(NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်မယ်လို့ သတင်းထွက်ပေါ်နေတဲ့ ဦးတီခွန်မြတ်နဲ့ ပတ်သက်လို့ ဧရာဝတီသတင်းဌာနက ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။)
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ လူဝတ်လဲပြီး ဦးဆောင်နေတဲ့ လွှတ်တော်ကြီးထဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်း တောင်တန်း တွေပေါ်က ဘိန်းရာဇာတွေလို့ နာမည်ကြီးနေတဲ့ လွှတ်တော်အမတ် ၂ ဦး ပါဝင်နေတဲ့ အကြောင်း ဒေသခံ တိုင်းရင်းသား တွေနဲ့ ဒေသတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကို စောင့်ကြည့်သူတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။
သူတို့ နှစ်ဦးကတော့ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးတီခွန်မြတ်နဲ့ ပြည်နယ်လွှတ်တော်အမတ် ပန်းဆေး ဦးကျော်မြင့် (ခေါ်) လီယောင်ကျန်း တို့ဖြစ်ကြပြီး သူတို့ဟာ အစိုးရ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်တွေလည်း ဖြစ်ကြတယ်၊ ရှမ်းပြည် မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးထုတ်လုပ် သူတွေလို့လည်း သူတို့ကို လူသိများကြပါတယ်။
ဦးတီခွန်မြတ်က ကွတ်ခိုင်မြို့နယ် အခြေစိုက် “အထူးပြည်သူ့စစ်အဖွဲ့” ခေါင်းဆောင် တဦးဖြစ်ပြီး ဦးကျော်မြင့်ကတော့ နမ့်ခမ်း မြို့နယ်အခြေစိုက် “ပန်းဆေး ပြည်သူ့စစ် အဖွဲ့” ခေါင်းဆောင်ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကနေ ဝင်ရောက် အရွေးချယ် ခံခဲ့သူတွေလည်း ဖြစ်ပါတယ်။
သူတို့ ထိန်းချုပ်ခွင့် ရထားတဲ့ နယ်မြေအတွင်းက တောင်တန်းတွေပေါ်မှာ ကိုယ်တိုင် ဘိန်းစိုက်ပျိုး ထုတ်လုပ် ဖြန့်ဖြူးမှု၊ အခွန်အခ ကောက်ယူပြီး ဘိန်းစိုက်ပျိုးခွင့် ပြုမှု၊ ဘိန်းဖြူ၊ ဘိန်းမဲ အပါအဝင် တခြား မူးယစ်ဆေးဝါး တွေကို လက်သိပ်ထိုး ရောင်းချခွင့် ပြုမှု တွေမှာ အဓိက ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ အတွက် ခေတ်သစ် ဘိန်းရာဇာတွေလို့ ဒေသခံ တချို့က အမည်တပ် ခေါ်ဆိုကြတာပါ။
ဒါ့အပြင် ဒေသတွင်း မြေပေါ်မြေအောက် သယံဇာတတွေကို ထုတ်ယူရောင်းချမှုနဲ့ ချမ်းသာ ကြွယ်ဝသူတွေ အဖြစ်လည်း သတင်းမွှေးနေသူတွေ ဖြစ်ပါတယ်။
သူတို့ ၂ ဦး ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာတွေဟာ ပေပေါင်းထောင်ချီမြင့်တဲ့ တောင်တန်းတွေနဲ့ ပြည့်နှက် နေပြီး အဲဒီ တောင်တန်းတွေပေါ်မှာ ရှမ်း၊ တအာင်း ခေါ် ပလောင်နဲ့ ကချင်လူမျိုးတွေ အများစု နေထိုင်ကြပြီး တရုတ်လူမျိုးတွေနဲ့ လူမျိုးစု တိုင်းရင်းသား တချို့ နေထိုင်ကြပါတယ်။
