ဆောင်းပါး

နတ်ပေါက်ဆင်စခန်းသို့ အရောက်လှမ်းစေချင်

This article has been converted from Zawgyi One to Unicode

မိုးပုလဲ၊ ဆွေဌေးဦး၊ သင်းအေးမိုး၊ ထူးသင်းကြည် တဲ့။ မြန်မာဆန်ဆန် နာမည်လှလှလေးတွေ။ ရုတ်တရက် ကြားလိုက်မယ်ဆိုရင်တော့ လူတဦးရဲ့အမည်တွေလို့ ထင်မှတ်ကြမှာအမှန်ပါ။ တကယ်ကတော့ ဒီ နာမည်တွေဟာ နတ် ပေါက်ဆင်စခန်းကဆင်တွေရဲ့အမည်တွေပါ။

နတ်ပေါက်ဆင်စခန်းဟာ အခုဆိုရင် နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အထူးစိတ်ဝင်စားတဲ့နေရာတခုဖြစ်နေပါပြီ။

ဆင်တွေကို ကိုယ်တိုင်ထိတွေ့ပြီးချော့မြူဆော့ကစားလို့ရတာရော၊ဆင်တွေရဲ့လှုပ်ရှားပုံတွေကို အနီးကပ် လွတ်လွတ် လပ်လပ် ဓာတ်ပုံရိုက် မှတ်တမ်းတင်လို့ ရတာရောကြောင့် နတ်ပေါက်ဆင်စခန်းကို နိုင်ငံခြားသားတွေ သဘောကျကြ တယ်။

နတ်ပေါက်ဆင်စခန်းဆိုတာကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ်အတွင်းက ဆင်စခန်း တခု ပဲဖြစ်ပါတယ်။ ကသာမြို့ကနေ ဒီဆင်စခန်းကို ရောက်ဖို့ ဆယ်မိုင်ကျော်လောက်သွားရတယ်။ ဆိုင်ကယ်နဲ့သွားရင်တော့ နာရီဝက်၊ ၄၅မိနစ်လောက် ကြာပါတယ်။

လမ်းမှာ စခန်းနေရာကို သိစေနိုင်မယ့် ဆိုင်းဘုတ်ကြီးချိတ်မထားပါဘူး။ ကသာ-အင်းတော်ကားလမ်းရဲ့မိုင်တိုင် ၁၀/၁ နေရာမှာရှိတဲ့ တောလမ်းကြားလေးထဲကတဆင့်သွားရတာပါ။ ကားလမ်းမကြီးကနေတော လမ်းလေး အတိုင်းအတွင်းကို တော်တော်ဝင်ရပါတယ်။ လမ်းကတကယ့်ကို တောကြမ်းလမ်းပါ။ ဆိုင်ကယ်နဲ့သွားရင်တောင် ဆယ်မိနစ်လောက်စီးရ တယ်။ နိုင်ငံခြားသားတွေကတော့ ဒီတောလမ်းကို လမ်းလျှောက်ပြီး ဆင်စခန်းကို လာလေ့ရှိကြတယ်။

ဆင်စခန်းကိုရောက်ခါနီး ပျပျလေးမြင်နေရတဲ့ အချိန်မှာတော့ လူတွေ ရယ်မောရင်းစကားပြောနေကြတဲ့ အသံတွေကို သိ သိသာသာကြားလာရတယ်။ ဆင်ဦးစီးတွေက သူတို့ရဲ့ဆင်တွေကို ချော့မြူရင်း၊ စနောက်ရင်း ရေချိုးပေးနေရင်း အချင်း ချင်းပျော်ပြီး စနောက်နေကြတဲ့အသံတွေပါ။ နေရာကတော့ ဆင်စခန်းထဲက စမ်းချောင်းလေးထဲမှာ။ စမ်းချောင်းမှာမှ ဆင် တွေ ရေစိမ်နိုင်လောက်အောင် ကန်ကြီးလိုဖြစ်နေတဲ့ ရေကန်ထဲမှာ။ ဆင်ကြီးတွေ၊ ဆင်ငယ်ပေါက်စလေးတွေ ဆိုက်စုံဂိုက်စုံ ရေစိမ်ချိုးနေကြတယ်။

