လပွတ္တာမြို့ ကမ်းနားလမ်းတလျှောက် မြင်ကွင်းများက အနိဋ္ဌာရုံတခုလို ဖြစ်နေသည်။ ယခင်က ငါး၊ ပုစွန်၊ ကဏန်း လာရောက် ရောင်းချ သူများ၊ ခရီးသွားသူများ၊ ရေထွက်ကုန် ဝယ်ယူသည့် ဒိုင်များ၊ အလုပ်သမားများ၊ ဈေးဆိုင်၊ စားသောက်ဆိုင်များဖြင့် ပျားပန်းခတ်မျှ လှုပ် ရှားသွားလာ စည်ကားခဲ့သည့် ကမ်းနားလမ်းက ယခုတော့ ကျက်သရေ ကင်းမဲ့နေသည့် မီးလောင်ပြင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခုမြင်ကွင်းသည် ရန်ကုန်မြို့နှင့် မိုင် ၁၈၀ ကျော် ကွာဝေးသည့် ဧရာဝတီတိုင်း လပွတ္တာမြို့၏ ကမ်းနားလမ်းပင် ဖြစ်သည်။
တထပ်၊ နှစ်ထပ်၊ သုံးထပ်စသဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် တိုက်တာ အဆောက်အဦးများက မီးလောင်ထားသဖြင့် မည်း တူးကာ အမိုးများ ဟောင်းလောင်းပွင့်နေပြီး သစ်သားနေအိမ်များကတော့ အိမ်ဟူသည့် အရိပ်အယောင်တွင် မရှိတော့ဘဲ မီးသွေး ငုတ် တိုင်များသာ ကျန်ရှိတော့သည်။
ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်စသည့် ဈေးဆိုင်ငယ်လေးများ ဖွင့်ထားသည့် မြစ်ကမ်းဘေးဘက်ခြမ်း ဆိုင်ကလေးများနေရာတွင် မီး လောင်ပြီး တွန့်လိမ်နေသည့် သွပ်ပြားများက လမ်းဘေးတလျှောက်လုံး နေရာယူထားပြီး ယခင်က အရောင်းအဝယ် စည်ကားဖွံ့ဖြိုးမှု အားလုံးကို မီးဘေးဟူသည့် ကပ်ဆိုးကြီးက အနိဋ္ဌာရုံဘဝသို့ ပြောင်းလဲပစ်ခဲ့သည်။
ဆင်းရဲသည့် ဒေသခံတချို့နှင့် ကလေးငယ်တချို့က မီးလောင်ပြင်ရှိ ကောင်းနိုးရာရာ ပစ္စည်းများ ကောက်ယူနေကြပြီး နေအိမ်ပိုင်ရှင် တချို့ကတော့ မီးလောင်ထားသည့် အပျက်အစီးများ၊ ပြာများ၊ အမှိုက်သရိုက်များကို အလုပ်သမားများဖြင့် ရှင်းလင်းနေသည်။ သူတို့ တွေ၏ မျက်နှာပေါ်တွင် စိတ်ပျက်ညှိုးငယ်သည့် အသွင်းသဏ္ဍာန်များကို အတိုင်းသား မြင်တွေ့ရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၈ နာရီခန့်က အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်တလုံးမှ ဝါယာရှော့ခ်ဖြစ်ကာ စတင်ခဲ့သည့် မီးလောင်မှုကြောင့် လပွတ္တာမြို့၊ အမှတ် ၁၊ ၄ နှင့် ၅ ရပ်ကွက်တို့မှ လူနေအိမ် ၁၇၉ လုံးနှင့် ဈေးဆိုင်ခန်း ၂၀ မီးလောင်ခဲ့ပြီး လူပေါင်း ၇၅၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ မီးလောင်မှုကြောင့် ငွေကျပ် ၃၂၇.၄၂၀ သန်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့ပြီး လပွတ္တာမြို့ သမိုင်း တလျှောက် အဆိုးဝါးဆုံး မီးဘေးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လပွတ္တာမြို့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမျိုးနိုင်က“မီးလောင်မှု ဒီလောက်ကြီးသွားတာက အိမ်တချို့မှာ အရက်ဆီတွေ၊ ဒီဇယ်ဆီတွေ လှောင်ထားတာကြောင့် အခုလို ဖြစ်သွားတာပါ။ အဲ့ဒီအချိန်မှာ လေကလည်း ထန်နေတော့ ပိုဆိုးသွားတာ ပေါ့”ဟု ပြောသည်။
