ဆောင်းပါး

ဝပြီး မုန်ယိုလာတဲ့ အလုပ်လက်မဲ့ မြန်မာ့ဆင်များ

This article has been converted from Zawgyi One to Unicode

ပူပြင်းသော သစ်တောကြီးတွင်းမှ မတ်စောက်သော တောင်စောင်းများကို တက်လိုက် ဆင်းလိုက်နှင့် သစ်လုံးကြီးများကို ဆွဲယူရခြင်းက ခက်ခဲသော အလုပ်တခု ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ သစ်ဆွဲဆင်များအတွက် အလုပ်မရှိခြင်းက ပိုဆိုးကြောင်း ဆင်ပိုင်ရှင်များက ပြောသည်။

သစ်တောများ လျော့နည်းလာခြင်းနှင့် လွန်ခဲ့သည့် ၃ နှစ်က စ၍ သစ်အလုံးလိုက် နိုင်ငံခြားတင်ပို့ခြင်းကို တားမြစ်သည့် ဥပဒေ ထုတ်ပြန်ခဲ့ခြင်းများကြောင့် မြန်မာနိုင်ငံမှ ဆင်များ အလုပ်မရှိသည့် အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်။ အလုပ် မရှိသည့် ဆင် ရာပေါင်းများစွာ ရှိလာပြီး အများစုကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အခက်အခဲ ဖြစ်လာသည်။

“ဆင်တွေက ပိုပြီး မုန်ယိုလာကြတယ်။ အလုပ်မရှိတော့ ၀ လည်းလာတယ်။ ဆင်ထီးတွေ အကုန်လုံးက တချိန်လုံး မိတ်လိုက်ချင်နေကြတယ်”ဟု အသက် ၆၄ နှစ်အရွယ်ရှိ ဦးချစ်စိန်ကပြောသည်။ သူ့မှာ သစ်ဆွဲဆင် ၈ ကောင် ရှိသော်လည်း ယခုအခါ တလတွင် ရက်အနည်းငယ်သာ အလုပ်လုပ်ရပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဖမ်းဆီး အသုံးချသည့် ဆင်ယဉ် အများဆုံးနိုင်ငံလည်း ဖြစ်သည်။ ခေတ်မီ စက်ယန္တရားများ မဝင်ရောက်နိုင်သော တောတောင်များထဲမှ အဖိုးတန် ကျွန်းသစ်နှင့် သစ်မာများ ထုတ်ယူရာတွင် ဆင်များက အကူအညီပေးခဲ့သည်မှာ နှစ်ပေါင်း ရာနှင့်ချီခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင် ဆင် ၅၅၀၀ ၏ ရှေ့ရေးက ၎င်းတို့ကို ကြီးကြပ်ရသော အစိုးရတာဝန်ရှိသူများအတွက်လည်း ခက်ခဲသည့် ပြဿနာတခု ဖြစ်လာပါသည်။
“ဆင်တွေအလုပ်မရှိတဲ့အတွက် သူတို့ကို ထိန်းသိမ်းရခက်ပါတယ်။ သစ်ပင်တွေမရှိတော့တဲ့အတွက် သစ်ဆွဲတဲ့အလုပ် လည်း မရှိတော့ပါဘူး”ဟု လွန်ခဲ့သည့် ၂ နှစ်ကတည်းက အလုပ်မရှိသည့် ဆင် ၆ ကောင် ပိုင်ဆိုင်ထားသော ဦးစောသာ ပြည့် ကပြောသည်။

မြန်မာနိုင်ငံမှ ဆင်ကျွမ်းကျင်သူ တဦးဖြစ်သည့် ဒေါ်ခိုင်ဦးမာက လက်ရှိတွင် အလုပ်မရှိသော ဆင်အရေအတွက် ၂၅၀၀ ရှိပြီး အများစုမှ ထိုင်းနယ်စပ်မှ ၂ နာရီခွဲခန့်သွားရသော မြန်မာနိုင်ငံ အရှေ့ပိုင်းတောများထဲတွင် နေထိုင်ကြသည် ဟု ခန့်မှန်းထားသည်။ အဆိုပါ အလုပ်မရှိသော ဆင်အရေအတွက်မှာ ဆင်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းဖြစ်ပါသည်။

“ဆင်တွေအများစုက ဘာလုပ်ရမှန်း မသိကြတော့ဘူး။ ဆင်ပိုင်ရှင်တွေအတွက်လည်း တာဝန်ကြီးတယ်။ သူတို့ကို ထိန်းသိမ်း စောင့်ရှောက်ရတာ ကုန်ကျစရိတ်များပါတယ်”ဟု ဒေါ်ခိုင်ဦးမာကပြောသည်။

