ရန်ကုန်မြို့ပြမှာ စီးပွားရေး ဖွံဖြိုးလာမှုနဲ့အတူ တိုးပွားလာတဲ့ ကားအစီးရေတွေကြောင့် ယာဉ်ကြောကြပ်တည်းမှုတွေ ဖြစ်ပွားနေရတာကို အထိုက်အလျောက် ပြေလည်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင် ဖွဲ့စည်းပေးထားတဲ့ ရန်ကုန်ဘတ်စ်ကား အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ လီမိတက်ကနေ ရှေ့ပြေး အမြန်ယာဉ်လိုင်းစနစ်(Semi-BRT)ကို ရန်ကုန်မြို့မှာ စတင်ခဲ့ပါတယ်။
တကယ်တော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အပေါ့စား အမြန် ဘတ်စ်ကားစနစ်(BRT-Bus Rapid Tranist)စစ်စစ် မကျင့်သုံးနိုင်သေး တဲ့အတွက် အခု Semi-BRT စနစ်ကို စမ်းသပ်ပြီး ကျင့်သုံးလိုက်တာပါ။
ခရီးသွားလာရေးနဲ့ ပတ်သက်ပြီး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေရချိန်မှာပဲ ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းမယ်ဆိုပြီး ကြွေးကြော်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က BRT စနစ် တကယ်အလုပ်ဖြစ်ရဲ့လားဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
ရန်ကုန် အများပိုင် ဘတ်စ်ကားလိုင်းကို ရန်ကုန် မြို့ပြင် ထောက်ကြံ့မြို့ကနေ မြို့တွင်း ဗိုလ်ချုပ်လမ်းဆုံနဲ့ ဆူးလေလမ်းဆုံအထိ ကမ္ဘာအေးလမ်း၊ ပြည်လမ်း တလျှောက်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင် ပြေးဆွဲလိုက်ပါတယ်။
ဘတ်စ်ကား ၁၈ စီးနဲ့ စတင်ပြေးဆွဲတဲ့ ဒီစနစ်မှာ ကိုယ့်ကားလိုင်းအတွက် သီးခြား ဘတ်စ်ကားမှတ်တိုင် ထားရှိတာ၊ ယာဉ်နောက် လိုက်မပါဘဲ ကတ်စနစ်ကို ကျင့်သုံးတာ၊ ယာဉ်လိုင်းကြောင်း သတ်သတ်မှတ်မှတ် ထားရှိပေးတာတွေက ရန်ကုန်မြို့တွင်း သယ်ယူ ပို့ဆောင်ရေးစနစ်အတွက် အသစ်တွေချည်းပါပဲ။
အခုလကုန်ပိုင်းမှာ ကားအစီးရေ ၄၀ ခန့် ထပ်မံ ရောက်လာဖို့လည်း ရှိပြီး ထောက်ကြံလမ်းဆုံကနေ ကမ္ဘာအေးဘုရားလမ်း တလျှောက် ဖြတ်သန်းကာ ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေလမ်းဆုံ၊ ဗိုလ်တထောင်လမ်းဆုံမှ ကမ်းနားလမ်းတိုင်း ဖြတ်မောင်းပြီး ပြည်လမ်း တလျှောက် ပြေးဆွဲမှာလို့ သိရပါတယ်။
ရန်ကုန်မြို့ပြရဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေး ကဏ္ဍက အလွန်အမင်း ကျဆင်းနေခဲ့တာ အချိန်ကာလ အတော်ကြာနေခဲ့ပါပြီ။ ယာဉ် ကြောကြပ်တည်းခြင်းနဲ့အတူ အလုပ်သွားချိန်၊ အလုပ်ပြန်ချိန်တွေမှာ အချိန်မီလိုစိတ်နဲ့ လိုက်ပါစီးနှင်းချင်တဲ့ ခရီးသွားပြည်သူတွေနဲ့ ရောက်လာတဲ့ ကားကမဆံ့၊ ကြပ်ကြပ်တည်းတည်းနဲ့ ခရီးသွားနေခဲ့ရတဲ့ အခက်အခဲတွေက ရန်ကုန်မြို့နေ ပြည်သူတွေကို စိန်ခေါ် နေခဲ့တာပါ။
