လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ လူစိတ်ဝင်စားမှုများနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် 3D ခဲပန်းချီ ပုံတူကို ရေးဆွဲခဲ့တာကတော့ 3 Pencils အဖွဲ့က အသက်၂၀ အရွယ်ဝန်းကျင် လူငယ် ၃ ဦးပဲ ဖြစ်ပါတယ်။
သူတို့ ၃ ဦး ရေးဆွဲခဲ့တဲ့ ပုံတူ 3D ခဲပန်းချီကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၁ နှစ်ပြည့် ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖေ့စ်ဘုတ်ပေါ် ဝေမျှခဲ့တာ ဖြစ်ပါတယ်။
“3 Pencils” အဖွဲ့ကိုတော့ ခဲပန်းချီရေးဆွဲရတာ ဝါသနာသလို စိတ်ဓာတ်ချင်းလည်းတူ၊ ဝါသနာချင်းလည်းတူတဲ့ မောင်ရဲရင့်ဟိန်း၊ မောင်စိုးဝေယံမြင့်နဲ့ မောင်ဇင်မင်းဌေးဆိုတဲ့ လူငယ် ၃ ဦးက လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အွန်လိုင်းမှာ လူပြောများနေတဲ့ ဗိုလ်ချုပ် အောင်ဆန်းပုံတူနဲ့ ပတ်သက်ပြီးတော့ “တယောက်နဲ့ တယောက် ဖုန်းဆက်ရင်း ငါက ဒါလေးဆွဲချင်တယ်။ အေး၊ ငါလည်း ဆန္ဒရှိတယ် ဆိုပြီး ၃ ယောက်သား စိတ်တူကိုယ်တူ ဖြစ်နေတာနဲ့ ဆွဲလိုက်ကြတာ။ ဆွဲပြီးတော့ Facebook မှာ တင်ရကောင်းမလား၊ မတင်သေးရင် ကောင်းမလား ဝေခွဲရခက်နေသေးတာ။ ဒါပေမယ့် ည ၁၂ လောက်မှာတင်ပြီး အချိန်ခဏလေး အတွင်းမှာ အားပေးသူတွေ များလာတယ်။ Share တဲ့သူတွေလည်း များတော့ ကျနော်တို့ ပျော်သွားတယ်” လို့ 3 Pencils အဖွဲ့သားတဦးဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်ရှိ မောင်ရဲရင့်ဟိန်းက ဧရာဝတီကို ပြောပါတယ်။
ဗိုလ်ချုပ်ပုံတူ 3D ခဲပန်းချီကို ပုံဆွဲရန် သီးသန့်ထုတ်လုပ်ထားတဲ့ Charcoal အမှုန့်များနဲ့ ၃ ရက်ကြာ ရေးဆွဲခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မွေးနေ့မတိုင်မီ ဖေဖော်ဝါရီ ၁၂ ရက် ည ၁၂ နာရီမှာ အပြီးသတ် ရေးဆွဲပြီး လူမှုကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘုတ် ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
“ဗိုလ်ချုပ်ပုံ ဆွဲတော့လည်း ဘယ်သူက ခေါင်းပိုင်းဆွဲမယ်။ ဘယ်သူ ခြေလက်ဆွဲမယ်ဆိုတာမျိုး မခွဲထားဘူး။ အဆင်ပြေ သလို သုံးယောက်သား ဝင်ရေးကြတာပဲ။ အားနည်းချက်တခု ဖြစ်သွားတာက ဗိုလ်ချုပ်ရဲ့ ပုဆိုးနေရာက တောင့်တောင့် ကြီးဖြစ်နေတယ်လို့ ကျနော်တို့မြင်တယ်။ နောင်တေ့ာ ပြင်ရမှာပေါ့။ အဖွဲ့ထဲမှာ ဇင်မင်းဌေးကတော့ အမှောင်လိုင်း ရေးတာ အားသန်တယ်။ ကျနော်နဲ့ စိုးဝေယံမြင့်က အလင်းပိုင်းကို ပိုအားသန်ကြတယ်” လို့ မောင်ရဲရင့်ဟိန်းက ရှင်းပြပါတယ်။
