ဆောင်းပါး

မြန်မာမော်ဒန်စာပေ ကောင်းကင်ပေါ်က ကြယ်တစင်း

This article has been converted from Zawgyi One to Unicode

မြန်မာမော်ဒန်စာပေကို ဦးဆောင်ခဲ့တဲ့ စာရေးဆရာ (ဆရာ)ဇော်ဇော်အောင် အသက် ၇၉နှစ် အရွယ် မှာ ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်က နေအိမ်မှာ ဇန်နဝါရီ ၂၆ရက် ည(၉း၀၀)နာရီ က ကွယ်လွန်သွားပါတယ်။ ဆရာရဲ့ ရဲ ဘော်ရဲဘက်တွေ မိတ်ဆွေတွေ တပည့်သားမြေးတွေက ဆရာဇော်ဇော်အောင် ကွယ်လွန်တဲ့အပေါ် ဝမ်းနည်းကြောင်း လူမှု ကွန်ရက်စာမျက်နှာမှာ ရေးသားကြတယ်။ ရပ်ဝေးမှာရောက်နေတဲ့ ဆရာဇော်ဇော်အောင်ရဲ့ တပည့်တပန်းတွေ မီရာကားနဲ့ ညတွင်းချင်း ရန်ကုန် ဆင်းကြတယ်။

ဆရာဇော်ဇော်အောင်ကို မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ ဦးဘသက်နှင့် ဒေါ်တုတို့က ၁၉၃၇ မေ ၁၈ ရက်နေ့မှာ မွေးဖွား ခဲ့တယ်။ စာရေးဆရာ မောင်မိုးသူထက် တရက် ငယ်တယ်။ မောင်မိုးသူနဲ့ ဇော်ဇော်အောင်၊ မောင်စွမ်းရည်၊ တက္ကသိုလ် မောင်စောလွင်၊ ကိုလေး(အင်းဝဂုဏ်ရည်) တို့က မန္တလေး တက္ကသိုလ်ကို အတူတက်ခဲ့ကြတဲ့ ရဲဘော်ရဲဘက် ရေးဖော် ရေး
ဖက် ငယ်ပေါင်းကြီးဖော်တွေ ဖြစ်ကြတယ်။ ဆရာတင်မိုးနဲ့ ဂုဏ်ထူး ဦးသိန်းနိုင်တို့က မြန်မာစာဂုဏ်ထူးအသီးသီးနဲ့ နောက် နှစ်မှ မန္တလေးတက္ကသိုလ်ကို ရောက်လာကြတာဖြစ်တယ်။

ဆရာမောင်စွမ်းရည်၊ ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင်၊ လေးမောင်၊ ဝင်းကြွယ် ၊ ညွန့်အောင်တို့အား လုံး ၁၉၃၇ ခုနှစ်မှာ မွေးဖွားခဲ့ကြသူတွေဖြစ်တယ်။

စာပေအယူအဆ နိုင်ငံရေးအတွေးအခေါ်တွေနဲ့ ပတ်သက်လို့ ဆရာဇော်ဇော်အောင်နဲ့ သဘောထား မတိုက်ဆိုင်ကြသူတွေ ရှိတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက ထုတ်ခဲ့တဲ့ မဂ္ဂဇင်းတွေမှာ အယူဝါဒရေးရာ တိုက်ပွဲတွေ ပြင်းထန်တဲ့နှစ်တွေဖြစ်ခဲ့ တယ်။ ဆရာဇော်ဇော်အောင်ရဲ့သူငယ်ချင်း မောင်စွမ်းရည်က မိုးမခ မဂ္ဂဇင်းထဲမှာ သူတို့ချင်းရင်းနှီးမှုကို အခုလို ရေးခဲ့ တယ်။