ဆင်ဦးစီးတွေကတော့ ရေပုံးကြီးတွေနဲ့ ဆင်ကျောကုန်းပေါ်ကို ရေတွေလောင်းချလိုက်၊ လက်နဲ့ဂျီးတွန်းပေးလိုက်လုပ်နေ တယ်။ ဆင်ကြီးတွေကို အာရုံစိုက်ရေချိုးပေးနေချိန်မှာ ပွက်လောရိုက်အောင် ထိန်းမနိုင်သိမ်းမနိုင် ဆော့နေတဲ့သူတွေ ကတော့ ဆင်သားပေါက်ငယ်ငယ်လေးတွေပါ။ ရေထဲမှာ သူတို့အချင်းချင်း စိန်ပြေးတမ်း ကစားနေကြတယ်။

ဆင်စခန်းဟာ နိုင်ငံခြားသားဧည့်သည်တွေကို အဓိကထားပြီးစွဲဆောင်ပုံရတယ်။ ဆင်ကြည့်မယ့် နိုင်ငံခြားသားအဖွဲ့တွေနဲ့ ကြုံရင်တော့ ဆင်တွေအများကြီး ကြည့်ရတတ်တယ်။ နိုင်ငံခြားသားတဦးကို ဆင်စခန်းဝင်ခ ငွေကျပ် ၂၀၀၀ကောက်တယ်။ ဆင်စီးမယ်ဆိုရင်တော့ နောက်ထပ် ငွေကျပ်၂၀၀၀၀ ထပ်ပေးရတယ်။

ဧည့်သည်တွေ များရင်များသလို ဆင်တွေကို ထုတ်ပြတယ်။ ပြည်တွင်းခရီးသွားတွေကတော့ တဦးကို ငွေကျပ် ၃၀၀၀ ပေး ရတယ်။ ဒါကြောင့် နိုင်ငံခြားသား ဧည့်သည်အဖွဲ့တွေနဲ့ ကြုံရင်တော့ ဆင်တွေကို မြိင်မြိုင်ဆိုင်ဆိုင်ကြီး မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်လေ့လာဖို့သွားမယ့်အချိန်မှာ နိုင်ငံခြားသားဧည့်သည်တွေနဲ့မကြုံဘူး ဆိုရင်တော့ ဆင်စခန်းအတွင်းမှာ ရှိ နေတဲ့ ဆင်အနည်းငယ်လောက်နဲ့သာ ကြုံရမှာဖြစ်ပါတယ်။

ကိုယ်သွားတဲ့အချိန်က နိုင်ငံခြားသားဧည့်သည့်တွေ မရှိပေမယ့်လည်း မိတ်ဆွေ ဆင်ဆရာဝန်ကိုယ်တိုင်ပါနေတော့ ဆင်တွေအများကြီးကို ထုတ်ပြလိုက်တယ်။ ဆင်ဆရာဝန်ပါလို့သာ ခုလို ဆင်တွေ အများကြီးကို မြင်ခဲ့ရတာပါ။

တချို့ဆင်တွေကတော့ ရေချိုးပြီးတာကြာလို့ ကုန်းပေါ်တက်နေကြပြီ။ ဆင်ငယ်လေးတကောင်က ရေတွေစိုနေတဲ့ သူ့ရဲ့ ကျောကုန်းကို မြေကြီးမှာ ပွတ်ပြီး ပြန်ခြောက်အောင်လုပ်နေတယ်။ ဆင်ကြီးတွေကတော့ ဆင်ဦးစီးကိုယ်စီနဲ့ ညီညီညာညာ စီပြီး ဖျော်ဖြေဖို့ အသင့်ရပ်နေကြတယ်။

