အမှားအခံတဲ့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို တောင်အာဖရိကရဲ့ အပြောင်းအလဲကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အနီးစပ်ဆုံးပဲလို့ ထင်မိပါတယ်။ မြန်မာပြည်ရဲ့ နယ်ဆင်မန်ဒဲလား အဖြစ် နှိုင်းယှဉ်ပြောကြလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်ဟာ တောင်အာဖရိကရဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက အခြေအနေမျိုး ကြုံနေရတယ်လို့ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတယ်။
ဒေါ်အောင်ဆန်းစုကြည် ရည်ညွန်းတဲ့ ကာလ အကြောင်းကို ပြောရင် ၂၇ နှစ်ကြာ ထောင်ကျခဲ့တဲ့ နယ်ဆင်မန်ဒဲလား ထောင်ကနေ ထွက်လာတယ်။ ထောင်ကနေ မထွက်ခင် သူ့ အသက် ၇၀ ပြည့် မွေးနေ့ဟာ တကမ္ဘာလုံး မန်ဒဲလား လွတ်မြောက်ရေး လှုပ်ရှားမှုတွေ အားအကောင်းဆုံး ဖြစ်ခဲ့တယ်။ မန်ဒဲလားရဲ့ ၇၀ ပြည့်မွေးနေ့ကတော့ လွှတ်မြောက်ဖို့ အချိန်နီးနေပါပြီ။ အဲဒီအချိန်မှာ မန်ဒဲလားနဲ့ လူဖြူအစိုးရတို့ ကြားမှာ ကျိတ်ဝိုင်းတွေ ရှိနေခဲ့ပါတယ်။ လူဖြူသမ္မတ ဘိုသာ လက်ထက်ကနေ စခဲ့တဲ့ ကျိတ်ဝိုင်းတွေဟာ ပညာရေး ဝန်ကြီးဘဝကနေ သမ္မတ ဖြစ်လာတဲ့ ဒီကလက် လက်ထက်မှာ သိသာတဲ့ ရလဒ်တွေ ထွက်ပေါ်လာပါတယ်။
ကျိတ်ဝိုင်းတွေရဲ့ ရလဒ်တွေအရ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာ၊ အသားအရောင်ခွဲခြားတဲ့ စနစ်အရ လူမည်းတွေကို ချိုးနှိမ်ထားတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေကို ရုပ်သိမ်းလိုက်တာ၊ မီဒီယာလွတ်လပ်မှု၊ ဆန္ဒပြခွင့် အတိုင်းအတာတခုအထိ ရှိလာတာ၊ ပြည်ပရောက်တွေ ပြည်တော်ပြန်ခွင့်ရတာ၊ နောက်ဆုံး မန်ဒဲလား ကိုယ်တိုင် လွတ်မြောက်လာပါတယ်။
မန်ဒဲလားနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကြားမှာ ကံကြမ္မာချင်း တူတာက အသက် ၇၀ ဝန်းကျင်မှာ တိုင်းပြည်ကံကြမ္မာကို ဆုံးဖြတ် လုပ်ကိုင်နေရတဲ့ အခြေအနေမှာ ရောက်နေတာပါ။ မန်ဒဲလားလိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အသက်အရွယ်အရသာမက၊ နိုင်ငံရေးဂုဏ်သိက္ခာ၊ လူထု ထောက်ခံမှု အရာမှာ ပြိုင်ဘက်ကင်း အထွတ်အထိပ်ကို ရောက်နေပါတယ်။
