ဆောင်းပါး

အညတြ သုတေသီတယောက် သို့မဟုတ် ဦးထွန်းရီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မိမိ၏ ပင်မအသက်မွေးဝမ်းကျောင်းအလုပ်နှင့် အနည်းငယ်မှ မသက်ဆိုင်သောဘာသာရပ်တခုကို နှစ် ပေါင်း ၆၀ကျော်အထိ တစိုက်မတ်မတ် လေ့လာစူးစမ်းဖော်ထုတ်မှုများလုပ်ကိုင်နေသည့် လူတဦး၏နာမည်ကို ညွှန်းဆိုပါဟု မေးလာခဲ့လျှင် မိမိအဖို့ ဆရာကြီးဦးထွန်းရီကိုသာ ညွှန်ချင်ပါသည်။

၈၃နှစ် ဆိုသည့်အရွယ်မှာ မြန်မာလူမျိုးအများစုအတွက် အိမ်တွင် အေးအေးသက်သာနေရင်း ဘုရားတရားအာရုံပြုကာ မြေးမြစ်များကို ထိန်းကျောင်းရသည့်အရွယ်ဖြစ်သော်လည်း ဦးထွန်းရီကမူ မြန်မာနိုင်ငံအရပ်ရပ်ရှိ ရှေးဟောင်းဒေသများကို လွယ်အိတ်တလုံးဖြင့် လှည့်လည်ကာ သမိုင်းဆိုင်ရာ အချက်အလက်များကို သုတေသနလုပ်ကောင်းနေတုန်း၊ စာအုပ် ထုတ် ကောင်းနေတုန်းသာ ဖြစ်သည်။

“ဆရာကြီးက မန္တလေးရောက်ပြီဆိုရင် တောင်လေးလုံးကျောင်းမှာ တည်းတယ်။ သူသွားချင်တဲ့နေရာတွေကို ကျနော်နဲ့ ဘိုရှိတ်က နေ့တိုင်း ဆိုင်ကယ်နဲ့ လိုက်ပို့ရတယ်။ ရိုက်လာတဲ့ ဓာတ်ပုံတွေကိုလည်း နေ့တွင်းချင်း ကူးပြီး ဆရာကြီး သွားပေး ရတယ်။ အဲဒီပုံတွေကို အညွှန်းတပ်တာ၊ စာရင်းပြုစုတာ ညတွင်းချင်း လုပ်တယ်။ အလုပ်မှာတော့ အရမ်းဇွဲကြီးတဲ့ဆရာကြီး ပဲ”ဟု ကိုစစ်ငြိမ်းအေးက ပြောသည်။ ကိုစစ်ငြိမ်းအေးသည် သမိုင်းပညာရပ်ကို စိတ်ဝင်စားသည့် လူရွယ်တဦးဖြစ်ပြီး ဆရာ ကြီး မန္တလေးမြို့သို့ ရောက်လာသည့်အခါတိုင်း သွားရေးလာရေး အဆင်ပြေအောင် လိုက်ပါကူညီပေးရင်း ဆရာကြီးထံမှ ပညာယူနေသူတဦးဖြစ်သည်။

အသားဖြူဖြူ၊ ပိန်ပိန်ပါးပါးနှင့် သွက်လက်ပေါ့ပါးနေဆဲ ဆရာကြီး ဦးထွန်းရီကို ပထမဆုံး စတင်မြင်တွေ့စဉ်က သမိုင်းပညာ ရှင်တဦးအစား အညာတောသား ခပ်ရိုးရိုး ခပ်အအ အဖိုးကြီးတယောက်ဟု ထင်မြင်မိပါသည်။ မိမိတို့နှင့် စကားပြောသည့် အခါတွင်လည်း လေသံခပ်အေးအေးဖြင့် သူ့ကိုယ်သူ ကျနော်က၊ ကျနော်က ဟု သုံးနှုန်းကာ ပြောဆိုတတ်သူ တဦးလည်း ဖြစ်ပြီး ကျနော်သိထားတာကတော့ ဘယ်လိုပါဟုသာ သိမ်သိမ်မွေ့မွေ့ ပြောဆိုတတ်သူတဦး ဖြစ်ပါသည်။