သူတို့ဟာ ဒီတောင်တန်း တွေကိုပဲ အမှီသဟဲပြု နေထိုင်ကြပြီး ပုံမှန်လုပ်ငန်းအဖြစ် လက်ဖက်လုပ်ငန်းကို အားပြု လုပ်ကိုင် ကြသူတွေ ဖြစ်တဲ့အပြင် စပါး၊ ပြောင်းဖူးနဲ့ ရာသီပေါ်သီးနှံ တချို့ စိုက်ပျိုးပြီး အသက်မွေး ဝမ်းကျောင်းကြသူတွေ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ တောင်ယာစိုက်ခင်းတွေနဲ့ ခပ်လှမ်းလှမ်းမှာပဲ ဘိန်းစိုက်ခင်းတွေက တောင်တန်းတွေ တလျှောက် ရှုမျှော်မဆုံး ရှိနေပြီး ဘိန်းစိုက်ရာသီမှာ စိုက်ထားတဲ့ အဲဒီ ဘိန်းခင်းတွေက အခုအချိန်မှာတော့ ရိုးပြတ်တွေပဲ ကျန်ပါတော့တယ်၊ ဘိန်း စိုက်ပျိုးမှုကို မလိုလားတဲ့ ဒေသခံ ရပ်မိရပ်ဖတွေက ဘိန်းခင်ဟောင်းတွေနဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေရဲ့ သတ္ထုတွင်း လုပ်ငန်းခွင် တွေကို လိုက်လံညွှန်ပြကြပါတယ်။
ဘိန်းစိုက်ခင်းတွေ၊ သစ်ထုတ်တဲ့ နေရာတွေနဲ့ သတ္ထုတွင်းတွေက မြို့ပြနဲ့ အလှမ်းဝေးပြီး လမ်းပန်း ဆက်သွယ်ရေးတွေက ခက်ခဲလွန်းတာကို တွေ့မြင်ခဲ့ရပါတယ်။
ဒေသကို ထိန်းချုပ်တဲ့ ပြည်သူ့စစ် အဖွဲ့တွေအနေနဲ့ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေ ဖွံ့ဖြိုး တိုးတက်ရေးကို လျစ်လျှူရှုထားတာဟာ မူးယစ်ဆေးဝါး လုပ်ငန်းတွေကို ရေရှည်လုပ်ကိုင်နိုင်အောင် လူထုကို အမှောင်ချထားတာ ဖြစ်တယ်လို့ ဒေသခံတွေဘက်က စွပ်စွဲ ပြောဆိုကြပါတယ်။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ နာမည်ကြီးနေတဲ့ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ မူဆယ် အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးတဲ့ တောင်တန်း တွေ ပေါ်ကနေရာတွေကို ရောက်ရှိခဲ့သလို ဒေသတွင်း ဘိန်း စိုက်ပျိုးသူ၊ ရောင်းချ သူတွေ၊ ဘိန်းခင်းတွေ၊ ဘိန်းစိုက်ပျိုးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တွေနဲ့ ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းခွင့် ရခဲ့တဲ့အပြင် ဒေသခံ ပြည်သူ့စစ်စခန်းတွေ အနီးက ဘိန်းခင်းတွေ အပါအဝင် တခြား ဘိန်းခင်းတွေနဲ့ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ အိမ်တွေအထိ ရောက်ရှိပြီး လေ့လာ မှတ်တမ်းယူခွင့် ရရှိခဲ့ပါတယ်။
ဘိန်းစိုက်ခင်းတွေ ရှိနေတဲ့ အဲဒီဒေသက ကျေးရွာအများစုဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ စားဝတ်နေရေး တွေမှာ ဘက်စုံ ချွတ်ခြုံကျ နေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ဘိန်းစိုက်ပျိုး သူတွေထဲမှာ ဦးတီခွန်မြတ်နဲ့ ပန်းဆေး ဦးကျော်မြင့် တို့ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့က အရာရှိတွေ၊ လက်ရင်းတပည့်တွေ က အဓိက ပါဝင်တယ်လို့ စုံစမ်းသိရပြီး ပြည်သူ့စစ်တပ်ဖွဲ့ထဲမှာ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသား တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
သူတို့ ၂ ဦး ထိန်းချုပ်တဲ့ နယ်မြေတွေထဲက တောင်တန်းတွေ ပေါ်မှာဆိုရင် ဘိန်းခင်းတွေက လက်ညှိုးထိုး မလွဲဘူးလို့ ဒေသခံတွေက ဘိန်းခင်းတွေကို လိုက်လံ ညွှန်ပြရင်း ပြောဆိုကြပါတယ်။
သူတို့အပြင် အများစု စိုက်ပျိုးသူတွေ ကတော့ တရုတ်လူမျိုးတွေဖြစ်ကြပြီး ရှမ်း၊ ကချင်နဲ့ တအာင်း တိုင်းရင်းသားတွေ ကလည်း တပိုင်တနိုင် စိုက်ပျိုးကြသူတွေ စာရင်းမှာ ပါဝင်နေပါတယ်။ ပန်းဆေး ဦးကျော်မြင့်ရဲ့ ၁၂ မိုင် ပြည်သူ့စစ် စခန်းနဲ့ ၂ မိုင်အကွာ မှာရှိတဲ့ တောင်တန်းတွေ ပေါ်မှာလည်း ရိုးတံတချို့သာ ကျန်တော့တဲ့ ဘိန်းခင်းဟောင်းတွေကို တွေ့ခဲ့ရပါတယ်။