မြန်မာပြည်နဲ့ တောင်အာဖရိကတို့ တူညီချက်နောက်တခုကတော့ အနိုင်အရှုံး မပြတ်သားတာပါ။ မြန်မာပြည် အခြေအနေက တောင်အာဖရိကထက် စာရင်း အများကြီး ငြိမ်းချမ်းပါတယ်၊ သွေးထွက်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တောင်အာဖရိက အသွင်ကူးပြောင်းရေး ကာလကို မန်ဒဲလားနဲ့ အတူ ပူးတွဲ ပုံဖော်ခဲ့တဲ့ ဒီကလက်က သူ့မှာ ဆန္ဒရှိမယ်ဆိုရင် အာဏာကို နောက်ထပ် ၁၀ နှစ်လောက်တော့ ကိုင်ထားလို့ ရသေးတယ်လို့ ပြောခဲ့တယ်။
သူပြောတာ မမှားပါဘူး။ ဒါပေမယ့် တိုင်းပြည်ဟာ ပြည်တွင်းစစ်ရဲ့ ချောက်ကမ်းပါးနား၊ ပြိုကွဲတော့မယ့် အခြေအနေမှာ ရှိနေတာကိုလည်း ဒီကလက်ရော၊ မန်ဒဲလားရော အမှန်အတိုင်း သိမြင်ခဲ့ကြတယ်။ နောက်ဆုံးကျတော့ ဘယ်သူပဲ နိုင်နိုင် တိုင်းပြည်ကတော့ ဘယ်တော့မှ မကျက်တော့မယ့် ဒဏ်ရာအနာ ရသွားမယ်ဆိုတာကို နားလည်ခဲ့ကြတယ်။
နိုင်ငံပြု ခေါင်းဆောင် ပီသတဲ့ ဒီလို အမြော်အမြင်တွေကြောင့်ပဲ ခက်ခဲတဲ့ လမ်းကို ရွေးချယ်ခဲ့ကြတယ်။ မန်ဒဲလား ဘက်က ကြည့်တဲ့အခါ လူဖြူတွေကို အပြတ်ရှင်းချင်တဲ့ အေအန်စီ အမာခံတွေက အပြစ်တင်တာကို ခံခဲ့ရတယ်။ လူဖြူတွေ အာဏာလက်လွှတ်ရဖို့ သေချာတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သဘောတူခဲ့ရတဲ့ ဒီကလက် အတွက်ကလည်း အဘက်ဘက်က ဖိအားတွေ မသေးလှပါဘူး။
မြန်မာပြည်နဲ့ တောင်အာဖရိကနဲ့ မတူတဲ့ အထင်ရှားဆုံး အချက်တချက် (ကျနော့်အမြင်) ကတော့ လူဖြူအစိုးရဟာ အာဏာလက်လွှတ်ရမယ် ဆိုတာကို ကြိုတင်တွက်ခဲ့တယ်။ အရွယ်ရောက် သူတိုင်း မဲပေးတဲ့ စနစ် (မဲများသူ အနိုင်ရ) စနစ်အောက်မှာ မန်ဒဲလားနဲ့ အေအန်စီ လက်ထဲကို တိုင်းပြည်အာဏာ အပ်လိုက်ရမယ် ဆိုတာကလည်း ခန့်မှန်းဖို့ မခက်ပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာကတော့ အာဏာရ အုပ်စုဟာ ဒီလို ကြိတင် မတွက်နိုင်ဘဲ (ဦးရွှေမန်းနဲ့ တချို့က အမှန်အတိုင်း ကြိုတွက်ခဲ့တယ်လို့ ဆိုတယ်) အစိုးရ လောင်းလျာ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်ဒီတို့နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို မလုပ်နိုင်ဘူး။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဌအဖြစ်ကနေ ဖြုတ်ချမခံရခင် သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ ဘယ်လောက် ကြိုတင်သဘောတူခဲ့သလဲဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ပြိုင်ဘက်ပါတီတွေရဲ့ ဥက္ကဌ နှစ်ယောက်စလုံးက သမတ နေရာကို မှန်းထားတဲ့အကြောင်း မဖုံးကွယ်ခဲ့ပေမယ့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း သူတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုက ပေါ်လွင်ပါတယ်၊ ရွေးကောက်ပွဲအလွန်မှာ ညွန့်ပေါင်းအစိုးရ ဖြစ်နိုင်မလား ဆိုတဲ့ မေးခွန်းကိုလည်း အပြတ် မငြင်းခဲ့ကြပါဘူး။ ဦးရွှေမန်းကို အာဏာရပါတီရဲ့ ဥက္ကဌ နေရာကနေ ဖယ်ရှားတဲ့ အခါမှာလည်း ပါတီကို အသိမပေးဘဲတခြား ပါတီ သို့မဟုတ်၊ လူပုဂ္ဂိုလ်တွေနဲ့ လျှို့ဝှက် သဘောတူညီချက်တွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တခု ပါလာပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းခါစ နိုင်ငံတွေမှာ ကြုံရလေ့ ရှိတဲ့ ပြဿနာ တရပ်ကတော့ ရန်သူဟောင်းတွေ၊ ပြိုင်ဘက် အုပ်စုတွေကြားမှာ အပေးအယူ လုပ်တာကို အလျှော့ပေးတာပဲလို့ အထင်မှားကြတဲ့ ကိစ္စပါပဲ။ တကယ်တော့ ညှိနှိုင်းဆွေးနွေး အပေးအယူ အလျော့အတင်း လုပ်တာဟာ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှုမှာ အဓိက ကျတဲ့ ဝိသေသတခု ဖြစ်ပါတယ်။
ဒီလိုနဲ့ ဦးရွှေမန်းဟာ အာဏာရ အုပ်စုရဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ ဒီမိုကရေစီအင်အားစုဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တော်လှန်ရေးကို ရန်သူ့လက် ရောင်းစားလိုက်တဲ့ သစ္စာဖောက် အဖြစ် စွပ်စွဲချင်သူတွေ နည်းမှာ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ နယ်ချဲ့ လွတ်မြောက်ရေး တိုက်ပွဲဖြစ်ဖြစ်၊ ညီအစ်ကိုအချင်းချင်း ပြည်တွင်းစစ်ဖြစ်ဖြစ် နောက်ဆုံးကျတော့ ဆွေးနွေးပွဲတွေကို ဖြတ်သန်းရတာ ချည်းပါပဲ။
နယ်ဆင်မန်ဒဲလားရဲ့ တောင်အာဖရိက ခြွင်းချက်မဟုတ်သလို၊ မြန်မာပြည်ဟာလည်း ခြွင်းချက် မဖြစ်နိုင်ပါဘူး။ မြန်မာပြည်ရဲ့ လင့်ဟာချက်တခုကတော့ တောင်အာဖရိကမှာလိုမျိုး အပြောင်းအလဲကို ဖြတ်သန်းဖို့အတွက် တရားဝင် သဘောတူညီချက် မရှိတာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အများဆန္ဒအရ သဘောတူညီချက် မဟုတ်ပါဘူး။ တပ်မတော်ကို မူမှန်မဟုတ်တဲ့ အခွင့်အရေးတွေ ပေးထားတဲ့၊ ဒီမိုကရေစီ စံယွင်းနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လို၊ ဘယ်အချိန်မှာ ပြောင်းလဲမလဲဆိုတဲ့ ကြားကာလ သဘောတူညီချက် တခု ရှိဖို့ လိုအပ်နေတာကို ဆိုလိုတာပါ။ အင်ဒိုနီးရှား စံအရ ဆိုရင် တပ်မတော်သား အမတ်တွေ လွှတ်တော်ကနေ ထွက်ရဖို့ အချိန်တန်ရုံမက ကျော်လွန်နေပါပြီ။