အရွယ်ရောက် ဆင်များသည် ကိုယ်အလေးချိန် ပေါင် ၁၀၀၀၀ ရှိပြီး တနေ့တွင် အစားအစာ ပေါင် ၄၀၀ ခန့် စားကာ ဆပ်ကပ်တွင် ပါဝင်ခြင်းနှင့် သစ်ဆွဲခြင်းကလွဲ၍ အခြား လုပ်စရာ မရှိကြပါ။

သစ်ဆွဲခြင်းအလုပ်က ကြမ်းတမ်းခက်ခဲပါသည်။ သို့သော် အလုပ်ကြမ်းလုပ်သောကြောင့် မြန်မာနိုင်ငံမှ ဆင်များ ကျန်းမာရေး ကောင်းကြခြင်းဖြစ်ကြောင်း ဆင်ကျွမ်းကျင်သူများက ပြောသည်။ ၂၀၀၈ ခုနှစ် တွင် ပြုလုပ်ခဲ့သော လေ့လာချက်တခု အရ စည်းကမ်းနှင့် အညီ အလုပ်လုပ်ကြရသလို ဆော့ကစားခွင့်လည်းရှိသော မြန်မာနိုင်ငံမှ သစ်ဆွဲဆင်များက ဥရောပမှ တိရိစ္ဆာန်ရုံများရှိ ဆင်များထက် ၂ ဆ ပို၍ အသက်ရှည်ကြောင်း သိရသည်။ သစ်ဆွဲဆင်များ၏ ပျမ်းမျှ သက်တမ်းက ၄၂ နှစ် ရှိချိန်တွင် တိရိစ္ဆာန်ဥယျာဉ်မှ ဆင်များက ပျမ်းမျှ ၁၉ နှစ် ခန့်သာ ရှိသည်ကို တွေ့ရသည်။

အချို့သစ်ဆွဲဆင်များသည် ပို၍ အသက်ရှည်ကြသည်။ “အလုပ်လုပ်တဲ့ဆင်တွေက အသက် ၅၀ ကျော် ဒါမှမဟုတ် ၆၀ ကျော်အထိနေရပါတယ်။ အာဟာရနဲ့ သင့်တော်တဲ့ ပြုစုစောင့်ရှောက်မှုက အဓိကပါပဲ” ဟု ထိုင်းနိုင်ငံ အခြေစိုက် ဆင် ကျွမ်းကျင်သူ တဦး ဖြစ်သော Joshua Plotnik ကပြောသည်။

ဆင်များကို သူတို့၏ စွမ်းဆောင်နိုင်ရည်ကြောင့် အသိအမှတ်ပြုထားကြခြင်း ဖြစ်ပြီး အလုပ်မရှိတော့လျှင် ယုံကြည်မှု ပျောက်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

“ဆင်တွေကို လူတွေနဲ့တော့ မနှိုင်းချင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဒါမှမဟုတ် သူတို့ရဲ့ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာတွေနဲ့ တွဲဆက်နေတဲ့ ဘ၀ အစိတ်အပိုင်းတွေကို ထုတ်ဖယ်လိုက်မယ်ဆိုရင် အဲဒါက ခက်ခဲပါတယ်” ဟု ထိုင်းနိုင်ငံရှိ Golden Triangle Asian Elephant Foundation ၏ ဆင်ကယ်ဆယ်ရေးစင်တာမှ elephants and conservation activities ဒါရိုက်တာ John Edward Roberts က ပြောသည်။

မြန်မာနိုင်ငံသား အများစုအတွက်မူ အခြေအနေများက ပြောင်းလဲနေသည်။ စီးပွားရေးက အလျင်အမြန် တိုးတက်နေသလို နိုင်ငံသားများသည်လည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော အာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်လာပြီးနောက် အသစ်ရရှိလာသော လွတ်လပ်မှုများ အတွက် ပျော်ရွှင်နေကြပါသည်။ သို့သော် ဒီမိုကရေစီ အရုဏ်ဦးတွင် ဆင်များ၏ အနာဂတ်မှာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ မည်သို့ပင် ဖြစ်စေ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက အာဏာရှင်လက်အောက်တွင် ပြည်သူများ နာကျင်ခံစားခဲ့ကြချိန်တွင် ဆင်များအတွက်တော့ ကြမ်းတမ်းဆိုးရွားမှု နည်းပါးခဲ့သည်။