“3 Pencils” အဖွဲ့ စတင်တဲ့ကာလက စတင်ပြီး အထိမ်းအမှတ်ပုံအဖြစ် သီတင်းကျွတ်လပြည့်နေ့က မြတ်စွာဘုရားပုံတူ 3D ခဲပန်းချီကို လည်းကောင်း၊ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ပုံတူ 3D ခဲပန်းချီကိုလည်းကောင်း ရေးဆွဲခဲ့ပြီး အော်ဒါ အနေနဲ့လည်း ဆေးတက္ကသိုလ်က ပုံတွေအပ်ခဲ့တာကြောင့် အဖွဲ့က ရေးဆွဲပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ သုံးယောက်က တယောက်နဲ့ တယောက် ဆရာကြီး မလုပ်ဘူး။ တယောက်ပြောတာ တယောက် နားထောင်ဖြစ်တယ်။ နားလည်တယ်။ အဖွဲ့အနေနဲ့ ကိုယ်ပိုင်ပြခန်း တခုဖြစ်လာအောင် လုပ်ဖို့အထိ ရည်ရွယ်ထားတယ်။ မျှော်လည်း မျှော်လင့်နေတယ်” လို့ အဖွဲ့သားတဦးဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မင်းဌေးက ဆိုပါတယ်။
ဝါသနာအရရော၊ ပုံတူအပ်သူတွေပါ ရှိတာကြောင့် ယနေ့အချိန်ထိ ပုံပေါင်း ၂၀၀ ကျော် ဆွဲခဲ့ပြီးဖြစ်တယ်လို့ မောင်ဇင်မင်းဌေးက ရှင်းပြပါတယ်။ မိဘတွေရဲ့ အားပေးထောက်ခံမှု ရှိသလို ဝါသနာလည်း ပါတာကြောင့် ခဲပန်းချီ ရေးဆွဲရင်း စာပေလုပ်ငန်းနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတခု တွဲဖက်လုပ်ကိုင်ဖို့ အနာဂတ် ရည်မှန်းချက်ရှိတယ်လို့ သိရပါတယ်။
“3 Pencils” အဖွဲ့သားတဦးဖြစ်တဲ့ မောင်ရဲရင့်ဟိန်း ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကနေ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီး ချိန်ကတည်းက ရန်ကုန်မြို့ကို ရောက်လာခဲ့တာပါ။
ခဲပန်းချီ ရေးဆွဲမှုကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တာကြောင့် ပုသိမ်မြို့က သူတက်ခဲ့တဲ့ ကျောင်းမှာ စာလုံး ရေးဆွဲပေးတာ၊ ပုံဆွဲပေးတာတွေကို လုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်း ရန်ကုန်မြို့ကို ဝါသနာတခုဖြစ်တဲ့ သရုပ်ဆောင် သင်တန်း တက်ဖို့ ရောက်ရှိလာပြီး အလုပ်တဖက်၊ သင်တန်းတဖက် ကြားထဲကနေ ပုံတူခဲပန်းချီတွေကို သူ့ရဲ့ ကိုယ်ပိုင် အားလပ်ချိန်တွေမှာ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။
မောင်ရဲရင့်ဟိန်းက သူရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်ပုံတူ ခဲပန်းချီများ၊ ဒေါ်အောင်ဆန်းစုကြည် ပုံတူများ၊ ဟံသာဝတီ ဦးဝင်းတင်၊ အိုဘားမား အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်များ၊ အနုပညာရှင်များစွာရဲ့ပုံ စုစုပေါင်း ၅၀၀ ကျော် ရေးဆွဲခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ခဲ့ရာက လူသိများလာခဲ့သူဖြစ်ပါတယ်။