ဆရာကြီးနှင့် ဘုရားဂေါပက ပြောဆိုနေသည်ကို နားထောင်မိမှ မန္တလေးမြို့၊၈၄လမ်း ၃၀x၃၁ကြားရှိ ရှင်ဘို့မယ် ဘုရားဝင်း အတွင်းရှိ ရုပ်ပွားတော်များသည် လွန်ခဲ့သော နှစ်ငါးရာကျော်က ဆင်ဘို့မယ် မိဘုရားကြီးတည်ထားခဲ့သော ရှေးဟောင်း ရုပ်ပွားတော်များဖြစ်ကြောင်းသိရပါတော့သည်။ ဆင်ဘို့မယ် မိဖုရားကြီးသည် မင်းဆက် ၅ ဆက်တို့၏ နန်းမခေါင် မိဘုရား ကြီးဖြစ်ပြီး တိုင်းရေးပြည်ရေးကို ချယ်လှယ်နိုင်ခဲ့သော မိဘုရားတပါးဖြစ်ကြောင်းလည်း ထိုကျမှပင် သိရပါတော့သည်။ ထို့ပြင် အဆိုပါ ဘုရားဝင်းအတွင်းရှိ ခေါင်းလောင်းကြီးတလုံးမှာ မင်းကွန်းခေါင်းလောင်းကြီး သွန်းလုပ်စဉ်က ပိုလျှံသည့် ကြေးများဖြင့် သွန်းလောင်းထားသည့် ခေါင်းလောင်းကြီးလေးခု အနက် တခုဖြစ်ကြောင်း သိရပါသည်။

၈၂လမ်း ၃၆x၃၇ ကြားရှိ စေတီငယ်လေးမှာ နန်းမတော်မယ်နုမှ အုတ်ကျောင်းကြီး ဆောက်ကာ ကိုးကွယ်ခဲ့သည့် သာသ နာပိုင် ညောင်ကန်ဆရာတော် ဦးဗုဓ် အထိမ်းအမှတ် အရိုးအိုးစေတီဖြစ်ကြောင်း ယခုမှ သိရသည်ဟု ကိုစစ်ငြိမ်းအေးက လည်း ပြောပြသည်။

ထို့အတူပင် မန်းမြို့ဈေးဝန်းကျင်ရှိ မင်းသားစု၊ မုန့်တီစု အရပ်ဘက်ရောက်လျှင် ပုပုခုံးခုံး ပုံစံတည်ထားသည့်စေတီများမှာ သာမန်မြင်နေကျ စေတီများနှင့် မတူပါလားဟု ထင်မြင်မိရုံသာရှိပါသည်။ ယခုမှပင် အဆိုပါ မုန့်တီစု၊မင်းသားစု၊ ရဟိုင်း စသည့် နေရာများမှာ ရှေးယခင်က မြေဒူးမင်းသည် ယိုးဒယားကို အောင်နိုင်ပြီးနောက် ဘုရင်နှင့် မင်းဆွေမင်းမျိုးများ၊ လက် မှုပညာသည်များကို ခေါ်ဆောင်လာခဲ့ပြီး မူလအစက အင်းဝတွင် နေထိုင်စေခဲ့သည်။ မြေဒူးမင်းနောက် ဘိုးတော်ဗဒုံမင်း လက်ထက်တွင် အမရပူရမြို့သစ်တည်ပြီးနောက် အဆိုပါ ယိုးဒယားတို့အား ပြောင်းရွှေ့နေရာချစေခဲ့ပြီး အဆိုပါ ယိုးဒယား တို့က ဘိုးတော်ဗဒုံမင်းထံသို့ ၎င်းတို့ ယိုးဒယားမှာ ရှိစဉ်ကကဲ့သို့ သဲပုံစေတီ တည်ခွင့်တောင်းခဲ့ရာ ဘိုးတော်က ခွင့်ပြု သဖြင့် ယခုထိ နှစ်စဉ်နှစ်တိုင်း သဲပုံစေတီတည်သည့် အလေ့အထဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါ စေတီများမှာ သဲပုံစေတီ တည်ခြင်း အထိမ်းအမှတ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း စိတ်ဝင်စားဖွယ် သမိုင်းကြောင်းများကို သိရပါသည်။

တကယ်တော့ ဆရာကြီးဦးထွန်းရီသည် သမိုင်း ဘာသာရပ်ကို စိတ်ဝင်စားသည့် လူငယ်၊ လူရွယ်တို့အတွက် လမ်း လျှောက် အဘိဓာန်ကြီးတခုသာ ဖြစ်ပါတော့သည်။ ၁၉၃၄တွင် မွေးဖွားပြီး ၁၉၅၁ တွင် ဆယ်တန်းအောင်မြင်လာခဲ့သည့် ဦးထွန်းရီအနေဖြင့်် မွေးရပ်ဒေသတွင် မူလတန်း ကျောင်းဆရာအဖြစ် တနှစ်ခွဲခန့် လုပ်ကိုင်ခဲ့ပြီးနောက် ကျောင်းနေဖက် သူငယ်ချင်းအကူအညီဖြင့် ရန်ကုန်မြို့ ဗမာပြည်သူ့ဘဏ်လီမိတက်တွင် လစာ ၁၇၀စား စာရေးဘဝမှ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၅ခုနှစ်တွင် မြန်မာကြယ်ငါးပွင့်သဘောၤလုပ်ငန်းသို့ မန်နေဂျာရာထူးဖြင့် ပြောင်းရွှေ့ အမှုထမ်းခဲ့သည်။ မြန်မာကြယ် ငါးပွင့်သဘောၤလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေခိုက် ဦးထွန်းရီ စုဆောင်းထားသော ရှေးဟောင်းစစ်တမ်းများကို ၂နှစ် ခန့် လာရောက် လေ့လာသွားသော ဂျပန်ပါမောက္ခက ဂျပန်နိုင်ငံသို့ တနှစ်တာလာရောက်၍ မြန်မာမှုသုတေသနများ လုပ် ဆောင်ရန် ဖိတ်ခေါ်သဖြင့် Study Leave တနှစ်ပေးရန် ခွင့်ပြုချက် တောင်းသော်လည်း အစိုးရမှ ခွင့်ပြုခဲ့ခြင်း မရှိခဲ့ပါ။

ထို့နောက်တွင်တော့ ဆရာကြီးဦးထွန်းရီသည် ပင်စင်ရရန် ၂နှစ်သာလိုတော့သည့်အချိန် အသက် (၅၈)နှစ် အရွယ်တွင် မည်သည့်အခွင့်အရေးမှ မရယူဘဲ နှုတ်ထွက်ခွင့်တောင်းကာ ကြယ်ငါးပွင့်မှ အလုပ်ထွက်လိုက်ပါတော့သည်။ ကံဆိုးမသွား ရာ မိုးလိုက်ရွာ ဆိုသလိုပင် ဆရာကြီးအတွက် စီစဉ်ထားသည့် ဂျပန် Proposal သည် သက်မှတ်ရက် ကျော်သွားပြီဖြစ် သောကြောင့် လာမည့်နှစ်တွင်မှ စတင်နိုင်တော့မည်ဖြစ်ကြောင်း အကြောင်းကြားလာတော့ရာ အလုပ်ဟောင်းလည်းပြုတ်၊ အလုပ်သစ်လည်း မရသည့် ကာလကို ခက်ခဲစွာ ဖြတ်ကျော်ရပါတော့သည်။

