ဆောင်းပါး

ကြိုပို့ဘတ်စ်စီးတဲ့ လွှတ်တော်ဥက္ကဋ္ဌ

This article has been converted from Zawgyi One to Unicode

ပုသိမ် – မုံရွာလမ်းမကြီးပေါ်တွင် ကြိုပို့ဘတ်စ်ကားတစီး ပုသိမ်မှ ကြံခင်းမြို့ဆီသို့ ဦးတည်မောင်းနှင်နေသည်။ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခရီးနှင်နေခြင်းဖြစ်သည်။

အဆိုပါ မီနီဘတ်စ်ကားပေါ်တွင် V.I.P (အရေးကြီးပုဂ္ဂိုလ်) တဦးလည်း လိုက်ပါလာသည်။ ထိုသူကတော့ ဧရာဝတီတိုင်းလွှတ်တော်၏ တတိယမြောက် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ဖြစ်သည်။ ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်ရန်အတွက် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်အပါအဝင် တခြားသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘတ်စ်ကားစီး၍ ခရီးနှင်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်ကာလ အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ အာဏာသိမ်း စစ်အစိုးရများဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင်၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေတ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်များသာမက သမ္မတဦးသိန်းစိန်အစိုးရ၏ မျက်မှောက်ခေတ်ကာလ၌ပင် လူကြီး (V.I.P) လမ်းကြောင်းဟေ့ ဟု ဆိုလျှင်ရှေ့ဆုံး၌ တဝီဝီအော်ကာ တဟုန်ထိုးမောင်းနှင်နေသည့် လုံခြုံရေးပွိုင့်ကားနောက်တွင် လိုက်ပါလာသည့် အကောင်းစား ကားတန်းကြီးများ၊ လမ်းဘေးဝဲယာ၌ ဆင်းရဲပင်ပန်းစွာ လုံခြုံရေးယူပေးနေသည့် ရဲများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပျာယာခတ် အလုပ်များနေကြသည့် ဌာနဆိုင်ရာများကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ သည်မြင်ကွင်းတွေက မြန်မာပြည်သူများအဖို့ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသည့် မထူးဆန်းသော မြင်ကွင်းများလည်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားပြု အနိုင်ရရှိပြီးလွှတ်တော်ဥက္ကဋ္ဌဖြစ်လာသည့် ဦးအောင်ကျော်ခိုင်၏ ကြံခင်းခရီးစဉ် (V.I.P) လူကြီးလမ်းကြောင်းမှာတော့ လမ်းဘေးဝဲယာတွင် လုံခြုံရေးယူသည့် ရဲများလည်း မတွေ့ရ၊ ရှေ့မှ ဦးဆောင်၍ လမ်းရှင်းပေးသည့် လုံခြုံရေးပွိုင့်ကားလည်း မတွေ့ရ၊ အလုပ်ရှုပ် ပျာယာခတ်နေသည့် ဌာနဆိုင်ရာများလည်း မတွေ့ခဲ့ရပါ။ နှစ်ပေါင်းများစွာ မြန်မာပြည်သူတို့ မြင်တွေ့ခဲ့ရသည့် လူကြီးလမ်းကြောင်း ပုံသဏ္ဍာန်နှင့် ကွဲပြားခြားနားစွာ သာမာန် ဘတ်စ်ကားတစီးလိုပင် ခရီးနှင်ခဲ့သည်။ ထို့ကြောင့် ရိုးရိုးခရီးသည်တင် ဘတ်စ်ကားထင်၍ လမ်းကြေး၊ မြို့ဝင်ကြေးတောင်းသည့် ဂိတ်များကိုလည်း တွေ့ခဲ့ရသည်။

“ကျနော်က တမင်စတန့်ထွင်ပြီး လုပ်တာတော့ မဟုတ်ပါဘူး။ တခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အတူ စည်းစည်းလုံးလုံး သွားချင်လို့ အခုလို စီစဉ်တာပါ”ဟု ဦးအောင်ကျော်ခိုင်က ဧရာဝတီကို ပြောသည်။