ဘိန်းစိုက်ပျိုးသူတွေက ဦးတီခွန်မြတ်နဲ့ ပန်းဆေး ဦးကျော်မြင့်တို့ရဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေကို စိုက်ပျိုးခ အခွန်အခ ပေးဆောင်ကြရပြီး ဦးတီခွန်မြတ်နဲ့ ပန်းဆေး ဦးကျော်မြင့်တို့ ထိန်းချုပ်နယ်မြေ မဟုတ်ရင် ဘိန်း မစိုက်ရဲဘူးလို့တောင် ပြောဆိုသူတွေ ကိုလည်း တွေ့ခဲ့ရပါတယ်။
စိုက်ပျိုးသူတွေဟာ တရုတ်လူမျိုးအများစုနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေဖြစ်ကြပေမယ့် စိုက်ခင်းတွေ စိုက်ဖို့ မြေတွေတူးတဲ့ အချိန်ကနေ ဘိန်းအစေး ခြစ်ယူတဲ့ အချိန်အထိ ဘိန်းခင်းတွေ အနီးအနားမှာရှိတဲ့ ရွာတွေက ရွာသူ၊ ရွာသားတွေကို ခေါ်ယူ အသုံးပြုကြတယ်လို့ သိရပါတယ်။
အလုပ်အကိုင် ရှားပါးတဲ့ တောင်ပေါ်သား တိုင်းရင်းသားတွေဟာ တရက်ကို လုပ်အားခ ၃၀၀၀ ကျပ် ပေးတဲ့ ဘိန်းခင်းတွေမှာ သွားရောက် လုပ်ကိုင်ခဲ့ကြတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်၊ ဘိန်းခင်းက ရရှိတဲ့ နေ့စားခကလည်း သူတို့ရွာတွေမှာ လက်ဖက်ခူး၊ ပြောင်းဖူးချိုး၊ စပါးရိတ် လုပ်ငန်းတွေထက်စာရင် တထောင်လောက်ပိုရတယ်လို့ ဆိုကြပါတယ်။
ဘိန်းစိုက်ခင်းတွေအနီးက ကျေးရွာတွေမှာ ဘိန်းဖြူ၊ ဘိန်းမဲ အပါအဝင် ရာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေ ရောင်းဝယ် ဖောက်ကားမှုနဲ့ သုံးစွဲမှုတွေဟာ ရွာတိုင်းနီးပါး ဖြစ်ပွားနေဆဲဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့် ဒေသခံကျေးရွာတွေက ရွာသူ၊ ရွာသားတွေမှာ နောက်ဆက်တွဲ ဆိုးကြိုးအဖြစ် ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ်၊ နလံမထူနိုင်ဘဲ ဖြစ်နေရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ကျေးရွာတွေအထဲမှာ မူးယစ်ဆေးဝါးတွေကို အချိန်အခါမရွေး ဝယ်ယူသုံးစွဲခွင့်ရနေကြပြီး ဘိန်းသုံးစွဲသူတွေ များပြားလာတဲ့ အတွက် ရပ်ရွာအတွင်း အကျင့်စာရိတ္တ ပျက်ပြားမှုတွေ၊ ပညာရေး နှောင့်နှေးမှုတွေ၊ စီးပွားရေးပိုင်း ဆိုင်ရာမှာ ကျဆင်းမှုတွေ၊ ကျန်းမာရေး ထိခိုက်မှုတွေ၊ လူမှုရေးနဲ့ ဘာသာရေးဘက် ဆိုင်ရာတွေမှာလည်း ယုတ်လျော့ပျက်စီးမှုတွေ ဖြစ်လာတယ်လို့ ဒေသခံ ရပ်မိရပ်ဖတွေက ညည်းညူပြောဆိုကြပါတယ်။
ဒေသအတွင်းမှာ ကင်ဆာရောဂါ တခုလို လှိုက်စားနေတဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးမှု၊ ရောင်းချမှုနဲ့ သုံးစွဲမှုတွေ ပိုမိုမြင့်မားလာ နေတာနဲ့အမျှ ဒေသခံ ရပ်မိရပ်ဖတွေက မူးယစ်ဆေးဝါးကို နာကျည်း မုန်းတီးမှုတွေဖြစ်နေတဲ့ အပြင် စိုက်ပျိုးမှု၊ ရောင်းချမှုနဲ့ သုံးစွဲမှု အဆင့်ဆင့်ကို အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ အဓိက အခန်း ကဏ္ဍက ပါဝင်နေတဲ့အတွက် ဒေသခံပြည်သူ့စစ် တပ်ဖွဲ့တွေ ကိုလည်း ဒေသခံတွေက ပြစ်တင်ပြောဆိုကြပါတယ်။
မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုတွေဟာ တောင်တန်းတွေပေါ်က ကျေးရွာတွေမှာတင် ပျံ့နှံ့နေရုံမကဘဲ ဦးတီခွန်မြတ်၊ ပန်းဆေးဦးကျော်မြင့်တို့နဲ့ အစိုးရ စစ်တပ်၊ ရဲနဲ့ မူးယစ်နှိမ်နှင်းရေးအဖွဲ့တွေ ထိန်းချုပ်တဲ့ နမ့်ခမ်းနဲ့ မန်တုံမြို့ပေါ်တွေမှာလည်း မူးယစ်ဆေးဝါးမျိုးစုံကို ပေါ်ပေါ် ထင်ထင် ရောင်းချနေကြတာတွေလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။
ဦးတီခွန်မြတ်နဲ့ ပန်းဆေး ဦးကျော်မြင့်တို့ ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ မန်တုံမြို့နယ်တွေထဲမှာ တပ်အင်အားတွေ အသုံးပြု၊ ဘိန်းခင်းတွေကို လိုက်လံဖျက်ဆီးပြီး ဖြန့်ဖြူး ရောင်းချသူတွေနဲ့ သုံးစွဲသူတွေကို ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နေတဲ့ တပ်ဖွဲ့တခုတော့ ရှိပါတယ်။
သူတို့က အစိုးရ စစ်တပ်နဲ့ လက်ရှိ တိုက်ပွဲဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဖြစ်ပြီး သူတို့ထိန်းချုပ် လှုပ်ရှားနယ်မြေတွေဟာ ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတွေနဲ့ ထိစပ် ရောယှက်နေပါတယ်။
TNLA က သူတို့ ထိန်းချုပ်နယ်မြေအတွင်းမှာ ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကို စိုက်ပျိုးခြင်း၊ ထုတ်လုပ်ရောင်းချခြင်းနှင့် သုံးစွဲခြင်း မပြုဖို့ ဥပဒေထုတ်ပြန်ပြီး ကျေးရွာတွေနဲ့ တောင်တန်းတွေပေါ်က လူမြင်သာတဲ့ နေရာတွေမှာ ဆိုင်းဘုတ်တွေစိုက်ထူထားပြီး ကွင်းဆင်း ပညာပေး လှုံ့ဆော်မှုတွေ ရှိသလို ရောင်းဝယ်ဖြန့်ဖြူးသူတွေနဲ့ သုံးစွဲသူတွေကို အရေးယူ ဆောင်ရွက်တာတွေလည်း ရှိပါတယ်။
TNLA က ပြီးခဲ့တဲ့ ၂၀၁၂-၂၁၀၃ ဘိန်းစိုက်ပျိုး ရာသီတွေမှာ ပန်းဆေး ဦးကျော်မြင့်နဲ့ ဦးတီခွန်မြတ်တို့ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ အခွန်ကောက်ယူ စိုက်ပျိုးခွင့်ပြုထားတဲ့ နမ့်ခမ်းနဲ့ ကွတ်ခိုင် မြို့နယ်တွေထဲက ဘိန်းခင်းတွေကို ဝင်ရောက်ဖျက်ဆီးခဲ့သလို ၂၀၁၃ ခုနှစ် ဘိန်းစိုက်ရာသီမှာ စုစုပေါင်းဧက ၃၀၀၀ ကျော် ဖျက်ဆီးခဲ့ပြီး ဒီနှစ် ဧပြီလထဲမှာပဲ ပန်းဆေး ဦးကျော်မြင့်ရဲ့ ပြည်သူ့ စစ်တပ်ဖွဲ့တခု အခြေချနေတဲ့ ဘိန်းချက်စခန်း တခုကိုလည်း တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ TNLA စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်က ပြောပါတယ်။
ဒီဒေသတွင်းက ကျေးရွာတွေမှာ တအာင်းလူမျိုးတွေလည်း အများစု နေထိုင်နေကြတာဖြစ်ပြီး ဒေသခံ တအာင်းလူမျိုး လူငယ် ၇၀ ရာခိုင်နှုန်းမှာ ဘိန်းနဲ့ တခြား မူးယစ်ဆေးဝါး သုံးစွဲနေကြတဲ့ အတွက် TNLA အနေနဲ့ မူးယစ်ဆေးဝါးကို ပထမ ဦးစားပေး အဖြစ် သတ်မှတ်၊ တိုက်ဖျက်မှုတွေ ပြုလုပ်နေရတာဖြစ်ပြီး ဒီလိုလုပ်ဆောင်မှုတွေကြောင့် ပြည်သူ့စစ် အဖွဲ့တွေနဲ့ ရန်စ ပိုမိုကြီးမားလာကြောင်း၊ TNLA အနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ ဘိန်းတိုက်ဖျက်ရေးတွေ တိုးမြှင့် လုပ်ဆောင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားသလို၊ တချိန်တည်း မှာပဲ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ဘိန်းစစ်ပွဲတွေ ဆင်နွှဲရဖို့ ရှိကြောင်း စစ်ဦးစီးချုပ်က ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေနဲ့ နာမည်ကျော်နေတဲ့ လွှတ်တော်အမတ်နဲ့ ပြည်သူ့စစ် ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတီခွန်မြတ်နဲ့ ပန်းဆေး ဦးကျော်မြင့် တို့ဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလမတိုင်ခင် ကတည်းက ဘိန်းစိုက်ပျိုးမှုနဲ့ မှောင်ခိုလုပ်ငန်းတွေမှာ ခြေလှမ်းကျဲခဲ့ သူတွေလည်း ဖြစ်ပါတယ်။
သူတို့ ၂ ဦး လွှတ်တော်အမတ် ဖြစ်လာပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုတွေ ပိုပြီးတိုးပွား လာခဲ့ တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပလောင်အမျိုးသမီးအစည်းအရုံး (PWO) က ၂၀၁၁ မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ ပါသေးတယ်။
ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးရုံး (UNODC) ရဲ့ ၂၀၁၃ ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်က ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံတွေ စာရင်းထဲမှာ အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံက ဒုတိယနေရာမှာ ရပ်တည်နေဆဲဖြစ်ကြောင်း ဖော်ပြထားပြီး တကမ္ဘာလုံးမှာ ဘိန်းသုံးစွဲမှုကြောင့် နှစ်စဉ် တနှစ်ကို ၂ သိန်းနှုန်း သေဆုံး နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါး အသုံးပြုမှုနဲ့ ထုတ်လုပ်မှု မြင့်တက်ရာမှာ မြန်ဆန်လာတဲ့အတွက် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို ခြိမ်းခြောက် လာတာကြောင့် မဟာမဲခေါင် ဒေသ ကိုယ်စားပြုနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ (UNODC) တို့ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူး ရောင်းချမှုနဲ့ အသုံးပြုမှု အန္တရာယ်ကို တိုက်ဖျက်ဖို့အတွက် ပူးပေါင်းဆောင်ရွက် ကြဖို့ ဒီနှစ်မေလ ၉ ရက်နေ့က သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ ၂၀၁၄ ခုနှစ်မှာ နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမယ်လို့ ပြောဆို ထားပါတယ်၊ ဒါပေမယ့် ၁၉၉၉ ခုနှစ်တုန်းကလည်း ၁၅ နှစ် စီမံကိန်းချ ကျိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုတွေက ပိုမိုများပြားလာခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေမှာ မြန်မာအစိုးရ အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတယ်လို့ အပေါ်ယံ ပြောဆိုမှုတွေ ရှိနေပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ စိုက်ပျိုးထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှု၊ သုံးစွဲမှုတွေဟာ လျော့ကျ မသွားဘဲ ပိုမိုမြင့်တက်လာနေတယ်လို့ ပြည်တွင်း၊ ပြည်ပ မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူ တွေကလည်း ပြောပါတယ်။