အဆိုးထဲက အကောင်းဆိုသလိုပင် အားလပ်ချိန်ရသွားသည့် ဆရာကြီးသည် အဆိုပါ တနှစ်တာကာလအတွင်း ရှေး ဟောင်းမှတ်တမ်းမှတ်ရာ စာပေ ပဒေသာများအား မူပွား ဖြန့်ဝေပြုစုသည့်လုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ပရောဂျက် ရရှိနိုင်ရေးအတွက် outline research များလည်း ပြုလုပ်နိုင်ခဲ့သည်။ ထို့အတူပင် ဆရာကြီးဒေါက်တာ သန်း ထွန်း ဂျပန်သွားစဉ်က သူရှာဖွေစုဆောင်းထားသည့် စာအုပ်စာတမ်းများ၊ သမိုင်းအထောက်အထားများကို မန္တလေးရှိ ဘုန်း ကြီးကျောင်းတခုတွင် အပ်နှံထားခဲ့ရပေရာ ထိုအချိန် တနှစ်အတွင်း ဆရာကြီး ဒေါက်တာသန်းထွန်း၏ စာအုပ်စာတမ်း၊ သမိုင်းအထောက်အထားများကို ရှင်းလင်းနေရာချထားခြင်း၊ စာရင်းပြုစုပေးခြင်းတို့ကို အဓိက လုပ်ဆောင်ပေးနိုင်ခဲ့သည်။

၁၉၉၃တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာခွင့်ရခဲ့သည့် ဆရာကြီးဦးထွန်းရီသည် ဂျပန်နိုင်ငံနာဂိုရာအနီးရှိ Aichi တက္ကသိုလ်တွင် Visiting Researcher အဖြစ် ၄နှစ်၊ Research Fellow အဖြစ် ၆နှစ်၊ စုစုပေါင်းဆယ်နှစ်နေထိုင်ကာ ရတနာပုံ ဥပဒေများ၊ ကုန်းဘောင်ငွေချေး သက္ကရာဇ်စာချုပ်များ၊ ကုန်းဘောင်ခေတ် စာရင်းပဒေသာစသည့် စာအုပ်များကို အင်္ဂလိပ်-မြန်မာနှစ် ဘာသာဖြင့် ပြုစုရေးသား ပုံနှိပ်ဖြန့်ဝေခဲ့သည်။ ဂျပန်မှ မြန်မာပြည်သို့ပြန်ရောက်သည့်အခါတွင်လည်း တိုယိုတာ ဖောင်ဒေး ရှင်းထံမှ ပရောဂျက် ၂နှစ် ထပ်မံရရှိခဲ့သဖြင့် ကုန်းဘောင်ခေတ် ဖြတ်ပိုင်းစာချုပ် စာငါးအုပ် (မူရင်းမှတ်တမ်း (၃)အုပ် နှင့် အင်္ဂလိပ်အကျဉ်းချုပ် ၂အုပ်) တို့ကို ပြုစုခဲ့ပါသည်။

ရှားပါးတိမ်မြှုပ်နေသည့် အနယ်နယ်အရပ်ရပ်မှ မြန်မာ့ရှေးဟောင်းစာပေအမြုတေနှင့် ရှေးဟောင်းစာမှတ်ပဒေသာများကို စုဆောင်းလေ့လာဖတ်ရှု၊ သုတေသနပြုရင်း ဝါသနာတူ သုတေသီများအတွက် ဖယောင်းစက္ကူပေါ်တွင် လက်ရေးဖြင့် လည်းကောင်း၊ လက်နှိပ်စက်ဖြင့် လည်းကောင်း၊ ရေးမှတ် ရိုက်နှိပ်ထားချက်ကို စာကူးစက်ဖြင့်လည်းကောင်း မူပွားဖြန့်ဝေမှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အရေအတွက်မှာ ၃၈နှစ်အတွင်း (၁၉၅၆ခုနှစ်မှ ၁၉၉၃ခုနှစ်အတွင်း) စာတွဲ ပေါင်း ၂၅၀ ကျော် ဖြစ်ပါသည်။ ဆရာကြီးဦးထွန်းရီ၏ လုပ်ဆောင်ချက်ကို နိုင်ငံကျော် သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင်က အသိအမှတ်ပြုအလေးထားသည်ကို ဦးထွန်းရီသို့ ပေးစာတစောင်တွင် ရေးသားထားချက်များကို ကြည့်ခြင်း အားဖြင့် သိနိုင်ပါသည်။