အခု ပေါ်ပေါက်လာတဲ့ BRT စနစ်ကလည်း အဲဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ မလွယ်ကူသေးပါဘူး။ BRTစနစ်က လိုင်းကားတွေဟာ ကားမှတ်တိုင်အဟောင်းတွေမှာ မရပ်ဘဲ သုံးမှတ်တိုင်ကြားမှာ တမှတ်တိုင် ပုံစံထားပြီး ရပ်တာက စီးနင်းသူတွေအတွက် အဆင်မပြေမှု တွေ ဖြစ်စေပြီး နောက်အခက်အခဲတခုကတော့ ကားစီးဖို့ ငွေဖြည့်ကတ် အရောင်းကောင်တာတွေ လွယ်လွယ်ကူကူ မတွေ့ရှိရတာပါပဲ။
BRT စနစ် လိုင်းကား စီးခဲ့သူ ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက“သွားချင်တဲ့ မှတ်တိုင်ကို မရောက်ဘူး။ မသိခင်တော့ ရပ်ပေးတယ်။ နောက်ပိုင်း လူသိများလာရင် မရပ်ဘူးဆိုတော့ အဆင်ပြေပါ့မလား။ အခုအနေထားက အဆင်ပြေတယ်။ အဓိကက မှတ်တိုင်ပဲ။ သုံးမှတ်တိုင်ကြားရပ်တော့ လမ်းလျှောက်ရတာလည်း အဆင်မပြေဘူး”လို့ ပြောပါတယ်။
BRT ယာဉ်လိုင်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ဖြန့်ကျက်ပေးနိုင်မှု အားနည်းတာက အသုံးပြု စီးနင်းချင်သူအတွက် ဘယ်လို စီးနင်းရမယ်ဆိုတာ သိတဲ့သူ နည်းပါတယ်။ ယာဉ်လမ်းကြောင်း ပြေးဆွဲပေးမယ့် နေရာတွေကိုလည်း ကားပေါ်မှာ ပြထားပေးဖို့ လိုအပ် နေတယ်လို့ ခရီးသည်တွေက ပြောဆိုပါတယ်။
ထောက်ကြံမှ ဆူးလေဘုရားလမ်းအထိ စီးနင်းလိုက်ပါသည့် ခရီးသည် ဦးကျော်စိုးက“ကျနော်က မင်္ဂလာဈေးက အထည်တွေကို ထောက်ကြံ့ကို ယူရောင်းတာ။ ဒီကားနဲ့ ပတ်သက်လို့ သိပ်မသိဘူး။ သက်ဆိုင်ရာက သတင်းအချက်ပေးတာ အားနည်းတယ်”လို့ ဆိုပါတယ်။
BRT စနစ် အမြန်ဘတ်စ်ကားအတွက် ယာဉ်စီးခနှုန်းကိုလည်း ပုံသေကျပ် ၃၀၀ သတ်မှတ်ထားပါတယ်။ လက်တလောမှာတော့ အမြန် ဘတ်စ်ကား စီးနင်းဖို့အတွက် ဘတ်စ်ကားအတွင်းမှာ ယာဉ်အကူသဘော လိုက်ပါလာတဲ့သူက ရောင်းချပေးနေပြီး အနိမ့်ဆုံး ငွေဖြည့် ကတ် ၁၀၀၀ ကျပ်တန်ကနေ စပြီး ကြိုက်သလောက် ငွေဖြည့်ထားနိုင်ပါတယ်။
ဒါပေမယ့် ကားတိုင်းမှာ ငွေဖြည့်စက်က မတပ်ဆင်ရပါသေးပါဘူး။ ကတ်နဲ့ ပတ်သက်တဲ့ အသုံးပြုပုံကိုလည်း စီးနင်းမယ့်သူတွေကို အသိ ပညာပေးမှုက လိုအပ်နေပါတယ်။
ခရီးသည်တဦးက“ကိုယ်က နှစ်ယောက်တက်လာတာ မသိတော့ ၂ ကတ် ဝယ်မိသွားတယ်။ နောက်မှ နှစ်ယောက် တက်ရင် စီးနင်းခွင့် ကတ် ဖတ်တဲ့စက်မှာ နှစ်ခါပြရင် နှစ်ယောက်စာပေးလို့ ရတယ်လို့ သိရပါတယ်။ ဒါတွေက ကတ်ရောင်းချတဲ့အခါမှာ သေသေချာချာ ရှင်းပြဖို့ လိုပါတယ်”လို့ ပြောပါတယ်။