“လူငယ်များက ကျနော်ရယ် မောင်မိုးသူရယ် ဇော်ဇော်အောင်ရယ် လည်ပင်းဖက် နေခဲ့ကြပြီး ကုတင်တလုံးမှာ လူသုံး ယောက်အိပ်ခဲ့ဖူးတာ မသိနိုင်ကြဘူး။ ဇော်ဇော်အောင်နဲ့ မောင်စွမ်းရည်ဟာ မောင်မိုးသူရဲ့အိမ်မှာ အမျိုးသမီး အသီးသီးနဲ့ ချိန်းချက် စကားပြောပြီး အိမ်ထောင်ကျသွားတာပါ။ ဒီလောက်ထိ ရင်းနှီးခဲ့ကြတာပါ။ ဇော်ဇော်အောင်က မြင်းခြံမြို့နယ်က ကျေးရွာလေးကို ရောက်အောင် ကျနော်နဲ့ လိုက်လည်ဖူးပါတယ်”

ပြည်တွင်း လက်ကျန် ကဗျာတပ်မှူးကြီး (ပြည်ပရောက် ကဗျာ တပ်မှူးကြီးက ဆရာမောင်စွမ်းရည်ဖြစ်တယ်)။ ဆရာကို လေး(အင်းဝဂုဏ်ရည်) က ငယ်ဘဝမှာကတည်းက ခင်ခဲ့တဲ့ ဆရာဇော်ဇော်အောင့်အကြောင်း ခုလို ရင်ဖွင့်ဖူးတယ်။ “သူနဲ့ငါ ဘယ်လို ပေါင်းဖြစ်သလဲဆိုတော့ သူ့အဖေ (ဆရာဇော်ဇော်အောင့် အဖေ)က ဘကြီးသက်၊ သူ့အမေက ဒေါ်တုတဲ့။ ငါတို့က ကြီးတုလို့ ခေါ်တယ်။ ဦးဘသက်က တံတားဦး မြို့အုပ်ကြီးဖြစ်ခဲ့ဖူးတယ်။ ငါ့မိဘများနဲ့လည်း မိဘချင်း ရင်းနှီးကြတယ်။ ငါနဲ့ ဇော်ဇော်အောင် နှစ်ယောက်ပေါင်းပြီး အမြုတေဆိုတဲ့ မဂ္ဂဇင်းလေး ထုတ်ခဲ့ဖူးတယ်။ ၁၉၅၅ခုနှစ်လောက် ဖြစ်မှာပေါ့”

ဆရာဇော်ဇော်အောင်က စာပေသဘောတရားနှင့် ဝေဖန်ရေးကျမ်း၊ မရမ်းကုန်းစစ်တမ်း၊ ကျိုက်ဝိုင်းစစ်တမ်း၊ ပို့စ်မော်ဒန် သီအိုရီများ စတဲ့ စာပေသဘောတရားရေးရာကျမ်းတွေကို ရေးသားခဲ့သူဖြစ်တယ်။ စာပေသဘောတရားကို စိတ်ဝင်စားတဲ့ စာရေးဆရာ/ဆရာမတွေကြားမှာ ဝေဖန်ဆွေးနွေးစရာဖြစ်ခဲ့တယ်။ ဆရာ့ရဲ့ကျိုက်ဝိုင်းစစ်တမ်းမှာ သရုပ်မှန်၊ မော်ဒန်နဲ့ ပို့စ် မော်ဒန်တွေကို အခုလိုခွဲခြား ပြခဲ့တယ်။

“သရုပ်မှန်သမားများက တူအောင်ရေးကြသည်။ မော်ဒန်သမားများက တူအောင်မရေးကြ။ ပို့စ်မော်ဒန်များက တူအောင်၊ မတူအောင် ရောထွေးရေးကြသည်။ ဘာကြောင့် ရောထွေးရေးကြသလဲ။ အဖြေက ရိုးရိုးလေးပါ။ သူတို့အဖို့ လောကသည် ရောထွေးနေသည်ဟု ယူဆသောကြောင့် သူတို့ဝတ္ထုတွေမှာ ရောထွေးရေးကြပါသည်။ ရောထွေးရေးသောကြောင့် ဖတ်သူ တွင် ဖြစ်ပေါ်သော အကျိုးဆက်မှာ ဘယ်ဟာ အမှန်လဲ။ ဘယ်ဟာ အမှားလဲ။ ဘယ်ဟာ အစစ်လဲ။ ဘယ်ဟာ အတုလဲ။ ဝေခွဲမရခြင်းပင်ဖြစ်ပါသည်။”

ရှုမဝမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ဆရာဇော်ဇော်အောင်ကို “ဇော်၊ မော်၊ ဖော်၊ သင်း” အုပ်စုဝင်အဖြစ် တချို့က တံဆိပ်ကပ်ကြ တယ်။ အထက်မြန်မာနိုင်ငံက စာရေးဆရာတွေနဲ့ အစေးမကပ်လှတဲ့ ကာလတွေလည်းဖြစ်တယ်။ နောက်ပိုင်း ကာလ တွေမှာတော့ ကျောချင်းကပ် ရင်ချင်းအပ်ပြီး ဘုံရန်သူကိုသာ ချေမှုန်းကြဖို့ဖြစ်လာပြီး အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြတယ်။ (ဇော်ဇော်အောင်၊ မင်းမော်၊ မောင်စံဖော်၊ အောင်သင်း တက္ကသိုလ် မြန်မာစာဌာန ဆရာများ)။ ပညာတတ် ကြိမ် လုံး တအုန်းအုန်း ရိုက်သူတွေဟု ဆိုကြသူတွေလည်း ရှိတယ်။ ဘယ်လိုပင်ဖြစ်စေ ဆရာက သူယုံကြည်တာကို ကွယ်လွန် သည်အထိ ဆုပ်ကိုင်သွားသူဖြစ်တယ်။ ကျုတာနည်းပြ ဘဝကစပြီး ၁၉၈၈ ခုနှစ်အထိ တက္ကသိုလ်ဆရာအဖြစ် စီးပွားရေး တက္ကသိုလ်၊ ရွှေဘို ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့မှာ သင်ကြားပို့ချခဲ့တယ်။ ၈၈ အရေးတော်ပုံအပြီးမှာ အမိန့်မနာ ခံမှုနဲ့အလုပ်ဖြုတ်ခံခဲ့ရတယ်။

ဆရာဇော်ဇော်အောင်ရဲ့တက္ကသိုလ် တပည့်ဖြစ်ခဲ့တဲ့ ဦးမျိုးဝင်း(မဟာနန္ဒာ)က ဆရာ တပည့်ဆက်ဆံရေးကို အခု လို အမှတ်တရပြောပြတယ်။

“၁၉၆၉ ခုနှစ်မှာ ကျနော်စီးပွားရေး တက္ကသိုလ်တက်တော့ ဆရာက မြန်မာစာကျူတာ ဖြစ်နေပြီ။ စာသင်ချိန်ဝင်ရင် ဘယ် လောက်ထိ စည်းကမ်းရှိသလဲဆို ကော်ရစ်ဒါမှာနေရင်း နာရီကို တကြည့်ကြည့် လုပ်နေတာ။ အတန်းဝင်ခါနီး တမိနစ် လောက် အလိုရောက်မှ စီးကရက်ကို မီးညှိတယ်။ အချိန်ရောက်လို့ အတန်းဝင်တော့မယ်ဆိုတော့ မီးတို့ကာစ စီးကရက် အရှည်ကြီးကို စာသင်ခန်းအပေါက်ဝမှာတင် ထိုးချေပစ်တာ။ သဘောကတော့ အချိန်တိကျ စည်းကမ်းလိုက်နာတယ်ပေါ့။ ဆရာက တကယ်တော့ တောသား။ ဖက်ကြမ်း(သနပ်ဖတ်)ဆေးလိပ်ကိုပဲ သောက်နေကြ။ စည်းကမ်းလိုက်နာတယ် အချိန် လေးစားတယ်ဆိုတာ ပြချင်လို့ စီးကရက်ကို အတန်းဝင်ခါနီးမှ တမင်မီးညှိတာ”