တောင်လေးလုံးအရှင်သူမြတ်ဆီက စာရတယ်။ တိုးလှဆိုတဲ့…ဆီကစာမပြန်ဘူး ROBIIမကြာခင်ထွက်မှာ၊ စာအုပ်လို ချင်တဲ့ အခါ ခင်ဗျားကို သိပ်သတိရတယ်။ သတိရလျက် သန်းထွန်း(11 Jan 85) ဆိုသည့် ပေးစာတွင် ဖော်ပြထားပါသည်။

ရှေးဟောင်း သမိုင်းစာပေယဉ်ကျေးမှု အကြောင်းအရာတို့နှင့် စပ်လျဉ်း၍ မင်းမဟော်၊ မောင်ကောက်သင်း၊ ရှေးဟောင်း စာပေသုတေသီတဦး၊ ထွန်းရီ (ရှေးဟောင်းသုတေသီ) စသည့် ကလောင်နာမည်များဖြင့် စာအုပ်စာတမ်းပေါင်းများစွာ ရေးသားပြုစုနေသော်လည်း ဆရာကြီးဦးထွန်းရီက သူ့ကိုယ်သူ အညတြသုတေသီ ဟူ၍သာ နာမည်ခံထားပါသည်။

သုတေသီဆိုသည့် နာမည်ခံရန်ပင် သူ့ကိုယ်သူ စိတ်သိပ်သန့်ပုံ မပေါ်ပါ။ မိမိသည် သုတေသီစစ်စစ်လည်းမဟုတ်၊ အဆင့် မြင့်သုတေသီလည်း မဟုတ်ပါ။ ရှေးဟောင်းအမှတ်အသား အထောက်အထားများ၊ ပေပုရပိုက်များတွင် ပြန့်ကျဲတိမ်မြှုပ် ငုတ်ကွယ်နေသည်များကို အပတ်တကုပ် ရှာဖွေစုစည်းဖော်ထုတ်ကာ မိမိလေ့လာဖတ်ရှုနိုင်သကဲ့သို့ အခြား အခြားသော သုတေသီတို့ အလွယ်တကူ ဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးနေသူတဦးသာဖြစ်သည့်အတွက် မိမိကိုယ်မိမိ အညတြ သုတေ သီတဦး ဟူ၍သာ ကမ္ဗည်း တင်လိုသူဖြစ်ကြောင်း ဆရာကြီး ၈၃နှစ်ပြည့် အမှတ်တရထုတ်ဝေသော ကုန်းဘောင်ခေတ် ပြည်တွင်းရေးရာ ပဒေသာ စာစုတွင် ဖော်ပြထားပါသည်။