အစိုးရ အဖွဲ့ပေါင်းစုံနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ရှိတဲ့ နမ့်ခမ်း၊ မူဆယ်၊ မန်တုံ အပါအဝင် တခြား ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေပေါ်မှာ မူးယစ်ဆေးဝါးကို တရားဝင် ခွင့်ပြုချက်ရလို့ ရောင်းနေသလိုကို ပေါ်ပေါ်တင်တင် ရောင်းချနေတာကို တွေ့မြင်ခဲ့ရသလို အထူးသဖြင့် နမ့်ခမ်းမြို့ပေါ်က နမ့်ခမ်း ချောင်းနံဘေးမှာ ဆိုရင် မူးယစ်ဆေးဝါးကို ဈေးတန်းလိုဖွင့်ရောင်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ နမ့်ခမ်းမြို့ဟာ ပန်းဆေး ဦးကျော်မြင့် ရွေးကောက်ပွဲဝင်ခဲ့တဲ့နေရာဖြစ်ပြီး သူ့ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေလည်း လှုပ်ရှားနေပါတယ်။
အရင်တုန်းက မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုမှာ ဘိန်းဘုရင်လို့ခေါ်တဲ့ ဦးခွန်ဆာနဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့သာ နာမည် ထင်ရှားခဲ့ပေမယ့် အခုအချိန်မှာတော့ လွှတ်တော် အမတ်တွေလည်းဖြစ်၊ ပြည်သူ့စစ် ခေါင်းဆောင် တွေလည်း ဖြစ်တဲ့ ပန်းဆေး ဦးကျော်မြင့်နဲ့ ဦးတီခွန်မြတ်တို့တတွေက ဘိန်းထုတ်လုပ်မှုတွေကို လက်ဆင့်ကမ်းခဲ့ပြီး ခေတ်သစ် ဘိန်းရာဇာတွေအဖြစ် နာမည်ကြီးလာခဲ့တာပါ။
မကြာသေးခင်ကဆိုရင် လူသတ်မှုနဲ့ မူဆယ် တရားရုံး အချုပ်မှာ တရားရင်ဆိုင်ဖို့ ရုံးထုတ်လာတုန်း ရဲတွေကို တွန်းတိုက် ထွက်ပြေးသွားတဲ့ တရားခံ တွေထဲမှာ ပန်းဆေး ဦးကျော်မြင့်ရဲ့တူ လီဖန်ဆိုသူ ပါဝင်ခဲ့တာပါ။ ထွက်ပြေးတရားခံတွေထဲက တယောက်ကိုပဲ ပြန်ဖမ်းမိပြီး ပန်းဆေးဦးကျော်မြင့်ရဲ့ တူကတော့ အခုထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ဘိန်းရာဇာတွေနဲ့ သူတို့ရဲ့ အဆွယ်အပွားတွေ အနေနဲ့ ဒီလို ရာဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ပေမယ့် ဥပဒေနဲ့ လက်တလုံးခြား လွတ်မြောက်နိုင်တဲ့ အဖြစ်အပျက်တွေ အပြင်၊ မနေ့တနေ့ကပဲ နမ့်ခမ်းမှာ မူးယစ်နှိမ်နင်းရေးအဖွဲ့ တဖွဲ့ ဗုံးခွဲတိုက်ခိုက် ခံရတယ်ဆိုတဲ့သတင်း ကြားလိုက်ရပါသေးတယ်။ ဘယ်သူ ကျူးလွန်တယ် ဆိုတဲ့ တရားခံကို မသိပါဘူး။ ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးကို တရားဝင် နီးပါး ရောင်းဝယ် ဖောက်ကားနေကြတာ ဒေသခံတွေ အားလုံးအသိ ဖြစ်ပါတယ်။ ရောင်းဝယ်ဖောက်ကား စိုက်ပျိုးထုတ်လုပ်မှု အတွက် အစွန်အဖျားလောက်ပဲ တာဝန်ရှိသူတွေသာ ဖမ်းမိကြ ပေမယ့်၊ မူးယစ်ဆေးဝါး တိုက်ဖျက် မှုတွေ လုပ်နေကြပေမယ့် မူးယစ် ဂိုဏ်းချုပ်တွေကိုတော့ ဘယ်တော့မှ ဖမ်းမမိဘူးလိုလည်း ဒေသခံတွေဆီက သိရပါတယ်။
မူးယစ်ရာဇာတွေဟာ ဘယ်သူဆိုတာ ဒေသခံတွေကော၊ ဒေသအာဏာပိုင်တွေ အားလုံးပါ သိနေကြပေမယ့် ဒီ မူးယစ် ရာဇာတွေကို ဘာကြောင့် ဖမ်းဆီး အရေးမယူ တာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ ဘယ်သူမှ မသိနိုင်သလို အားလုံးသိချင်နေတဲ့ အဖြေလည်း ဖြစ်ပါတယ်။