ဦးအောင်ကျော်ခိုင်မှာ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ဇာတိဖြစ်ပြီး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်၏ မြစ်တဦးလည်း ဖြစ်သည်။ ဥပဒေဘွဲ့ကို ၁၉၈၆ ခုနှစ်က ရရှိခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ်၌ NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံ လုပ်ဆောင်ပေးခဲ့သူ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း NLD ပါတီ၏ ဥပဒေအထောက်အကူပြု အဖွဲ့ဝင်နှင့် တိုင်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း သီရိပျံချီဘွဲ့ရ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကို အနိုင်ရရှိခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရသူ ဖြစ်သည်။

ဦးအောင်ကျော်ခိုင် ဘတ်စ်ကားစီးသည့်ကိစ္စတွင် နောက်ထပ်ထူးခြားသည့် အချက်တချက် ရှိနေသေးသည်။ ၎င်းမှာ ဦးအောင်ကျော်ခိုင် မတိုင်မီ ဧရာဝတီတိုင်းတွင် လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူခဲ့ကြသည့် ဒုဗိုလ်ချုပ်ကြီးဟောင်းဦးဆန်းဆင့်နှင့် ဗိုလ်ချုပ်ဟောင်းဦးတင်စိုးတို့ ပင်လျှင် တခြားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် တန်းတူ တကြိမ်တခါမှ ဘတ်စ်ကားမစီးခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားများ၊ အထိမ်းအမှတ်နေ့များ သွားစရာရှိလျှင် လွှတ်တော်ဥက္ကဋ္ဌအတွက် သီးသန့် ပေးအပ်ထားသည့် ဆလွန်းကားများဖြင့်သာ သွားကြသည်။ ကိုယ်ပိုင်ကားရှိသည့် လွှတ်တော် ကိုယ်စားလှယ်များကတော့ သူတို့ကားနှင့် လွှတ်တော်ဥက္ကဋ္ဌနောက်ကို လိုက်ကြပြီး ကိုယ်ပိုင်ကားမရှိသူ ကိုယ်စားလှယ်များကတော့ ဘတ်စ်ကားဖြင့်သာ သွားကြသည်။

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူဘဝမှ လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့သည့် ဦးအောင်ကျော်ခိုင်ကတော့ သူသုံးဖို့ နိုင်ငံတော်က ပေးထားသည့် ဇိမ်ခံကား ၃ စီးကို အိမ်မှာထားခဲ့ပြီး ဘတ်စ်ကားဖြင့် တခြားသောကိုယ်စားလှယ်များနှင့်အတူ ကြံခင်းမြို့ကို အသွားအပြန် ခရီးနှင်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ကြံခင်းမြို့သို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ရောက်ရှိချိန်၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးတို့က လာကြိုကြသည်။ အချိန်အနည်းငယ် စကားပြောဆိုပြီးနောက် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးကို လွှတ်တော် ဥက္ကဋ္ဌက ပြန်လွှတ်လိုက်သည်။ မြို့နယ်ရဲမှူးဖြစ်သူကတော့ လွှတ်တော်ဥက္ကဋ္ဌ တည်းခိုသည့် နေအိမ်ရှေ့တွင် ရဲ ၂ ယောက် လုံခြုံရေးချထားပေးခဲ့သည်။ လူကြီးလမ်းကြောင်း ဖြစ်သော်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်သည်ကို တွေ့ခဲ့ရသည်။

“လပွတ္တာကို မီးဘေးသင့်ပြည်သူတွေ အခြေအနေ သွားကြည့်တုန်းကလည်း ဥက္ကဋ္ဌကြီး ထမင်းစားဖို့ ကျနော်ထွေ/အုပ်ရုံးကို စီစဉ်ခိုင်းလိုက်ရမလားဆိုတော့ တာဝန်တွေကြီးလို့ မလုပ်ပါနဲ့လို့ ပြောတယ်။ အပြန်ကျတော့မှ လပွတ္တာက ထမင်းဆိုင်တခုမှာ သူ့ငွေနဲ့ ထမင်းဝင်စားသွားတယ်။ ဒါမျိုး အရင်က မရှိခဲ့ဘူးတော့ ကျနော်လည်း အံ့သြသွားတယ်”ဟု လွှတ်တော်ရုံးမှ ဝန်ထမ်းတဦးက ပြောပြသည်။

ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းမှာတော့ ကြံခင်းမြို့နယ်၊ ပေါက်နွယ်စမ်းအုပ်စု၊ သရက်တောရွာတွင် ပြုလုပ်သည့် ချင်းအမျိုးသားနေ့အကြို ပဒေသာကပွဲကျင်းပသည်ကို လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ကြည့်ရှုအားပေးကြသည်။ ပွဲကြည့်ရန် နေရာချထားပေးသည့်ခုံများ အားလုံးအရွယ်တူ၊ ပုံစံတူဖြစ်သည်။ ထိုခုံများမှာပင် လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ ဝင်ထိုင်ကြပြီး ချင်းရိုရာအကများကို အားပေးကြသည်။

ဒီမြင်ကွင်းကလည်း ထူးဆန်းနေသည်။ အာဏာရှင် ဗိုလ်နေဝင်းခေတ်၊ အာဏာသိမ်း စစ်ကောင်စီခေတ်နှင့် ဦးသိန်းစိန် အစိုးရခေတ်တလျှောက်လုံးတွင် လူကြီးများပွဲလမ်းသဘင် ကြည့်ခဲ့ကြရာ၌ ၎င်းတို့ထိုင်သည့်ခုံများက တခြားခုံများနှင့် တန်းတူမရှိခဲ့။ တခြားခုံများထက် ပိုကောင်းသည်။ ပိုကြီး၍ ပိုမိုကျယ်ဝန်းသည်။ ခုံအရွယ်အစားကို ကြည့်လိုက်သည်နှင့် အကြီးဆုံးခုံ၌ ထိုင်နေသူသည် ရာထူးအကြီးဆုံး၊ အာဏာအရှိဆုံးသူဆိုတာ အလိုလိုထင်ရှားနေခဲ့သည်။

ယခုတော့ ဧရာဝတီတိုင်း၏ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သည့် လွှတ်တော် ဥက္ကဋ္ဌက အများနည်းတူချထားပေးသည့်ခုံများမှာပင် ဝင်ထိုင်၍ ပွဲကြည့်နေခဲ့သည်။ မသိသူတယောက်အတွက် ဘယ်သူက လွှတ်တော်ဥက္ကဋ္ဌမှန်းပင် မခွဲခြားနိုင်သည့် အနေအထား ဖြစ်သည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်း၌ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်ပြီးချိန်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့်အဖွဲ့ ကြံခင်းမြို့မှ ဘတ်စ်ကားဖြင့် ပြန်လာခဲ့ပြီး လမ်းခုလတ်တွင်ရှိသည့် အင်္ဂပူမြို့ဟောင်းကို ဝင်ရောက်လေ့လာကြသည်။ အင်္ဂပူမြို့ဟောင်းကို လေ့လာပြီးနောက် ပြန်အထွက်တွင် လမ်းပေါ်၌ ကားတစီး သဲဝပ်ပြီး မောင်းမထွက်နိုင်ဖြစ်နေရာ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှာ ကားပေါ်ကဆင်း၍ တခြားသော လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သဲနစ်နေသောကားကို ဝိုင်းတွန်းပေးခဲ့သေးသည်။

၂၀၁၅ ရွေးကောက်ပွဲကာလက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲချိန် တန်ပြီဟူသည့် မဲဆွယ်စကားဖြင့် NLD ကိုမဲပေးကြရန် တိုက်တွန်းခဲ့သည်။ ရွေးကောက်ပွဲပြီးစီး၍ ရက်ပေါင်း ၁၀၀ ကျော်အကြာကာလ၌ အာဏာသိမ်း စစ်အစိုးရခေတ်နှင့် အာဏာရှင်ကို အမွေဆက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရခေတ်တို့နှင့် မတူညီသည့် အပြောင်းအလဲ ပုံရိပ်တချို့ စတင်မြင်တွေ့လာရပြီ ဖြစ်သည်ဟုဆိုလျှင် မမှားပေ။

Loading