ဗြိတိသျှ ကိုလိုနီခေတ်က ဆင်များအတွက် ရေးဆွဲခဲ့သည့် စည်းကမ်းအတိုင်း စစ်အစိုးရများ လက်ထက်တွင်လည်း ကျင့်သုံးခဲ့ပါသည်။ တနေ့အလုပ်ချိန် ၈ နာရီ၊ တပတ်တွင် ၅ ရက် အလုပ်လုပ်ခြင်း၊ အသက် ၅၅ နှစ် တွင် အနားယူခွင့်ပေးခြင်း၊ ဆင်မများအတွက် မီးဖွားခွင့်၊ နွေရာသီ အားလပ်ရက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည် တို့ကို ပြဌာန်း သတ်မှတ် ပေးခဲ့သည်။ ယခု အချိန်အထိ အစိုးရက ဆောင်ရွက်ပေးသည့် ဆင်သားဖွားစခန်းများနှင့် အနားယူပြီးသော ဆင်များအတွက် စခန်းများ ရှိနေဆဲဖြစ်သည်။ စစ်အာဏာရှင်လက်ထက်တွင် ပြည်သူများအတွက် အခြေခံ အကာအကွယ်များ မရှိသော်လည်း ဆင်လုပ်သားဥပဒေကိုမူ လေးစားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အလုပ်ဝန်ပိသော ဆင်တကောင်က အလွန်အန္တရာယ် ပေးနိုင်ခြင်းကြောင့်လည်း တစိတ်တပိုင်း ဖြစ်သည်ဟု ဆင်များကို ထိန်းသိမ်းစောင့်ရှောက်ရသူများက ပြောကြသည်။

သစ်ဆွဲဆင်တကောင်စီတိုင်းတွင် မြန်မာသစ်လုပ်ငန်းက ပြုလုပ်ပေးထားသော ကျန်းမာရေး၊ အလုပ်နှင့်ပတ်သတ်သည့် ကိုယ်ပိုင်မှတ်တမ်းစာအုပ် ရှိပါသည်။

“မြန်မာသစ်လုပ်ငန်းက ဆင်တွေက ကျမမြင်ဖူးတဲ့ တခြားနိုင်ငံက ဆင်တွေနဲ့ ယှဉ်ကြည့်ရင် တော်တော် ကျန်းမာရေး ကောင်းတယ်။ သူတို့တွေက သဘာ၀ အစားအစားတွေ စားရတယ်။ အစာရှာထွက်ဖို့လည်း ခွင့်ပြုထားတယ်။ ကြွက်သားနဲ့ အရိုးတွေလည်း သန်မာကြတယ်။ လေ့ကျင့်ခန်းကောင်းကောင်း ရနေကြတယ်” ဟု အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ဆင်စောင့်ရှောက်ရေးအဖွဲ့ (Elephant Care International) ၏ ဒါရိုက်တာ ဒေါက်တာ Susan Mikota ကပြောသည်။

၂၀၀၈ ခုနှစ် လေ့လာမှုတွင် ပူးပေါင်းပါဝင်ခဲ့သူတဦးဖြစ်သော Georgia Mason က အဝလွန်ခြင်းက တိရိစ္ဆာန်ရုံမှ ဆင်များကို အသက်တိုစေသော အဓိက အကြောင်းအရာဖြစ်ကြောင်း ပြောသည်။ နောက်ထပ်လေ့လာမှု တခုတွင် တိရစ္ဆာန်ရုံတွင် မွေးဖွားသော ဆင်သားပေါက်များသည် သစ်ဆွဲဆင်စခန်းတွင် မွေးဖွားသော သားပေါက်များထက် ၁၅ ရာခိုင်နှုန်း ပိုလေးသည်ကို တွေ့ရကြောင်း သူက ပြောသည်။

သစ်တောများလျော့နည်းခြင်းနှင့် သစ်လုပ်ငန်း နည်းပါးလာချိန်တွင် အလုပ်လက်မဲ့ ဆင်အရေအတွက် တိုးလာဖွယ်ရာရှိသောကြောင့် အစိုးရအနေဖြင့်လည်း ၎င်းတို့ကို ဘေးမဲ့လွှတ်ပေးရန် နည်းလမ်းရှာဖွေလျက် ရှိပါသည်။