ဆရာကြီး ဦးထွန်းရီ အင်းဝဒေသသို့ ကွင်းဆင်းလေ့လာသည်ကို လိုက်လံပို့ဆောင်ရင်း ကြုံတွေ့ရသည့် ကိစ္စတခုကို တံတားဦးသား စာရေးဆရာ ဗိုလ်ရှိတ်က ပြန်ဖောက်သည်ချပါသည်။ “ကျောင်းထိုင်ဘုန်းကြီးမှ ဒကာကြီးအလုပ်အကိုင်က ဘာလုပ်တာလဲလို့ မေးတော့ ဆရာကြီးက တပည့်တော်က စာပေဝါသနာရှင်ပါဘုရား၊ တခါတလေ စာရေးပါတယ်” လို့ပြန် ဖြေတယ်။ အဲဒီကတည်းက ငါလည်း ကိုယ့်ကိုယ်ကိုယ် စာရေးဆရာလို့ မပြောရဲတော့ဘူး” ဟု ပြောပါသည်။ မာန်မာန မရှိ ဘဲ နှိမ့်ချကာ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံသည့်ပုံစံသည် ဆရာကြီးဦးထွန်းရီ၏ အထူးထင်ရှားသည့် ဝိသေသ လက္ခဏာ တခုဖြစ်ပါသည်။

ဝါသနာပါရာ စောက်ချလုပ်ကိုင်နေသော်လည်းဆရာကြီးမှာ ငွေကြေး အဆင်ပြေပုံသိပ်မရှိပါ။ သူ့အသက် ၈၀ပြည့် အမှတ် တရ ထုတ်ဝေသော ကုန်းဘောင်ခေတ် ပြည်တွင်းရေးရာပဒေသာစာစု စာအုပ်တွင် မြန်မာမှုဆိုင်ရာစာအုပ်များကို ပုံနှိပ် ထုတ်ဝေလိုသူ အလွန့်အလွန်ရှားပါးနေမှုကြောင့် ကိုယ်ပိုင်ရင်းနှီးငွေကို ကတ်ကတ်သတ်သတ် ခက်ခက်ခဲခဲဖန်တီးကာ ရေရှည်တည်တံ့နိုင်ရေးအတွက် မိသားစုလုပ်ငန်းတခုအဖြစ် တိုးမြှင့်တာဝန်ယူနိုင်ရန် မိဘဂုဏ် စာပေတိုက်ကို ၂၀၁၃ ခု တွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားပါသည်။ အခြေအနေကား ထူးခြားမှုမရှိ၊ ငွေကြေးတတ်နိုင်သည့် အင်အား ဖြင့်သာ အချိန်နှင့် ခရီးအတိုင်းအတာတရပ်ဆီသို့ ချီတက်နေခြင်းဖြစ်ပါသည်တဲ့။

ရှေးဟောင်း ဒေသအသီးသီးသို့ နယ်မြေကွင်းဆင်းကာ ရှေးမူ အထောက်အထား၊ လက်ရှိ မြင်နေရသည့် အထောက်အ ထားတို့ဖြင့် တိုက်ဆိုင်စစ်ဆေးကာ ရေးသားသည့် လုပ်ငန်းမှာ ငွေကုန်ကြေးကျ များပြားလှပြီး ရေးသားပြုစုရသည်မှာ လည်း လွန်စွာ လက်ဝင်လှပါသည်။ သို့သော်လည်း ဤဘာသာရပ်ကို စိတ်ဝင်စားသူမှာ နည်းပါးလှပါသည်။

မည်သို့ပင်ဆိုစေကာမူ ဆရာကြီးကတော့ လွယ်အိတ်လေးလွယ်ကာ မှတ်စုစာအုပ်လေးတအုပ်၊ ဆပ်ပြာခွက်အရွယ် ကင်မ ရာ သေးသေးလေးတလုံးဖြင့် မြန်မာနိုင်ငံအရပ်ရပ်သို့ နှစ်စဉ်ခြေဆန့်ကာ ၈၃နှစ်ဆိုသည့် အသက်အရွယ်ကို မေ့ထားပြီး လူူငယ်လေးတဦးကဲ့သို့ တက်တက်ကြွကြွ သုတေသနလုပ် ကွင်းဆင်းလေ့လာရင်း သမိုင်းဆိုင်ရာ စာအုပ်များကို ရေးသား ထုတ်ဝေနေဦးမည်သာ ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading