သူ စာရေးဆရာ သုတေသီမြင့်ထွန်း ရေးသားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အမွိုင်သို့လျှို့ဝှက်ခရီး စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Loading