လပွတ္တာမီးလောင်မှုကို အိမ်မဲ၊ မြောင်းမြ၊ ဝါးခယ်မ၊ ကျောင်းကုန်း၊ ပုသိမ်အစရှိသည့် မြို့များမှ မီးသတ်ယာဉ်များပါ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ ရပြီး မီးသတ်ယာဉ် ၁၇ စီး၊ ရေသယ်ယာဉ် ၆ စီး၊ အပေါ့စား မီးသတ်စက် ၅၂ လုံး၊ မြို့ပေါ်ရပ်ကွက်များရှိ ရေစည်တင် ဒိန်းဒေါင်း ၆၀ စီး တို့ဖြင့် မီးသတ်သမား ၂၅၀ တို့က ရေဂါလံ ၃ သိန်းခန့် အသုံးပြု၍ အချိန် ၇ နာရီကြာအောင် ငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်မှုကြောင့် လူနေအိမ်များသာမက လပွတ္တာမြို့၏ အဓိက စီးပွားရေးဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း ရောင်းဝယ်ကြသည့် ဒိုင်ပေါင်း ၁၃၀ ကျော်မှာလည်း မီးလောင် ပျက်စီးသွားခဲ့သည်။
“၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်တော့ ကျနော့် မိသားစုဝင် ၁၃ ဦး သေတယ်။ လုပ်ငန်းတွေလည်း အကုန်ပျက်စီးသွားတဲ့အတွက် ရွာမှာ မနေတော့ဘဲ လပွတ္တာကို တက်လာပြီး ကဏန်းဒိုင်လေးဖွင့်ပြီး ဘဝကို တစ်ကပြန်စခဲ့တာ။ အခုတော့ ကျနော် ကြိုးစား တည်ထောင်ခဲ့တဲ့ လုပ်ငန်းလေး ပြာပုံ ဖြစ်သွားပြီဗျာ”ဟု ကဏန်းဒိုင်လုပ်ငန်းရှင် ကိုသိန်းဇော်က စိတ်ပျက်သည့် လေသံဖြင့် ရင်ဖွင့်လေသည်။
လပွတ္တာမြို့၏ အဓိက ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်နေသည့် ငါး၊ ပုစွန်၊ ကဏန်းဒိုင်များ မီးလောင်မှုက လပွတ္တာတမြို့နယ်လုံး၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
လပွတ္တာမြို့နယ်၊ ကဏန်း လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသိန်းဇော်က“လပွတ္တာမှာ ကဏန်းဒိုင် ၁၃၂ ဒိုင်ရှိတာ အကုန်လုံး မီးလောင်သွားတယ်။ ငါး၊ ပုစွန်ဒိုင်က ၁၂ ဒိုင် ရှိတာ ၂ ဒိုင်ပဲ မီးမလောင်ဘဲ ကျန်ခဲ့တယ်။ ကျနော်ဆို ပုစွန်ဒိုင်ရော၊ ဂဏန်းဒိုင်ရော ဖွင့်ထားတော့ လုပ်ငန်းအသုံးပြုတဲ့ ပစ္စည်းတွေ တခုမှ မရလိုက်ဘူး။ အကုန်မီးထဲ ပါသွားတယ်”ဟု ပြောသည်။
မီးလောင်ပြီးနောက် ရန်ကုန်နှင့် မူဆယ်လမ်းကြောင်းမှ တဆင့် တရုတ်ပြည်သို့ တင်ပို့နေသည့် ကဏန်းများ၊ ငါး၊ ပုစွန် ပို့ဆောင် ရောင်းချနေသည့် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး လပွတ္တာမြို့နယ်တွင်းရှိ ကျေးရွာများဆီမှ ရေထွက်ကုန်ဝယ်ယူမှုများလည်း ရပ်တန့်သွားခဲ့သည်။