ယာဉ်စီးခနှုန်းထား ကျပ် ၃၀၀ ဆိုတာက ခရီးဝေး စီးနင်းသူတွေအတွက် ထိုက်သင့်တဲ့ ဈေးနှုန်းတခုဖြစ်သလို ကားအတွင်း သန့်ရှင်းမှု၊ လုံခြုံ သက်သာစွာ စီးနင်းနိုင်မှု၊ အဲယားကွန်း တပ်ဆင်ပေးထားတဲ့ ဝန်ဆောင်မှုစတဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေကိုလည်း လျှော့ ကျ မသွားဘဲ ရေရှည် ထိန်းသိမ်းသွားနိုင်ရန် လိုအပ်တယ်လို့ ခရီးသွားတွေက အကြံပြုပါတယ်။
ကုမ္ပဏီ ဝန်ထမ်း အမျိုးသားတဦးက“စိတ်ချမ်းသာတယ်။ တချိန်တုန်းက ကြပ်ကြပ်တည်းတည်း စီးခဲ့ရတာကို ဒီလိုမျိုးလေး ပေးစီးရတာ ကို ၂၀၀ ကို ၁၀၀ ပိုသွားတာပဲ ရှိပေမယ့် အများကြီး ကောင်းသွားတာပေါ့။ ခရီးသည်တွေက သက်သာမယ် အေးအေးဆေးဆေးနဲ့ စိတ် အပူအပင် မရှိဘဲ စီးရမယ်။ ပြန်ချိန်မှာလည်း သက်သက်သာသာနဲ့ စီးရမယ်”လို့ ပြောပါတယ်။
ယာဉ်စီးနင်းမယ့်သူတွေ အလေ့အကျင့် ကောင်းရလာစေဖို့ ကားရပ်ချိန်မှာ တပြိုင်တည်း အပြိုင်တက်စရာမလိုဘဲ တန်းစီစနစ်နဲ့ တက် ရောက်ဖို့ လုပ်မယ်လို့လည်း အမြန်ဘတ်စ်ကားသစ်နဲ့ ပတ်သက်ပြီး ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဥက္ကဌက ဒေါက်တာမောင်အောင်က ပြောဆိုထားပါတယ်။
BRT ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုထွန်းလင်းကျော်က“အခုလောလောဆယ်တော့ လူသိပ်မသိသေးတဲ့အတွက် ခရီးသည် သိပ်မတက် ဘူး။ တန်းစီတဲ့အထိ မရောက်သေးဘူး။ မနေ့ကဆို တကြောင်းပတ်လိုက်မှ ခရီးသည် အားလုံးပေါင်း ၈၅ ယောက်ပဲ ရတယ်။ ကားပေါ်မှာ ထိုင်ခုံက ၄၅ခုံ။ ရပ်စီး ၁၇ယောက် တင်ရပါတယ်”လို့ ပြောပါတယ်။
BRT စနစ် အမြန် ဘတ်စ်ကားကို ခရီးစဉ် သုံးမှတ်တိုင်ကြား တခါရပ်ရတာဟာ ခရီးစဉ် ပိုမြန်လာဖို့ ရည်ရွယ်ထား ရှိပေမယ့် လက်ရှိ အချိန်မှာတော့ လမ်းပေါ်မှာ ပြေးနေတဲ့ တခြားယာဉ်တွေနဲ့အတူ သွားလာနေရတာကြောင့် တခြား ယာဉ်လိုင်းတွေလိုပဲ အချိန်ကွာခြားမှု သိပ်မရှိနိုင်သေးဘူးလို့ သိရပါတယ်။
ယာဉ်မောင်း ကိုထွန်းလင်းကျော်က“ဂိတ်ရင်းကနေ ၁၀ မိနစ်ကြား တခါလွှတ်နေပေမယ့် မှတ်တိုင် ရောက်ရှိမှုအချိန်က နောက်ပိုင်းကြရင် မီးပွိုင့်တွေကို မြို့တော်စည်ပင်ရဲ့ ကွန်ရက်ထဲကို သွားမယ်။ သွားရင် အဲဒီက GPS စနစ်နဲ့ ချိတ်ဆက်ပြီးတော့ မှတ်တိုင်ရောက်ချိန်ကို သိလာနိုင်တာပေါ့။ အခုက လမ်းမပိတ်ရင် ၂နာရီခွဲ၊ လမ်းပိတ်ရင် ၃နာရီခွဲ ကြာတယ်။ ခရီးက ဝေးတာကြောင့်လည်း ပါတာပေါ့”လို့ ပြော ပါတယ်။