ဒီဆောင်းပါးမှာ အဓိက ဆွေးနွေးချင်တာက တောင်အာဖရိကမှာ အသွင်ကူးပြောင်းရေးကာလကို ဘယ်လို ဖြတ်သန်းခဲ့ကြသလိုဆိုတာပါ။ နောက်ဆုံးအချိန်အထိ မန်ဒဲလားနဲ့ ဒီကလက်တို့ ညှိမရ ဖြစ်ခဲ့တဲ့ ကိစ္စက (majority rule) နဲ့ ဆိုင်ပါတယ်။ ဖွဲ့စည်းပုံထဲက အရေးကြီးတဲ့ ပြဌာန်းချက်တွေကို အပြောင်းအလဲလုပ်ဖို့ ဆိုရင် ဒီကလက် တောင်းဆိုတဲ့အတိုင်း သုံးပုံနှစ်ပုံ ထောက်ခံမဲ (two third majority) ထားမလား၊ မန်ဒဲလား ဖြစ်စေချင်တဲ့အတိုင်း ၅၀ ရာခိုင်နှုန်း (တဝက်ကျော်) ထားမလား ဆိုတဲ့ ကိစ္စပါ။ နောက်ဆုံးမှာ ဒီကလက်က အလျှော့ပေးလိုက်ပြီး (consensus-seeking sprit) ဆိုတဲ့ စကားလုံးကို ဖွဲ့စည်းပုံမှာ ထည့်ပါတယ်။
မန်ဒဲလားက “မူအရ” တဝက်ကျော် ထောက်ခံမဲ ဘက်က ရပ်တည်ပေမယ့် ဘယ်တော့မှ အသုံးချမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ တတိယ ကမ္ဘာမှာ ကိုလိုနီ စနစ်အောက်ကနေ လွတ်မြောက်ရေးတိုက်ပွဲ အောင်မြင်ပြီးခါမှ ဒီမိုကရေစီမှာ ပြန်လည်ကျဆုံးတဲ့ ဝရုန်းသုန်းကား နိုင်ငံတွေ အများကြီးရှိနေတာကို ကြည့်ကြပါလို့ မန်ဒဲလားက သူ့ရဲဘော်တွေကို သတိပေးခဲ့ပါတယ်။ ဒီနေ့အထိလည်း ဒီမိုကရေစီ နိုင်ငံတွေမှာ “အများဆန္ဒ” ဆိုတာနဲ့ “အများဗိုလ်ကျ” ဆိုတဲ့ အနေအထား ရောက်သွားတဲ့အခါ ပြဿနာကြုံနေကြတုန်းပါပဲ။
တောင်အာဖရိကရဲ့ကြားဖြတ် ဖွဲ့စည်းပုံမှာ နေဝင်ချိန်ပြဌာန်းချက် (sunset clauses) တွေကို ထည့်ပါတယ်။ လူဖြူ အရပ်ဘက် ဝန်ထမ်းတွေကို မဖြုတ်ဖို့၊ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ကိစ္စတွေ ပါဝင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (national unity) ကို ငါးနှစ် ဖွဲ့စည်း အုပ်ချုပ်မယ်။ ရွေးကောက်ပွဲမှာ မဲအရေအတွက် ငါးရာခိုင်နှုန်းရတဲ့ ပါတီတိုင်းက ကက်ဘိနက် ဝန်ကြီးတွေကို တင်နိုင်မယ်ဆိုတဲ့ ပြဌာန်းချက်တွေ ပါဝင်ပါတယ်။ ဒီ ပြဌာန်းချက်တွေကို အေအန်စီအတွင်းမှာလည်း အကြိတ်အနယ် ဆွေးနွေးခဲ့ရ ပါတယ်။ မန်ဒဲလားရဲ့ ဇနီးဖြစ်တဲ့ ဝင်းနီ မန်ဒဲလားက ဆိုရင် “အေအန်စီနဲ့ လူဖြူ ပါတီတို့ ကုတင်တလုံးပေါ်မှာ အတူအိပ်ပြီး ညားသွားကြပြီ”လို့ ရက်ရက်စက်စက် ဝေဖန်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အေအန်စီက ၆၂ ရာခိုင်နှုန်းကျော် အနိုင်ရပါတယ်။ ဖွဲ့စ့ည်းပုံအရ အမတ်ဦးရေ ၄၀၀ နဲ့ ဖွဲ့စည်းမယ့် လွှတ်တော်မှာ အေအန်စီက ၂၅၂ နေရာ အနိုင်ရပါတယ်။ ရလဒ်က ပြတ်သားလွန်းတာကြောင့် လူဖြူတွေက ထိတ်လန့်ပြီး အသိအမှတ်မပြုရင်တော့ တိုင်းပြည်မှာ ပြဿနာ အကြီးအကျယ် တက်တော့မှာပဲ ဆိုတာကို အဲဒီအချိန်က စိုးရိမ်ခဲ့တယ်လို့ မန်ဒဲလားက နောက်တော့ ပြန်ပြောခဲ့တယ်။ ဒီလို အချိန်မျိုးမှာ ရှုံးသွားတဲ့ဖက်က ကြောက်သွားအောင် မလုပ်မိဖို့ ဂရုစိုက်ဖို့ လိုတယ်လို့ မန်ဒဲလားက ဂါဒီယန်း သတင်းစာကို ပြောခဲ့တယ်။
အစိုးရဖွဲ့စည်းတဲ့ အခါမှာ မန်ဒဲလားက သမ္မတ ဖြစ်လာပြီး၊ ဒုတိယ မဲအများဆုံး ရတဲ့ လူဖြူပါတီရဲ့ ခေါင်းဆောင် ဒီကလက်က ဒုတိယ သမ္မတ ဖြစ်လာတယ်။ နောက်ထပ် ဒုတိယ သမ္မတ တယောက်ကတော့ မန်ဒဲလား ထောင်ကျနေချိန်မှာ အေအန်စီကို ခိုင်မာတဲ့ ခေါင်းဆောင်မှုပေးခဲ့တဲ့ အောလီဗာ တန်ဗိုရဲ့ စိတ်ကြိုက်လည်း ဖြစ်တဲ့ သာဘို အမ်ဘီၤကီၤ ဖြစ်လာတယ်။
ကက်ဘိနက်ကို ဖွဲ့တဲ့အခါမှာ သက်တန့်ရောင်စုံ (rainbow cabinet) ဖြစ်အောင် မန်ဒဲလားက စီစဉ်ပါတယ်။ ဒီလို အချိန်မျိုးမှာ နိုင်ငံတွင်းက တိုင်းရင်းသား လူမျိုးတွေအားလုံးက “အစိုးရအဖွဲ့ဟာ ငါတို့ကိုလည်း ကိုယ်စားပြုတယ်ဆိုပြီး ခံစားမိဖို့ လိုအပ်တယ်” လို့ မန်ဒဲလားက ပြောတယ်။ သူ့အစိုးရအဖွဲ့ကို ကြည့်တဲ့ အခါမှာ တော်လှန်ရေး ရဲဘော်ရဲဘက်တွေ ပါသလို၊ နိုင်ငံရေး ပြိုင်ဘက်တွေ၊ လူဖြူအစိုးရလက်ထက်က ဝန်ကြီးတွေ၊ ဘဝနောက်ခံမျုးိစုံ၊ အယူအဆ မျိုးစုံ၊ အသားအရောင်မျိုးစုံ၊ ဘာသာမျိုးစုံ ပါအောင် စနစ်တကျ ရွေးချယ်ခဲ့တယ်။ လူဖြူ၊ အင်ဒီယံ၊ မွတ်စလင်၊ ခရစ်ယာန်၊ ကွန်မြူနစ်တွေ အားလုံး ပါဝင်ခွင့်ရကြတယ်။
မန်ဒဲလား အုပ်ချုပ်ခဲ့တဲ့ ငါးနှစ်တာ ကာလဟာ တောင်အာဖရိကမှာ ပြဿနာတွေ အားလုံး ဖြေရှင်းနိုင်ခဲ့တော့ မဟုတ်ပါဘူး။ လက်တွေ့အုပ်ချုပ်တဲ့ အခါမှာ လုံခြုံရေး ပြဿနာ၊ ဗျူရိုကရေစီ ပြဿနာ၊ လက်ပေးလာဘ်ယူကိစ္စ၊ အရည်အချင်း အားနည်းတဲ့ ပြဿနာတွေ အများကြီးကို ကြုံခဲ့ရပါတယ်။ ရွေးကောက်ပွဲကတိကဝတ်အတိုင်း အိမ်ယာ စီမံကိန်း၊ အလုပ်လက်မဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။