ထို့ကြောင့် ရေထွက်ကုန်ရောင်းချသည့် ဒိုင်တခုလျှင် အလုပ်သမား ၁၀ ဦးမှ ၂၀ ဦး အထိခန့်ထားလေ့ရှိသည့်အတွက် ဒိုင်ပေါင်း ၁၀၀ ကျော် မီးလောင်ချိန်တွင် အလုပ်သမားပေါင်း ၁၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ကုန်ပြီး ရေထွက်ကုန်ရောင်းဝယ်မှုအပေါ် အခြေပြု ထား သည့် ကုန်ကားများ၊ မော်တော်များ၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ ကုန်တင်ကုန်ချနှင့် အနှေးယာဉ်လုပ်သားများပါမကျန် ဝင်ငွေ ထိခိုက် ကျဆင်းသွားခဲ့သည်။
“မီးလောင်တဲ့အခါကျတော့ ငါး၊ ပုစွန်၊ ကဏန်း တွေ ဝယ်တာလည်း ရပ်နေတယ်။ ပို့တာရော ရွာတွေက ရှာဖွေတဲ့လူတွေပါ ရပ်နေတာ ပေါ့။ ဒီလုပ်ငန်းက အားလုံး ဆက်စပ်နေတော့ တမြို့နယ်လုံး ထိခိုက်သွားတယ်လို့ ပြောလို့ရတယ်”ဟု လပွတ္တာခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တွဲဘက် အတွင်းရေးမှူး ဦးကျော်ဟန်က ပြောသည်။
မြန်မာနိုင်ငံရှိ ပင်လယ်ကဏန်းဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကို လပွတ္တာမြို့မှ တင်ပို့နေခြင်းဖြစ်ပြီး ကဏန်းဒိုင်များ အားလုံး မီးလောင် သွားသည့်အတွက် တင်ပို့မှုများ မရှိသလောက် ဖြစ်နေကြောင်းနှင့် လက်ရှိတွင် ဒိုင်များပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေကြောင်း ဦးသိန်းဇော်က ဆိုသည်။
“ကမ်းနားဘက်ခြမ်းက ကမ်းတိုးမြေပေါ်မှာ ဒိုင်ပြန်ဖွင့်မယ့် ငါး၊ ပုစွန်၊ ကဏန်းလုပ်ငန်းရှင်တွေကို ယာယီဆိုင်လေးတွေအဖြစ် နေရာပေးဖို့ မီးဘေး ပြန်လည်နေရာချထားရေးအဖွဲ့က ပြင်ဆင်နေတယ်။ ကျနော်တို့ဘဝကတော့ နာဂစ်ပြီးတဲ့နောက် ဒုတိယအကြိမ် တစ်က ပြန်စရတော့မှာပေါ့”ဟု ဦးသိန်းဇော်က ပြောသည်။
လက်ရှိတွင် မီးဘေးသင့်ခဲ့သည့် ငါး၊ ပုစွန်၊ ကဏန်းဒိုင် လုပ်ငန်းရှင်များ၊ နေအိမ်ပိုင်ရှင်များ၊ အလုပ်သမား မိသားစုများနှင့် ရပ်ကွက် အတွင်းရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်တစုလျှင် ဧရာဝတီဘဏ်က ကျပ် ၂ သိန်းစီ၊ CB ဘဏ်က ကျပ် ၂ သိန်းစီ ထောက်ပံ့ ကူညီထားကြောင်းသိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ပုသိမ်ခရိုင် ကျောင်းသားသမဂ္ဂ၊ NGO များ၊ ပရဟိတ အသင်းများ၊ အနုပညာရှင်များနှင့် ပုဂ္ဂလိက အလှူရှင်များကလည်း လိုအပ်သည့် အစားအစာ၊ ဆေးဝါး၊ သောက်ရေသန့်နှင့် အဝတ်အထည်များ လှူဒါန်းပေးနေပြီး အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ ဆေးတပ်ဖွဲ့ကလည်း လပွတ္တာမြို့ လေးထပ်ကျောင်းတိုက်အတွင်းရှိ မီးဘေးသင့်သူများ၏ ကျန်းမာရေးကို လာရောက် ကုသပေးနေကြောင်းသိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့က လာရောက်ခဲ့သည့် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းကလည်း နိုင်ငံတော် ပံ့ပိုးငွေ ကျပ်သိန်း ၁၅၀၀ ပေးအပ်ခဲ့ပြီး နေအိမ်များ ပြန်လည်တည်ဆောက်ရန် အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာ ရောင်းချပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
မီးဘေးဒုက္ခသည်များအား လပွတ္တာမြို့ရှိ လေးထပ်ကျောင်းတွင် ခေတ္တနေထိုင်ရန် နေရာချပေးထားပြီး အိမ်ထောင်စု ၁၉၈ စုမှ အမျိုးသား ၃၅၆ ဦးနှင့် အမျိုးသမီး ၄၀၅ ဦး စုစုပေါင်း ၇၆၁ ဦး ခိုလှုံနေကြောင်း သိရသည်။
“ဒီဘုန်းကြီးကျောင်းမှာ ယာယီ နေရတာတော့ အခက်အခဲ မရှိလှပါဘူး။ ဒါပေမယ့် ကျနော်တို့ အိမ်လေး ပြန်ဆောက်ဖို့အတွက် သက်ဆိုင်ရာက အမြန်ဆုံး ခွင့်ပြုပေးပြီး ဒုသမ္မတကြီး မှာကြားခဲ့သလို အိမ်ဆောက်ပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာ ရောင်းချ ပေးစေချင်ပါတယ်”ဟု နေအိမ်မီးဘေးသင့်ခဲ့သည့် အမှတ် ၄ ရပ်ကွက်မှ ကိုလှသိန်းက ပြောသည်။
လပွတ္တာမြို့ မီးလောင်မှုတွင် ဒဿမတန်းဖြေမည့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး အပါအဝင် ကျောင်းသား ၁၇၄ ဦးတို့၏ ကျောင်း စာအုပ်များ ပါသွားခဲ့သည့်အတွက် လပွတ္တာခရိုင် ပညာရေးဌာနက ကျောင်းသုံး ပုံနှိပ်စာအုပ်တစုံနှင့် ဗလာစာအုပ် ၁ ဒါဇင်စီ ထောက်ပံ့ပေးထားကြောင်း သိရသည်။
“သမီးတို့က အိမ်နဲ့ဆိုင်နဲ့ တွဲဆောက်ထားတော့ ၂ ခုစလုံး မီးလောင်သွားတယ်။ စာအုပ်တွေလည်း အကုန်ပါသွားတယ်။ ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေ လှူပေးလို့ တော်သေးတယ်။ စာမေးပွဲဖြေဖို့တော့ သိပ်စိတ်မပူပါဘူး။ သမီးတို့က ဒီဆိုင်လေးနဲ့ စီးပွားရှာနေတာ ဆိုတော့ ဆိုင်လေးပြန်ဖွင့်ခွင့်ရရင် တော်ပါပြီ”ဟု လပွတ္တာမြို့မှ သတ္တမတန်းကျောင်းသူ မမေမြတ်နိုးဦးက ပြောသည်။
မီးဘေးသင့်ပြည်သူများအတွက် အစားအသောက်နှင့် အဝတ်အထည်များထက် နေအိမ်များပြန်လည် ဆောက်လုပ်ရန် အဓိက လိုအပ်နေကြောင်း လပွတ္တာမြို့နယ်၊ အမှတ် – ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောသည်။
“မီးဘေးသင့်ပြည်သူတွေဟာ အစားအသောက်တို့ အဝတ်အထည်တို့ သိပ်မလိုအပ်ဘူး။ သူတို့ အိမ်ရာတွေ အမြန်ဆုံး ပြန်လည် ဆောက်လုပ်နိုင်ဖို့နဲ့ မြို့ရဲ့အဓိက ထုတ်ကုန်ဖြစ်တဲ့ ရေလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားမှုတွေ ပြန်စတင်နိုင်ဖို့ အဓိက လိုအပ်နေတာပါ။ အဲဒီလိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်တာနဲ့အမျှ သူတို့ဘဝတွေ အမြန်ဆုံးပြန်ပြီး ထူထောင်နိုင်မှာပါ”ဟု သူကပြောသည်။