ကောင်းကင်တခွင်လုံး အုံဆိုင်းဆိုင်းဖြင့် မီးခိုးများ ပြည့်နှက်နေသလို မီးခိုးညှော်နံ့များကြောင့် တမြို့လုံး နံစော်လျက် ရှိနေသည်။
ထိုသို့ နံဆော်နေသည့် မီးခိုးများကြားတွင် အကူအညီပေးသူတချို့၊ မီးသတ်သမားများနှင့် တပ်မ ၇၇ တပ်ရင်းမှ တပ်မတော်သားများက ပျားပန်းခတ် ရှင်းလင်းနေသည်ကို တွေ့ရသည်။
ထိုနေရာသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီလ ၄ ရက်မှ စတင်ကာ ၁၆ နာရီ နီးပါးကြာအောင် လောင်ကျွမ်းခဲ့သည့် မီးကြောင့် နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်နှင့် မြို့လယ်ရပ်ကွက်တို့ ပြာကျသွားခဲ့ပြီးနောက် မြင်ကွင်း ဖြစ်သည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ၃ ရက်အကြာ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ နမ့်ဆန်မြို့ မီးလောင်ကျွမ်းမှုကြောင့် မီးခိုးများ ရှိနေသေးသ ကဲ့သို့ တချို့နေရာများတွင် မီးကြွင်းမီးကျန်များ ရှိနေသေးသဖြင့် မီးသတ်များ ဆက်လက်ငြိမ်းသက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ယခုအချိန်တွင် နမ့်ဆန်မြိ့မှာ ရုပ်ရှင်များထဲတွင် မြင်တွေ့ဖူးနေကြ မြို့ပျက်ကြီးတခုနှင့်သာ တူနေတော့သည်။
နမ့်ဆန်မြို့ မီးဘယ်လို စလောင်သလဲ
နမ့်ဆန်မြို့ တမြို့လုံးနီးပါး ပြာကျသည့်အထိ မီးလောင်ကျွမ်းရမှုနှင့်ပတ်သတ်ပြီး ကောလာဟလ မျိုးစုံ ထွက်ပေါ်ခဲ့ပါသည်။ တချို့ ဒေသ ခံများကလည်း မီးစတင် လောင်ကျွမ်းသည့် ခိုင်သစ္စာပွဲရုံရှိ အိမ်ရှင် အမျိုးသားသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လောင်ကျွမ်းခဲ့ ကြောင်း စွပ်စွဲ ပြောဆိုကြသည်။
“မူးယစ်ဆေးဝါးကြောင့် မီးလောင်တယ်ဆိုတဲ့ သတင်းရဲ့ အတည်ပြုချက်အနေနဲ့ ကျနော်အနေနဲ့ မပြောနိုင်ဘူး။ ကြားရတာကတော့ ဖ ယောင်းတိုင်မီးက ဆိုတော့ နေခင်းကြောင်တောင်ကြီးမှာ ဖယောင်းတိုင် မီးထွန်းတယ်ဆိုတာ စဉ်းစားစရာပေါ့။ အများပြောသလိုလည်း ဖြစ်နိုင်တယ်။ အတည်ပြုချက်တော့ မပေးနိုင်ဘူး”ဟု နမ့်ဆန်မြို့ ကာလဒါနအသင်း နာယက ဦးကြားသီက ဧရာဝတီသို့ ပြောသည်။
မီးစတင် လောင်ကျွမ်းခဲ့သည့် အိမ်ရှင် အမျိုးသား မောင်စောခိုင်ကို ပေါ့ဆမီး ပ-၁/၂၀၁၆၊ ပုဒ်မ ၂၈၅နှင့် မူးယစ် ပုဒ်မ ၁/၂၀၁၆ မူးဆေး ၁၅/၂၅ တို့ဖြင့် နမ့်ဆန်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း ဒုရဲမှူး မိုးညွန့်ဦးက ဧရာဝတီသို့ ပြောသည်။
“သူကတော့ အဓိက လက်ဖက်ခြောက်ကို လှော်ပြီး သုံးကြတယ်။ မီးဖိုနားက အပူလွန်ပြီး မီးလောင်တာပါ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးက တင်ပြပါတယ်။ မူးယစ်ဆေးဝါး လက်ဝယ်ကတော့ သူ့ဆီမှာ မမိပါဘူး။ မူးယစ်ဆေးဝါး ကျော်စောမှုနဲ့ အရေး ယူထားပါတယ်”ဟု ဒုရဲမှူး မိုးညွန့်ဦးက ဆိုသည်။
မီးပေါ့ဆမှု ပြစ်မှု ပ-၁/၂၀၁၆၊ ပုဒ်မ ၂၈၅ သည် အနည်းဆုံး ထောင်ဒဏ် ၃နှစ် ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ မူးယစ် သုံးစွဲမှု ပေါ်ပေါက်ပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ် ထပ်မံ ချမှတ်နိုင်သည်ဟု ဒုရဲမှူး မိုးညွန့်လွင်က ဆိုသည်။
“ကျနော်အိမ်ကတော့ နောက်ဆုံး မီးလောင်တဲ့အထဲမှာ ပါသွားတယ်။ ဘာတခုမှ ပြန်မရပေမယ့် ကျနော်ရဲ့ စီးပွားဖြစ် ဒံပေါက်အိုးတွေ ကိုတော့ ပြန်ရပါတယ်။ ဒီအိုးတွေနဲ့ ဘဝပြန် ထူထောင်ရမှာပါ။ ဂျပန်ခေတ်က ဗုံးကျတာတောင် ကျနော်အိမ် မပျက်စီးခဲ့ဘူး”ဟု နမ့်ဆန် မြို့ခံ ဦးအာပူးက ဧရာဝတီသို့ ပြောသည်။
မီးလောင်ကျွမ်းရသည့် အကြောင်းရင်း
နမ့်ဆန်မြို့ရှိ အိမ်များသည် တောင်စောင်း နှစ်ဖက်ပေါ်တွင် သစ်သားများဖြင့် တည်ဆောက်ထားပြီး တအိမ်နှင့်တအိမ် အလွန် ကပ်ပြီး တည်ဆောက်ထားသဖြင့် မီးကူးစက်ရန် အလွန်လွယ်ကူသည့် အနေအထားမျိုး ဖြစ်နေသည်။ လမ်းမကြီးမှာလည်း ၁၂ပေခန့်သာ ရှိ သည်။
ထို့ကြောင့် လမ်းကျဉ်းသဖြင့် မီးသတ်ကား တစီးသာ ဝင်နိုင်ကြောင်း၊ မီးသတ်ကား ရှိသော်လည်း နမ့်ဆန်မြို့အတွက် အသုံးမဝင် ကြောင်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးရေး ဥက္ကဌ ဦးမောင်ကျော်က ဆိုသည်။
ထို့ကြောင့် အိမ်ခြေ ၂၀၉ လုံး ကူးစက် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦးသာ ရှိခဲ့သည်။
ဦးမောင်ကျော်က“နမ့်ဆန်မြို့ဟာ လမ်းတလမ်းပဲ ရှိတယ်။ လမ်းတလမ်း ရှိတဲ့အတွက် ကွင်းလမ်းတွေ မရှိတဲ့အတွက် အလယ်က လောင် ရင် အပေါ်ပိုင်းရော အောက်ပိုင်းရော ကူးနိုင်ပါတယ်။ နောက်တခါ မီးသတ်ကားတွေ ရောက်လာဦး။ လမ်းက ကျဉ်းတဲ့အတွက် နှစ်ဘက် လောင်နေတဲ့အချိန်မှာ မီးသတ်က ဖြတ်လို့မရဘူး”ဟု ပြောသည်။
နမ့်ဆန်မြို့အတွက် အရေးပေါ် မီးသတ်ကား အစီးရေ ၄ စီး ရှိသော်လည်း ကား၏ ကြံ့ခိုင်မှု အရည်အသွေး အားနည်းမှု ရှိနေကြောင်း၊ မီး လောင်ကျွမ်းသည်အခါတွင် ကား၏ အရည်အသွေး အားနည်းမှုကြောင့် ရေမထွက်ခြင်းနှင့် မြို့၏ လမ်းကျဉ်းမှုကြောင့် မီးသတ်ကား ဝင် ထွက်ရန် ခက်ခဲသဖြင့် မဖြစ်သင့်သည့်ကိစ္စ ဖြစ်သွားရကြောင်း နမ့်ဆန်မြို့ခံ ဦးကြားသီက ပြောသည်။
ဦးကြားသီက“တခွန်းတည်း စကားဖြင့် ဖော်ပြရရင် စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ မီးက လိုအပ်တာထက် ကြီးသွားတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု အ ပိုင်းက မြို့ပြ စီမံခန့်ခွဲမှု အရေးပေါ် ကြုံလာရင် ကွပ်ကဲမယ့် ခေါင်းဆောင်ပိုင်း အရေးပေါ် ကြုံတွေ့လာရင် လူတွေရဲ့ Capacity၊ ဒါတွေ အားလုံးဟာ ချို့ယွင်းနေတဲ့ အတွက်ကြောင့် လိုတာထက် ပိုကြီးတာ ဖြစ်ပါတယ်”ဟု ပြောသည်။
နမ့်ဆန်မြို့တဦးဖြစ်သူ ဦးမောင်အေးကလည်း“ မီးလောင်တော့ မီးသတ်ကားတော့ လာပါတယ်။ မြို့ရဲ့ လမ်းကကျဉ်း၊ မီးသတ်ကားက လည်း သုံးစားလို့ မရတော့ မထင်မှတ်ဘဲ အိမ်ခြေ ၂၀၀ကျော် လောင်သွားတယ်။
ကျနော်တို့လည်း ဒီလို ဖြစ်မယ်လို့ မထင်မိဘူး။ မီး လောင်တဲ့ အိမ်တွေကို အရေးပေး မီးငြိမ်းခဲ့တယ်။ ကိုယ့်အိမ်ကိုေတောင် မကြည့်နိုင်ဘူး။ ကျနော်အိမ်လည်း မီးထဲပါသွားတယ်။ ဘာဆို ဘာမှ ပြန်မရဘူး”ဟု ပြောသည်။
နမ့်ဆန်မြို့ ဒေသခံများက အစိုးရ တပ်မတော်နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့ကြား တိုက်ပွဲ ဖြစ်မည်ကို စိုးရိမ်သဖြင့် မိမိအိမ်ရှိ အရေးကြီး စာရွက်စာတမ်း၊ ရွှေ၊ ငွေကို ထုတ်ပိုး ပြင်ဆင်မှု ပြုလုပ်ထားကြသည်။ သို့သော် မထင်မှတ် ဘဲ မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် စာရွက်စာတမ်းနှင့် ရွှေ၊ ငွေ ပစ္စည်းများကို ဒေသခံတချို့က သယ်ယူနိုင်ခဲ့သည်ဟု သိရသည်။
နမ့်ဆန်မြို့မ ရဲစခန်း ဒုရဲမှူး မျိုးညွန့်ဦးက“ကျနော်တို့ မီးစတင်လောင်ကျွမ်းတာကို သတင်းချက်ချင်း မရတာတွေ၊ နောက်လောင်တဲ့ အိမ်က လက်ဖက်ခြောက် လောင်စာတွေ သိုလှောင်ထားတဲ့အိမ် ဖြစ်တာတွေ။ နမ့်ဆန်မှာရှိတဲ့ အဆောက်အဦးသည် ထင်းရှူးသားများ ဖြစ်ပြီး ရေနံချေးတွေ ပြည့်ဝနေတာတွေ၊ နောက်မီးသတ်ကား အဝင်အထွက်ခက်ခဲပြီး လမ်းက ကျဉ်းတာတွေ၊ မြို့ရှောင်လမ်း မရှိတာ တွေ၊ မီးသတ်ကား ရေရရှိမှု ခက်ခဲတာတွေ၊ နောက်နမ့်ဆန်မြို့က တောင်ပေါ်ဒေသဖြစ်တဲ့အတွက် လေတိုက်နှုန်းက ပြင်းထန်တာ ကြောင့် ဒီလောက် ပျက်စီးဆုံးရှုံးရတာပါ”ဟု ပြောသည်။
မီးဘေး ဒုက္ခသည် ကူညီကယ်ဆယ်ရေး
မီးဘေး ဒုက္ခသည်များအတွက် အနယ်နယ် အရပ်ရပ်မှ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများက မီးလောင်သည့်ရက် နောက်ပိုင်းမှ စတင် ကာ နမ့်ဆန်မြို့သို့ လာရောက် ကူညီပေးသကဲ့သို့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်လည်း လာရောက် ကူညီခဲ့သည်။
မီးဘေးဒုက္ခသည် ၁၂၇၉ ဦးတွင် တချို့က ဘုန်းကြီးကျောင်းများတွင် တည်းခိုကြသကဲ့သို့ အများစုသည် မိမိ နီးစပ်ရာ ဆွေးမျိုးအိမ်များ တွင် တည်းခို နေထိုင်နေကြသည်ကို တွေ့ရသည်။
ပလောင်(တအာင်း) အမျိုးသားပါတီ အတွင်းရေးမှူး ဦးလှကျော်က“ဘုန်ကြီးကျောင်းမှာက မီးဘေး ဒုက္ခသည် ၁၀၀ ကျော်ပဲ နေထိုင်ပါ တယ်။ ကျန်တဲ့သူတွေကတော့ ကိုယ်နီးစပ်ရာ ဆွေမျိုးတွေဆီမှာ နေကြတယ်။ မနက်ဆိုရင် သူတို့ ဒီဘုန်းကြီးကျောင်းမှာ လူလာစုပြီး အလှူရှင်တွေဆီက ပစ္စည်းတွေ လာထုတ်ကြပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မီးဘေး ဒုက္ခသည်များအတွက် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသဖွံ့ဖြိုးဦးစီး အစိုးရအဖွဲ့၏ လုပ်ထုံး လုပ်နည်းအရ ကယ်ဆယ် ရေး ကော်မတီ ဖွဲ့ထားသော်လည်း လက်တွေ့တွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ မီးဘေး ဒုက္ခသည်များအတွက် ချက်ပြုတ် ကျွေးမွေး သည့် အပိုင်းကို မေတ္တာစေတနာဖြင့် လာရောက်ကူညီသည့် ကျေးရွာအဖွဲ့များသာ လုပ်ဆောင်နေကြောင်း ကာလဒါန လူမှုအသင်း အဖွဲ့ မှ ဦးကြားသီက ပြောသည်။
“မီးဘေး ဒုက္ခသည်များအတွက် နယ်ပယ်အသီးသီးက လာရောက်လှူဒါန်းပါတယ်။ တပ်မတော်၊ သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဇ၊ ဧရာဝတီ ဘဏ်၊ လွိုင်ဟိန်းနဲ့ တခြားနယ်က လူမှုရေး အဖွဲ့တွေ ရောက်လာပါတယ်။ မီးဘေးအတွက် စားသောက်ဖို့နဲ့ ပစ္စည်းတွေက လုံလောက် သလောက် ရှိပါတယ်။ အခု ဆန်ဆိုရင် အိတ် ၂၀၀၀ ကျော်လောက် ရှိပါတယ်”ဟု ဦးကြားသီက ဆိုသည်။
နမ့်ဆန် ဒေသခံ အမျိုးသမီးတဦးကလည်း“ကျမတို့ဆီကို အလှူရှင်တွေ အများကြီး လာရောက် လှူဒါန်းပါတယ်။ ကျေးဇူးလည်း တင်ပါ တယ်။ ဒီချိန်မှာတော့ စားသောက်နိုင်ပေမယ့် ကျမတို့ အိမ်ပြန်ဆောက်တဲ့ အချိန်မှာ လိုအပ်မှုတွေ ဒီထက်များမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြန်လည် ထူထောင်ရေးကာလ ကြုံတွေ့ရမည့် အခက်အခဲ
နမ့်ဆန်မြို့ ပြန်လည်ထူထောင်ရေးမှာ အချိန်ကြာမြင့်နိုင်ပြီး နမ့်ဆန်မြို့ပြစီမံကိန်းကို အသစ်ပြန်လည်ရေးဆွဲရန် ပညာရှင်များကို ခေါ်ယူ သွားမည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် စီးပွားရေး ပြန်လည် မထူထောင်နိုင်သေးသဖြင့် ပြန်လည် ထူထောင်ရေးကာလအတွက် ငွေများ၊ အိမ်ဆောက် ပစ္စည်းများ အဓိက လိုအပ်မည်ဟုလည်း ဒေသခံများက ဆိုသည်။