အထိန်းမရှိတဲ့ ဆင်ပေါက်စလေးတွေကတော့ လူတွေနောက်ကို တကောက်ကောက်လိုက်ပြီး အစားတောင်းနေကြလေရဲ့။ ဆင်လေးတွေက သေးတယ်ဆိုပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့။ အစာလိုက်တောင်းရင်း သူတို့ ခြေထောက်လေး တွေနဲ့ လူခြေထောက်တွေကို တက်ကြိတ်မိတတ်ပါတယ်။ အခန့်မသင့်ရင် အရိုးကြေတာတွေထိဖြစ်နိုင်လို့ သတိထားဖို့ လိုပါတယ်။
ဆင်တကောင်ချင်းစီမှာ နာမည်နဲ့တကွ မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းစာအုပ်ကိုယ်စီရှိတယ်။ ဆင်တွေကို လေးနှစ် ကျော်မှသာ နာမည်စပေးတာပါ။ အသက်လေးနှစ်ကျော်ရင် သူ့ကိုယ့်ပေါ်မှာပါတဲ့ ထင်ရှားတဲ့ အမှတ်အသား၊ အလေ့ အကျင့်တွေနဲ့အတူ အင်းစိန်အနောက်ကြို့ကုန်းက သစ်ထုတ်လုပ်ရေးရုံးချုပ်ကို ပို့ပေးရတယ်။

တနိုင်ငံလုံးမှာရှိတဲ့ ဆင်တွေရဲ့အမည်တွေကို နှစ်တွေအလိုက် ရုံးချုပ်က အမည်ပြုလုပ်ပေးတယ်။ ဥပမာ-၂၀၁၄ ခုဖွား၊ ဆင်မဆိုရင် နန်းနဲ့ စမယ်။ ဆင်ထီးဆိုရင် အောင်နဲ့စမယ် စသဖြင့်ပေါ့။ ဆင်တကောင်ချင်းစီရဲ့မှတ်တမ်းစာအုပ်ထဲမှာ သူတို့ရဲ့မိဘအမည်တွေ၊ ထင်ရှားတဲ့အမှတ်အသားတွေ၊ အမူအကျင့်တွေ မှတ်တမ်းတင်ထား တယ်။ တနှစ်ချင်းစီ သူတို့ ရဲ့ခန္ဓာကိုယ်အရွယ်အစားပြောင်းလဲလာပုံတွေကို မှတ်တမ်းတင်ထားတယ်။ သူတို့ ကို လစဉ်ဆေးကုသမှု၊ ပြုစုထိန်းသိမ်းမှု မှတ်တမ်းတွေကိုလည်း ထိန်းသိမ်းထားတယ်။

ဆင်တကောင် သက်တမ်းဟာ ပျမ်းမျှ ၇၀နှစ်ရှိပါတယ်။ တောဆင်ကတော့ ဒီထက်ပိုတယ်လို့ ဆိုကြတယ်။ ဆင်စခန်းကို လာရင်းဆင်တွေကို ကျွေးဖို့ အပြင်က အစားအစာတွေ ဝယ်လာရင်တော့ ဆင်စခန်းကလူတွေနဲ့ ချိတ်ပြီးမှ ကျွေးခွင့်ပြု တယ်။ ဆင်စခန်းမှာ ပုံမှန်အားဖြင့်တော့ ဆန်တို့၊ ထမင်းတို့၊ ငှက်ပျောတို့ ကျွေးတယ်။ တချို့နေမကောင်းတဲ့ ဆင်တွေ၊ ငယ်လွန်း၊ ကြီးလွန်းတဲ့ဆင်တွေကို ဖြည့်စွက်အစာကျွေးရတယ်။ အခုလောလောဆယ် အမေသေထားတဲ့ ဆင်ကလေး လေးတကောင် နတ်ပေါက်စခန်းမှာ ရှိနေတယ်။ သူ့ကိုတော့ ဖြည့်စွက်အစာအနေနဲ့ အုန်းထမင်းကျွေးနေရတယ်။

ပုံမှန်အားဖြင့် ဒီဇင်ဘာလမှာ တောထဲက မယဉ်သေးတဲ့ဆင်တွေကို ယဉ်ပါးအောင်ကျင့်ပေးတယ်။ ဆင်ကို ငြိမ့်ငြိမ့်ညောင်း ညောာင်းဖြစ်စေတဲ့ ‘စောပိုက်’ဆိုတဲ့ ကဒူးသီချင်းနဲ့ပါ။ သီချင်းမှာပါတဲ့ စကားလုံးတွေကတော့ ကသည်းစကားလုံးတွေလို့ ယူဆကြတယ်။ သီချင်းအဓိပ္ပာယ်ကိုတော့ ဆင်စခန်းက လူတွေ၊ ရွတ်ဆိုနေကြ သူတွေတောင် သေချာတော့ မသိပါဘူးတဲ့။ ဒါပေမယ့် အကြမ်းဖျင်း အဓိပ္ပာယ်ဖော်ရင်တော့ ‘လိမ္မာပါ၊ မင်းဟာ တနေ့ကျ ဒီစခန်းကို ထိန်းကျောင်း ဦးဆောင်ရတဲ့သူဖြစ် လာမှာပါ’လို့ ဖော်လို့ရပါတယ်တဲ့။ ဒီဆင်ချော့တေးဟာ ပဒေသရာ်ဇ်ခေတ်လောက်ကတည်းက ဆင်းသက်လာတာလို့ ထင် ရတယ်။

ဆင်ချော့တေးဆိုပြီး ချော့ဖို့ လူငါးဦးလိုတယ်။ ခြေထောက်လေးချောင်းမှာ တဦးစီနဲ့၊ ဆင်ပေါ်မှာ တဦး။ ‘ဆိုမယ်’ ဆိုပြီး ဆင် ပေါ်ထိုင်နေသူက အသံပေးလိုက်တာနဲ့ ဆွဲဆွဲငင်ငင် အသံတွေနဲ့ ဆင်ရဲ့ခြေထောက်တွေကို ပွတ်သပ်ပြီး ဆိုနေကြတော့ တာပဲ။ ဆင်စခန်းကိုလာတဲ့ ဧည့်သည်တွေ ကြည့်ချင်တဲ့အပေါ် မူတည်ပြီး ဆင်ချော့တေးကို ဆိုပြကြတယ်။

နတ်ပေါက်ဆင်စခန်းမှာ ဆင်ဝိုင်းငါးဝိုင်းရှိတယ်။ သစ်ဆွဲဝန်တင်တဲ့ဆင်တွေနေတဲ့ဝိုင်းနှစ်ဝိုင်း၊ အလုပ်မလုပ်သေးတဲ့ အသက်၅နှစ်ကနေ ၁၅နှစ်အရွယ် ဆင်တွေနေတဲ့ ဝိုင်းတဝိုင်း၊ သားမွေးအနားပေး ဝိုင်းတဝိုင်း၊ သက်ကြီး ရွယ်အို ဆင် နာတွေနေတဲ့ ဝိုင်းတဝိုင်းဆိုပြီး စုစုပေါင်းငါးဝိုင်းရှိတယ်။ ဧည့်သည်တွေလာရင် သစ်ဆွဲဝန်တင်တဲ့ အလုပ်လုပ်နေတဲ့ ဆင်တွေကလွဲပြီး ကျန်တဲ့ဆင်တွေကို အဆင်သင့်သလိုထုတ်ပြတယ်။

ဆင်စခန်းလာတဲ့သူတွေအနေနဲ့ ဆင်တွေရေချိုးတာ၊ အစာကျွေးတာ၊ ဆင်တွေကိုပိုင်စိုးတဲ့ နတ်ကွန်းမှာ ဆင်တွေ ရှိခိုး တာ၊ တုံးပေါ်လမ်းလျှောက်တာ၊ ခြေမြှောက် လက်မြှောက်ပြီး ဆင်တွေ အလှပြတာတွေကို ကြည့်ရမှာ ဖြစ်တယ်။ ဆန္ဒရှိရင် ဆင်စီးနိုင်သေးတယ်။