လူဖြူဗိုလ်ချုပ်တွေ ထိန်းချုပ်ထားတဲ့ စစ်တပ်က ပုန်ကန်မှာ အာဏာသိမ်းမှာကို စိုးရိမ်ခဲ့ရတယ်။ နေ့စဉ် အုပ်ချုပ်ရေး ကိစ္စတွေကို ဒုတိသမတ သာဘို အမ်ဘီၤကီၤကို လွှဲထားလေ့ ရှိတဲ့ သမတ မန်ဒဲလားဟာ ကာကွယ်ရေး၊ လုံခြုံရေး ဆိုင်ရာအစည်းအဝေးတွေကို မပျက်မကွက် တက်လေ့ရှိပြီ၊ ထောက်လှမ်းရေး အစီရင်ခံစာတွေကို ဂရုတစိုက်ဖတ်ပါတယ်။
အေအန်စီရဲ့ တော်လှန်ရေးတပ် (အမ်ကေ) စစ်ဦးစီးချုပ်ဟောင်း (Joe Modise) က ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီး အမ်ကေ တပ်သားတွေ ကိုယ်တိုင်က အမိန့် မနာခံတဲ့ ကိစ္စမှာ သမတ မန်ဒဲလား ကိုယ်တိုင် ပြတ်ပြတ်သားသား ဝင်ကိုင်တွယ်ခဲ့ရတယ်။ ခွင့်သွားပြီး ပြန်မလာတဲ့ အမ်ကေ တပ်သား သုံးထောင်ကို တပတ်အတွင်း သတင်းမပို့ရင် အရေးယူမယ်ဆိုပြီး အမိန့်ထုတ်ခဲ့ရတယ်။ နောက်ဆုံး တပ်တွေ ပေါင်းစည်းရေးအတွက် ဗြိတိန်က သင်တန်းဆရာတွေကို အကူအညီ တောင်းခဲ့ရတယ်။
၁၉၉၆ မေလမှာ ဒီကလက်က သူ့ပါတီ (National Party) က ဝန်ကြီး ၆ ယောက်စလုံး အစိုးရအဖွဲ့က နှုတ်ထွက်မယ်လို့ ကြေညာခဲ့တယ်။ မန်ဒဲလားက ညွန့်ပေါင်းကို ဒီထက် သက်တမ်းရှည်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်၊ ဖြစ်မလာတဲ့အတွက်လည်း နောင်တမရခဲ့ပါဘူး။ ဒီကလက်နဲ့ သူ့ဝန်ကြီးတွေ ညွန့်ပေါင်း အစိုးရက ထွက်သွားပြီး လပိုင်း (၁၉၉၆ ဇူလိုင်) မှာ မန်ဒဲလားက ၇၈ နှစ်ပြည့်မွေးနေ့ကို ကျင်းပပါတယ်။ လူရင်းတွေပဲ တက်တဲ့ပွဲမှာ မန်ဒဲလားက အရေးကြီးတဲ့စကားတခွန်းကို ပြောပါတယ်။ “ကိုယ့်ရပ်တည်ချက် (မူ) ကို အလျှော့ပေးစရာ မလိုဘူး။ ဒါပေမယ့် တဖက်သားကိုတော့ ဘယ်တော့မှ အရှက်မခွဲမိစေနဲ့။ အရှက်ရသွားတဲ့လူဟာ အန္တရာယ်အရှိဆုံးပဲ” လို့ ဆိုတယ်။ မန်ဒဲလားဟာ ဒီကလက်ကို အလုံးစုံ မယုံခဲ့ပေမယ့် တိုင်းပြည်ကို ပြည်တွင်းစစ်ထဲ ကျတော့မယ့် ဆဲဆဲက ကယ်တင်ဖို့အတွက် လက်တွဲဆောင်ရွက်ပေးခဲ့တဲ့ အခန်းကဏ္ဍကိုတော့ အသိအမှတ်ပြု ကျေးဇူးစကား ဆိုပါတယ်။
မန်ဒဲလားရဲ့ ပုံရိပ်မှာ လူသားဆန်မှု၊ ခွင့်လွှတ်ခြင်းတရား၊ မေတ္တာတရားကြီးမားတဲ့ နိုင်ငံရေး သမားက အားကောင်းပါတယ်။ ထောင်မကျခင် သွေးဆူတဲ့ တော်လှန်ရေးသမားစရိုက်နဲ့ ထောင်က ထွက်လာတဲ့ သင့်မြတ်ရေး ပုံရိပ်က ဆန့်ကျင်ဘက်လို့ ဆိုနိုင်ပါတယ်။ ရန်သူဟောင်းတွေနဲ့ သင့်မြတ်ရေး ခြေလှမ်းတွေဟာ သူ့ရဲ့ သဘောထား ကြီးမှုကို ပြသတာ ဖြစ်သလို၊ လက်တွေ့နိုင်ငံရေးလည်း ဖြစ်တာကိုလည်း နောက်တော့မှ လူတွေ သဘောပေါက်လာကြပါတယ်။
မန်ဒဲလားရဲ့ ရည်ရွယ်ချက်က တောင်အာဖရိကနိုင်ငံကို လူမျိုးစုံ စည်းလုံးညီညွတ်ပြီး အသားအရောင်မခွဲခြားဘဲ အခွင့်အရေး တန်းတူညီမျှ ရှိတဲ့ နိုင်ငံသစ်အဖြစ် ထူထောင်ဖို့ ဖြစ်ပါတယ်။ အခွင့်အရေး တန်းတူ ဖြစ်မှ ညီညွတ်မှုရမယ်။ ညီညွတ်မှ တည်ငြိမ်မယ်၊ တည်ငြိမ်မှ ဖွံ့ဖြိုး တိုးတက်မယ်လို့ မန်ဒဲလားက ယုံကြည်ခဲ့ပါတယ်။ ဒီရည်မှန်းချက်အတွက် မမှိတ်မသုန် ချီတက်ရာလမ်းမှာ ဘယ်ဘက်ကမှ နိုင်စရာမလို၊ ဘယ်ဘက်ကမှ ရှုံးစရာမလို၊ တောင်အာဖရိက ပြည်သူတွေ အားလုံး အနိုင်ရဖို့က အဓိက ကျတယ်လို့ ပြောခဲ့ပါတယ်။ အစိုးရ ဖြစ်လာတဲ့အခါမှာလည်း သမ္မတရုံးအဖွဲ့၊ သမ္မတ လုံခြုံရေးအဖွဲ့ အားလုံးမှာလူဖြူ ဝန်ထမ်းတွေကို ယုံယုံကြည်ကြည်ပဲ ဆက်ခန့်ထားပါတယ်။ လုံခြုံရေးအဖွဲ့မှာဆိုရင် အေအန်စီ ရုံးကို ဗုံးခွဲခဲ့တယ်လို့ စွပ်စွဲကြတဲ့ အရာရှိတယောက်တောင် ပါနေပါတယ်။
ဒါကြောင့်လည်း မာဒီဘာ (မန်ဒဲလား) က သဘောကောင်းလွန်းအားကြီးတယ်လို့ တချို့က ကရုဏာနဲ့ သတိပေးကြပါတယ်။ မန်ဒဲလားရဲ့ လူတွေအပေါ် အကောင်းမြင်စိတ်က ငယ်စဉ်က တည်းက ရှိခဲ့သလို၊ နှစ် ၃၀ နီးပါး ထောင်ကျနေစဉ်မှာ ပြိုလဲမသွားရုံမက ပိုပြီး ခိုင်မာ တောက်ပြောင်ခဲ့ပါတယ်။ လူဖြူ ဝန်ထမ်းတွေဟာ အမိန့်နာခံတတ်တဲ့ ဓလေ့ရှိနေပေမယ်၊ တကယ်ပြောင်းလဲတဲ့ အခါ ၁၈၀ ဒီဂရီ ပြောင်းသွားလိမ့်မယ်လို့ မန်ဒဲလားကယုံကြည်ပါတယ်။ တဖက်မှာလည်း တောင်အာဖရိက နိုင်ငံကို လူမည်းတွေကချည်း အုပ်ချုပ်ဖို့ ဆိုတာ လက်တွေ့အရလည်း ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စ၊ ဖြစ်ချင်ရင်တောင်မှ ဌာန ဆိုင်ရာ အဆင့်ဆင့်မှာ လူဖြူ မန်နေဂျာတွေ၊ ကျွမ်းကျင်ဝန်ထမ်းတွေ နေရာမှာ လူမည်းတွေနဲ့ အစားထိုးဖို့ ဆိုတာ အချိန်ကာလ တခု လိုအပ်တယ်လို့ မန်ဒဲလားက နားလည်ခဲ့ပါတယ်။