“ကျနော်တို့ Town Plan ပြန်ဆွဲရမယ်။ ပညာရှင်တွေနဲ့ Town Plan ပြန်ဆွဲ၊ ဆွဲပြီးရင် ပြန်ပြီးတော့ နေရာချ ထားပေးမယ်။ နေရာချ ပေးတဲ့အခါမှာ ဒီလို နောက်ထပ် မီးလောင်မှု မဖြစ်အောင် လမ်းတွေ ပိုကျယ်သွားအောင် စနစ်တကျ ပြန်လုပ်ပေးမယ်”ဟု ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးရေး ဥက္ကဌ ဦးမောင်ကျော်က ဆိုသည်။
နမ့်ဆန်မြို့ကို ပြန်လည် ထူထောင်သည့်အခါတွင် မြို့ပြစီမံကိန်း ကောင်းမွန်စွာရေးဆွဲပြီး အိမ်များကို ယခင်လို သစ်သားများဖြင့် တည် ဆောက်မည် မဟုတ်ဘဲ သံများ၊ အုတ်များဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဦးမောင်ကျော်က ဆိုသည်။
“အိမ်ဆောက်ပေးဖို့ အတွက်ကတော့ မြို့ပြစီမံကိန်း ရေးဆွဲပြီးမှပဲ လုပ်နိုင်မယ်။ လက်ရှိ ကျနော်တို့ ရရှိတဲ့ အလှူငွေတွေနဲ့ ပြီးတော့ သူတို့မှာရှိတဲ့ ငွေတွေနဲ့ ပေါင်းပြီးတော့ ပြန်လည် ထူထောင်သွားမှာပါ”ဟု ဦးမောင်ကျော်က ဆိုပြန်သည်။
မြို့ပြ စီမံကိန်း ပြန်လည်ရေးဆွဲသည့် အခါတွင်လည်း အချိန်ယူ ရေးဆွဲပေးရန် လိုအပ်ကြောင်း၊ ထပ်မံ၍ ဖြစ်ပွားမှု မရှိစေရန်အတွက် မြို့ပြ စီမံခန့်ခွဲမှုကို မလျော့ချသင့်ကြောင်း ဒေသခံများက အကြံပြုသည်။
“မြို့ပြ စီမံကိန်းတွေ ညံ့လို့ လမ်းတွေကျဉ်းလို့ ကျနော်တို့ မြို့ မဖြစ်သင့်တာ ဖြစ်သွားခဲ့ပြီးပြီ။ ဒါနဲ့ဆို ၂ ကြိမ် လောင်ခဲ့ပြီ။ နောက်တကြိမ် မလောင်ဖို့ကတော့ လမ်းတွေ ချဲ့သင့်ပါတယ်။ မြို့ကိုလည်း စနစ်တကျ ပြန်ဖော်သင့်ပါတယ်”ဟု နမ့်ဆန်ဒေသခံ ကိုအောင်ခိုင်က ပြော သည်။
နမ့်ဆန်မြို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ကျော်ကပင် တည်ဆောက်ထားသည့် မြို့ဖြစ်သဖြင့် လက်ရှိအချိန်အတွက် မြို့ပြစီမံကိန်း မသင့်လျော်ကြောင်း ကိုအောင်ခိုင်က ဆိုသည်။
အိုးအိမ်ပြန်လည် ထူထောင်ရန်အတွက် ငွေကြေးခက်ခဲနေသူများအတွက် အစိုးရတရပ်အနေဖြင့် ကူညီပေးစေလိုကြောင်း နမ့်ဆန် ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၅၃၃၂ ပေမြင့်မားသည့် လက်ဖက်မြို့တော် နမ့်ဆန်မြို့သည် ကမ္ဘာ လှည့် ခရီးသွားများ နှစ်သက်သဘောကျခဲ့သည့် မြို့တမြို့ ဖြစ်သည်။ ထိုကြောင့် ယခင်က ကဲ့သို့ပင် အေးချမ်းသာယာလှပသည့် နမ့်ဆန် မြို့ ပြန်လည် ဖြစ်လာနိုင်ပါ့မလား ဆိုသည့် မေးခွန်းနှင့် ယင်းကိစ္စအပေါ် စိတ်ပူနေသူများစွာ ရှိနေကြပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
https://burma.irrawaddy.com/interview/2016/02/08/106896.html
https://burma.irrawaddy.com/news/2016/02/08/106953.html