BRT စနစ် သယ်ယူပို့ဆောင်ရေးက သီးသန့်လိုင်းဖြင့် ပြေးဆွဲနိုင်ဖို့ ကြိုးစားနေပေမယ့် တဦးချင်းပိုင်တဲ့ လိုင်းကားတွေနည်းတူ ယာဉ် ကြောကို တိုးနေရသေးတာ ဖြစ်ပေမယ့် တစီးကို တစီးကျော် တက်ခြင်း၊ အပြိုင် မောင်းနှင်ခြင်း၊ လမ်းကြောင်း ပြောင်းပြန် မောင်းနှင် ခြင်းတွေ မလုပ်ဘဲ အေးဆေးစွာနဲ့ ယာဉ်မောင်းတွေက မောင်းနှင်နေကြတာကို တွေ့ရပါတယ်။
“ကျနော်က အရင်က မေတ္တာလှိုင်းမှာ မောင်းခဲ့ပါတယ်။ လိုင်းကားမှာက ပိုက်ဆံရမှ မရရင် ကိုယ်အတွက်လည်း ပိုက်ဆံက မရတော့ ဘူး။ လုမောင်းကြတယ်။ လစာ ပုံမှန် ၃သိန်း အချိန်ပိုကြေးနဲ့ဆို ၄ သိန်း ထမင်း တနပ်ကြွေး၊ ဆုကြေး ၊လူမှုဖူလုံရေး စရိတ် ရှိတယ်။ အန္တရာယ်လည်း ကင်းတာပေါ့။ လိုင်းကားမှာက လူမရရင် သောက များနေတာပေါ့”လို့ ယာဉ်မောင်းတဦးဖြစ်သူ ကိုထွန်းလင်းကျော်က ပြောပါတယ်။
BRT စနစ် အမြန်ဘတ်စ်ကားတွေက လက်ရှိအချိန်မှာ သစ်လွင်လှပတဲ့ အဝါရောင်ဘတ်စ်ကားတွေ ဖြစ်ပါတယ်။ အတွင်းပိုင်းမှာလည်း သန့်ရှင်း သပ်ရပ်မှု ရှိပါတယ်။ ယာဉ်ရဲ့ ထိပ်ပိုင်းဘက်မှာလည်း စီစီတီဗွီကင်မရာကို တပ်ဆင်ထားပါတယ်။
ကားအတွင်းပိုင်းမှာလည်း လေအေးပေးစက်တွေကို ဖွင့်ပေးထားပါတယ်။ အဆင်းနဲ့ အတက် အပေါက်ကိုလည်း ခွဲခြားထားပါတယ်။ ကားအင်ဂျင်မှာ အပူချိန်မြင့်လို့ ရှိရင်လည်း အလိုအလျှောက် မီးသတ်နိုင်ဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။
ပုဂ္ဂလိက ယာဉ်လိုင်းတခုဖြစ်တဲ့ ၄၈ ယာဉ်လိုင်းမှ ကိုတရုတ်လေးက“လက်ရှိ လိုင်းကားတွေက ဝန်ဆောင်မှု ညံ့နေတာ နှစ်တွေ ကြာနေပါပြီ။ ဒါတွေကို ကောင်းအောင်လုပ်နိုင်ဖို့နဲ့ ကျတော်တို့ကားတွေကလည်း အများပိုင်စနစ် ထူထောင်နိုင်ထူထောင်၊ ဒါမှမဟုတ် အများပိုင်နဲ့ ပူးပေါင်းပေါ့။ ကျနော်တို့လည်း ဝန်ဆောင်မှု ကောင်းအောင် တိုးချဲ့သွားရမှာပါ”လို့ ပြောပါတယ်။
မြို့ပြ သယ်ယူပို့ဆောင်ရေး ခရီးသွားလာရေးကဏ္ဍမှာ လက်ရှိအချိန်ထိ ခရီးသွားပြည်သူတွေ အများဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေက ဒုနဲ့ဒေးပါပဲ။ အဓိက အကြောင်းအရာအနေနဲ့က ယာဉ်နောက်လိုက်တွေရဲ့ ဆက်ဆံရေး မပြေလည်မှု၊ အပြိုင်အဆိုင် လုယက် မောင်းနှင် မှု၊ ငွေအကြွေ ပြဿနာ၊ ငွေပိုတောင်းမှုနဲ့ ခရီးစဉ်မဆုံးသေးဘဲ ပြေးဆွဲမှုရပ်နားမှု စတဲ့ အမျိုးမျိုးသော အခက်အခဲတွေကို ပြေလည်နိုင် စေဖို့ အခု စတင်လိုက်တဲ့ BRT စနစ်က လက်တွေ့ အလုပ်ဖြစ်ဖို့ တော်တော်လေး အချိန်ယူရမယ့် အနေအထားမှာပဲ ရှိနေပါသေးတယ်။