နယ်ဆင်မန်ဒဲလားကလည်း လူဖြူတွေ ကြီးစိုးထားတဲ့ အသားအရောင်ခွဲခြားတဲ့ စနစ်ကို အမြစ်ကနေ တွန်းလှန်ဖို့ ကြိုးစားရင်း ဆယ်စုနှစ် ၃ ခု နီးပါး ထောင်ချခံရတယ်။ ဒါပေမယ့် အာဏာရလာတဲ့ အခါမှာတော့ လူမျိုးစုံ တောင်အာဖရိက နိုင်ငံကို ထူထောင်ဖို့အတွက် လူဖြူတွေကို စည်းရုံးရေးဆင်းခဲ့ပြန်တယ်။ တောင်အာဖရိရဲ့ အနာဂတ်ဟာ စစ်ပွဲတွေထဲမှာ အဖြေမရှိဘူး။ ဥပဒေ မှာပဲ အဖြေရှိတယ်လို့ မန်ဒဲလားက ပြောခဲ့တယ်။ လွှတ်တော်ကို အစိုးရ အဖွဲ့လိုပဲ လူမျိုး အသားအရောင်အပေါ် အခြေမခံဘဲ ပြည်သူတွေရဲ့ အကျိုးစီးပွာကိုပဲ မျက်နှာမူတဲ့ လွှတ်တော်မျိုး ဖြစ်အောင် ထိန်းကြောင်းပေးခဲ့တယ်။
မန်ဒဲလားဟာ လွတ်လပ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ တရားရုံးတို့ရဲ့ အဆုံးအဖြတ်ကို နားခံပြီး သူ့ဆုံးဖြတ်ချက်တွေကို ပြင်ခဲ့ရတာတွေလည်း ရှိခဲ့တယ်။ လွတ်လပ်တဲ့ မီဒီယာနဲ့ ပတ်သက်လို့ မန်ဒဲလားက “ အေအန်စီရဲ့ အာဘော်၊ အစိုးရ အာဘော် မီဒီယာတွေ မလိုချင်ဘူး။ ဒီလို ဖြစ်နေရင် မီဒီယာက ဘာမှ အသုံးကျတော့မှာ မဟုတ်ဘူး။ ကိုယ့်အကြောင်း ကိုယ်ပြန်သိနိုင်မယ့် ကြေးမုံနဲ့ တူတဲ့ မီဒီယာတွေပဲ လိုချင်တယ်” လို့ ပြောခဲ့တယ်။
မန်ဒဲလားရဲ့ဒီမိုကရေစီ အပေါ်မှာ စိတ်ပိုင်းဖြတ်ချက် ခိုင်မာခဲ့တယ်။ ဖွဲ့စည်းပုံအရ တောင်အာဖရိက သမတကို လုပ်ပိုင်ခွင့်တွေ အလုံးစုံ ပေးအပ်ထားပေမ့ယ် မန်ဒဲလားဟာ အာဏာရှင် အပြုအမူတွေကို မကျင့်သုံးခဲ့ပါဘူး။ တခြား အာဖရိက ခေါင်းဆောင်တွေလိုမျိုး ကိုယ့်နေရာ ဆက်ခံမယ့် လူကို ကိုယ်စိတ်ကြိုက် ရွေးချယ်တာမျိုး မလုပ်ဘဲ ဒီမိုကရေစီ နည်းလမ်းအတိုင်းပဲ ရွေးချယ်စေခဲ့တယ်။
မန်ဒဲလား သာ မရှိခဲ့ရင် တောင်အာဖရိကရဲ့ သမိုင်းဟာ တမျိုးတဖုံ ဖြစ်သွားပါလိမ့်မယ်။ “နိုင်ငံကို တည်ဆောက်တယ်ဆိုတာ မြေတူးစက်ကြီး လိုတဲ့အခါလည်းရှိ၊ ငှက်မွှေး တံမြက်စည်း သုံးတဲ့ အခါလည်း သုံးရတယ်” ဆိုတဲ့ သူ့အတွေ့အကြုံက မြန်မာပြည်အတွက် အသုံးဝင်နိုင်ပါတယ်။ မြန်မာပြည် အပြောင်းအလဲမှာ “အပ်နဲ့ ထွင်းရမ့ယ် ကိစ္စကို ပုဆိန်နဲ့ ခွင်း” တာမျိုး မဖြစ်ဖို့ မန်ဒဲလားဆီက သင်ခန်းစာတချို့ကို ဉာဏ်မှီသလောက် မျှဝေလိုက်ပါတယ်။
(ညီစောလွင်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ခေတ္တနေထိုင်နေသော မြန်မာသတင်းစာဆရာတဦးဖြစ်သည်)