“ဆယ်တန်း အောင်ပြီးချိန်ကစလို့ အခုချိန်အထိ မိဘဆီမှာ လက်ဖြန့် မတောင်းခဲ့ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင် အောင်ကြိုးစားတယ်။ ခဲပန်းချီ ဝါသနာလည်းပါတယ်။ အသက်မွေးဝမ်းကျောင်း အနေနဲ့လည်း သွားဖို့အထိ ရည်ရွယ်ထားတယ်။ အဖွဲ့အတွက်လည်း စိတ်ကူးထားတာတွေ ရှိသေးတယ်” လို့ သူက ပြောပါတယ်။
အသက် ၁၉ နှစ် အရွယ်ရှိ မောင်စိုးဝေယံမြင့်နဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မင်းဌေး တို့ကလည်း ငယ်စဉ်ကတည်းက ခဲပန်းချီရေးဆွဲရတာ ဝါသနာပါတာကြောင့် ကျောင်းသားဘဝကတည်းက ဝါသနာရှင် အဆင့်အနေနဲ့ ပုံတွေ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။
“ခဲပန်းချီဆွဲတာကို အဖေကတော့ သဘောသိပ်မကျဘူး။ အမေကတော့ ဘာမှမပြောဘူး။ ကျနော်တို့ အဖွဲ့လေးရဲ့ ပြခန်း တခု ဖြစ်လာနိုင်ဖို့အထိတော့ ရည်ရွယ်ချက်ရှိတယ်။ စိတ်တူကိုယ်တူတွေ လုပ်နေရတာဆိုတော့ ပြဿနာလည်း မရှိကြဘူး” လို့ မောင်စိုးဝေယံမြင့်က ပြောပြပါတယ်။
မောင်စိုးဝေယံမြင့် က ခဲပန်းချီရေးဆွဲတာ ဝါသနာပါတာကြောင့် ကျောင်းတက်စဉ်က ပြိုင်ပွဲတခု ဝင်ရောင်ယှဉ်ပြိုင်ရင်း ပထမဆု ရခဲ့တယ်လို့ သိရပါတယ်။ အနာဂတ်ရည်မှန်းချက် အနေနဲ့ကတော့ ခဲပန်းချီရေးဆွဲမှုကို အသက်မွေးဝမ်းကျောင်း အနေ နဲ့ ဆက်လက်လုပ်ကိုင်သွားဖို့ရှိသလို စီးပွားရေးလုပ်ငန်းတခုခုကိုလည်း တွဲဖက်လုပ်ကိုင်သွားဖို့ စဉ်းစားထားပါတယ်။
“3 Pencils” အဖွဲ့က သူတို့ ပုံတူရေးဆွဲရင်း ရခဲ့တဲ့ဝင်ငွေတွေနဲ့ မြန်မာပြည်အထက်ပိုင်းကို ခရီးထွက်ဖို့ ရည်ရွယ်ထားပါတယ်။
“ခရီးထွက်မယ်။ အဲဒီမှာ ပုံတူတွေလည်း ဆွဲပေးမယ်။ ရောင်းမယ်။ ရတဲ့ငွေကို အဲဒီနေရာမှာတင် ပြန်လှူမယ်ဆိုပြီး သုံးယောက် တိုင်ပင်ထားတယ်” လို့ အဖွဲ့သားတဦးဖြစ်တဲ့ မောင်ရဲရင့်ဟိန်းက ရှင်းပြပါတယ်။
ဆယ်ကျော်သက် လူငယ် ၃ ဦး ဖွဲ့စည်းထားတဲ့ “3 Pencils” အဖွဲ့ရဲ့ အနာဂတ် ရည်မှန်းချက်တခုကတော့ အဖွဲ့နာမည်နဲ့ ဖွင့်လှစ်တဲ့ ပြခန်းတခု ဖြစ်မြောက်လာဖို့ပါ။ အဲဒီပြခန်းမှာ သူတို့ ၃ ဦး ရေးဆွဲထားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ ပုံတူတွေ၊ အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ ပုံတူတွေ၊ အနုပညာလက်ရာတွေကို ပြသရင်း လူထုအတွက် စိတ်အပန်းပြေမှု ပေးနိုင်ဖို့လို့ သိရပါတယ်။
3 Pencils အဖွဲ့ ဓာတ်ပုံများ ထပ်မံကြည့်ရှုလိုလျှင် ဤနေရာကို နှိပ်ပါ