အမေရိကန်အခြေစိုက် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Wildlife Conservation Society) မှ ဆင်ဆိုင်ရာ တာဝန်ခံ Simon Hedges က ထို့သို့ဆင်များကို ဘေးမဲ့လွှတ်ပေးခြင်းက စိတ်လှုပ်ရှားစရာ အခွင့်အရေးတခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် Simon Hedges နှင့် အခြားသူများက သစ်ဆွဲဆင်များကို လွှတ်ပေးလိုက်ခြင်းဖြင့် တခြားတောရိုင်း တိရစ္ဆာန်များကို ရောဂါပျံနှံသွားနိုင်ခြင်းနှင့် အစားအစာအတွက် ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်း စသည့် အန္တရာယ်များကို ဖြေရှင်းရန် လိုအပ်သည်ဟု သတိပေးခဲ့သည်။

“တချို့အဖွဲ့အစည်းတွေက ဖမ်းမိထားတဲ့ဆင်တွေကို တောထဲကို လွှတ်ပေးလိုက်လို့ရတယ်လို့ ယူဆကြတယ်။ ပြောတာတော့ လွယ်ပါတယ်။ တကယ်လုပ်ရတာ ခက်တယ်။ ဆင်တွေက အကောင်ကြီးပြီး အန္တရာယ်များတဲ့ ကြောက်စရာ တိရိစ္ဆာန်ပါ။ သူတို့ကို သီးနှံစိုက်ခင်းတွေရဲ့ အဝေးမှာ ထိန်းသိမ်းထားဖို့ခက်ခဲပါတယ် ”ဟု ပြီးခဲ့နှစ်က ဆင်များ၏ အနာဂတ် မြန်မာအစိုးရက ပြုလုပ်ခဲ့သော အစည်းအဝေးပွဲတွင် ပါဝင်ခဲ့သည့် Simon Hedges က ပြောသည်။

ဆင်ပိုင်ရှင်များသည် ၎င်းတို့၏ဆင်များကို အစာရှာဖွေရန် တောထဲသို့ ပုံမှန် လွှတ်ပေးသည့်အတွက် သီးနှံများကို ဖျက်ဆီး စားသောက်အခါ ရွာသားများ၏ လျော်ကြေးတောင်းခံမှုကိုလည်း မကြာခဏ ကြုံတွေ့ရပါသည်။

“တောထဲမှာ ဆင်တွေ ကျက်စားဖို့အတွက် နေရာသိပ်မရှိတော့ဘူး”ဟု ဆင်ပိုင်ရှင် ဦးချစ်စိန်ကပြောသည်။

မြန်မာနိုင်ငံ၏ သစ်တောလွှမ်းမိုးမှုသည် ၁၉၉၀ ခုနှစ်မှ စ၍ ၄၂ ရာခိုင်နှုန်း အထိ လျော့နည်း ကျဆင်းခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ သိရသည်။

ထိုပြဿနာများ၏ ဖြေရှင်းနေချိန်တွင် ဆင်ပိုင်ရှင်များသည်လည်း အလုပ်လက်မဲ့ ဆင်များအတွက် နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းနေရပါသည်။

တချို့က ထိုင်းနိုင်ငံ စီးပွားရေးသမားများထံသို့ ရောင်းချခဲ့ကြပါသည်။ ဆင်ပြပွဲများနှင့် တောတွင်း ခရီးသွားခြင်းများ အပါအဝင် ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းတွင် အသုံးချရန် ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ဆင်များရောင်းချခြင်းမှာ ခွင့်ပြုချက် မရှိပါက တရားဝင်မဟုတ်ပါ။ သို့သော် မကြာခနဆိုသလို ရောင်းချမှုများ ပေါ်ပေါက်နေကြောင်း ဆင်ပိုင်ရှင်များက ပြောသည်။

သို့သော်လည်း အခြားဆင်ပိုင်ရှင်များကမူ ဆင်များကို ရောင်းချရေးကို တွေးပင် မတွေးနိုင်ကြောင်း ပြောကြသည်။

“ကျနော်ဆင်တွေနဲ့ ဘာလုပ်ရမှန်းတော့ မသိဘူး။ ဒါပေမယ့် သူတို့ကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ပါဘူး။ ဘယ်တော့မှ မရောင်းဘူး။ သူတို့ကို ကျနော်အရမ်းချစ်တယ်”ဟု မိဘများထံမှ ဆင်များကို အမွေဆက်ခံခဲ့သော ဦးစောသာပြည့် ကပြောသည်။

( The New York Times သတင်းစာပါ Thomas Fuller ၏ Unemployed, Myanmar’s Elephants Grow Antsy, and Heavier ကို ဆုမွန်ဖြိုး ဘာသာပြန်သည်)

Loading