ဒီနတ်ပေါက်ဆင်စခန်းကို သွားချင်တိုင်းသွားလို့ရပေမယ့် ကိုယ်သွားတဲ့အချိန်မှာ ဆင်တွေ အများကြီးမရှိဘဲ အရေအတွက် နည်းနေရင် အမှန်တကယ် စိတ်ကျေနပ်ပျော်ရွှင်မှုရမှာ မဟုတ်ပါဘူး။ ဆင်စခန်းကိုသွားဖို့ စီစဉ်ထားပြီဆိုရင် အင်းတော် သစ်ထုတ်လုပ်ရေးရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ ၀၇၅-၂၉၁၅၄ ကိုတရက်ကြိုတင် ဆက်သွယ်ထားဖို့ လိုပါမယ်။ ဒါမှသာ လာမယ့် ဧည့်သည်အရေအတွက် မူတည်ပြီး ဆင်တွေကိုကြိုတင် စုပေးထားနိုင်မှာ ဖြစ်ပါတယ်။

နတ်ပေါက်ဆင်စခန်းလို ဆင်စခန်းတွေ မြန်မာပြည်တပြည်လုံးမှာ ရှိသေးတယ်။ ဖိုးကျားဆင်စခန်း၊ မြိုင်ဟေဝန် ဆင်စခန်း ၊ ပျားစွဲဆင်စခန်း၊ ဝဲမဆင်စခန်းတို့တွေပါ။

နတ်ပေါက်ဆင်စခန်းကို ပြည်တွင်းခရီးသွားဧည့်သည်တွေထက် နိုင်ငံခြားသားခရီးသွားတွေက ပိုစိတ်ဝင်စားပြီးလာကြ တယ်။ နိုင်ငံခြားသား ဧည့်သည်တွေဟာလည်း ဒီစခန်းကို အထူးတလည်စိတ်ဝင်စားပြီး လာကြတာတော့ မဟုတ်ပါဘူး။ သူတို့ဟာ စာရေးဆရာဂျော့အိုဝဲလ်ရဲ့ကမ္ဘာကျော်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ ‘မြန်မာပြည်နေ့ရက် များ’ စာအုပ်ထဲက ဇာတ်ဝင်ခန်း တွေရဲ့ တည်နေရာတွေကို အပြင်မှာ လက်တွေ့ကျကျကြည့်ရှုဖို့ ကသာမြို့လေး ကို လာရောက်ရင်း နတ်ပေါက်ဆင် စခန်း ဘက်ကို ကျွံရောက်လာကြတာပါ။ ဂျော့အိုဝဲလ်ဟာ မြန်မာပြည်နေ့ရက်များဆိုတဲ့ ဝတ္ထုစာအုပ်ကို ကသာမြို့မှာ အခြေပြုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ကသာမြို့ကိုလာရောက်တဲ့ နိုင်ငံခြားသားတွေများလာလေ နတ်ပေါက်ဆင်စခန်းကို လာရောက်လည်ပတ်သူတွေများလာ လေ အချိုးကျနေပါတယ်။

မြန်မာပြည်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားဧည့်သည် ခရီးသွားတွေဟာ ပြည်တွင်းက မပျက်မစီးဘဲ တည်ရှိ နေသေးတဲ့ သဘာဝအလှတွေကို လေ့လာချင်ကြတာများပါတယ်။ နတ်ပေါက်ဆင်စခန်းဟာ ဒီလို သဘာ၀ အခြေခံခရီး (EcoTourism) အနေနဲ့ နိုင်ငံခြားသားတွေဆီကနေ ဝင်ငွေတွေရအောင် တာဝန်ကျေကျေ ဆောင်ရွက်ပေးနေပါတယ်။

Loading