ဆရာဇော်ဇော်အောင်က မောင်ဇော်အမည်နဲ့ စာတမ်းတွေလည်းရေးခဲ့တယ်။ ၁၉၆၄ ခုနှစ် ပုဂံစာအုပ်တိုက်ကထုတ်တဲ့ ကံ့ကော်မြိုင်စာတမ်းမှာ မနက်စောစောနဲ့ သိင်္ဂါရ ရသစာတမ်းတွေ ရေးသားခဲ့တယ်။ ဆရာဇော်ဇော်အောင်ကို စုံထောက် ဝတ္ထု ဘက်ဆဲလားရေးသူအဖြစ် လူသိများတယ်။ ဆရာဇော်ဇော်အောင့် မိတ်ဆွေကြီး ဘကြီးမိုး (မောင်မိုးသူ)က “ဇော်မြင့် (ဇော်ဇော်အောင်)က စပိုင်ဝတ္ထုတွေ ရေးတော့ ဘက်ဆဲလားပေါ့။ အရမ်းရောင်းရတယ်။ ၁၉၉၅ခုနှစ်လောက်မှာ သရဖူ မဂ္ဂဇင်းက စပြီးမော်ဒန်၊ ပို့စ်မော်ဒန်တွေကို သူဦးဆောင်ပြီး တင်သွင်းလာတယ်။ ငြိမ်းအေးအိမ်၊ သိမ်းတင်သား၊ တာရာမင်း ဝေ၊ မင်းခိုက်စိုးစံတို့က သူ့တပည့်ကျော်တွေပေါ့။ ဟိုတလောကပဲ ရန်ကုန်မြို့HOME media မှာ စွယ်စုံအနုပညာရှင် ဦးဝင်း ဖေ၊ ဂုဏ်ထူးဦးသိန်းနိုင်၊ မောင်စွမ်းရည်၊ ဒေါ်ခင်ဆွေဦး၊ မောင်မိုးသူ၊ ဇော်ဇော်အောင် စုစုပေါင်း ခြောက်ယောက် တွေ့စုံခဲ့ ကြတယ်။ အဲဒီတွေ့ဆုံမှုကို မန္တလေး တက္ကသိုလ် နှင်းဆီကုန်းများလို့ ဆရာဦးဝင်းဖေက အမည်ပေးတယ်။ (အသက်၈၀ ဝန်း ကျင်တွေ တွေ့ကြတာမို့ နှင်းဆီကုန်းဘိုးဘွားရိပ်သာကို ဂုဏ်ပြုမှည့်ခေါ်ခဲ့တာပါ။)

နောက်ပိုင်းကာလတွေမှာ ရွာကလူတွေသိဖို့ ဒီမိုကရေစီအကြောင်းဆိုပြီး ပွင့်ပွင့်လင်းလင်း စီးရီးလိုက်ရေးသားခဲ့တယ်။ သူ့ စာအုပ်(ငါ့ရှိတာ ဒါအကုန်ပဲ စာအုပ်)ထဲမှာ “ဒီမိုကရေစီစနစ်ကို တည်ဆောက်နေပြီ။ အခုလက်ရှိနိုင်ငံရဲ့ ပြည်သူလူထု အခြေအနေကို တွက်ဆကြည့်ရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နေပြီလား။ အဆင်ပြေနေပြီလား အရပ် သားနားလည်တဲ့ စကားနဲ့ပြောရရင် အိုကေနေပြီလား။ ဒီမေးခွန်းရဲ့ အဖြေက တခွန်းတည်းပဲ။ ရှင်းရှင်းကလေး နိုး(NO)။ မအောင်မြင်သေးပါဘူး။”

ဆရာဇော်ဇော်အောင်ကတော့ သူယုံကြည်ရာကို ဆုပ်ကိုင်ရင်း မရဏခရီးကို ထွက်ခွာသွားခဲ့ပါပြီ။ မော်ဒန်စာပေ ကောင်း ကင်ပေါ်က ကြယ်တစင်း အလင်းဆုံးအားနဲ့ အလင်းပြခဲ့ပြီးပြီ။ ဆရာ့စာပေနဲ့ ဆရာ့ကြိုးစားမှုတွေအတွက် ကျနော်တို့ ဦးညွှတ်လိုက်ပါတယ်။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)

Loading