ဆောင်းပါး

ဆရာလာခဲ့ပါဦး

This article has been converted from Zawgyi One to Unicode

၈၉ ခုနှစ်ရဲ့ ဆောင်းကုန်ခါနီးလေးမှာ ကျမ ချစ်ခင်စွဲလန်းတဲ့ လှည်းတန်းက အိမ်ခန်းလေးတခန်းဆီသို့ ပြန်ပြောင်းလို့ရခဲ့တယ်။ ကျမတို့ လမ်းကလေးက တဖက်ပိတ်လမ်းတိုလေး၊ ၅ လမ်းလို့ခေါ်တယ်။ ကျမအခန်းနံပတ်က ၁ ဆိုတော့ လမ်းကလေးရဲ့ ထိပ်တည့်တည့်မှာပေါ့။

လမ်းကလေးရဲ့ ထိပ်တည့်တည့်အရှေ့အနောက်တန်းနေတဲ့ ပေးငါးဆယ်လမ်းပေါ်မှာ တောဈေးတန်းလေးရှိတယ်။ လှည်းတန်းဈေးရဲ့ ပြင်ဘက် ဈေးတန်းလေးပေါ့။

မနက်ဘက် ဈေးစည်ချိန် တောဈေးတန်းဆီက ရုတ်ရုတ်သဲသဲ အသံဗလံတွေ သဲ့သဲ့ကြားရတတ်တာကလွဲရင် တနေ့လုံး ကျမတို့လမ်းကလေးဟာ အေးချမ်းတိတ်ဆိတ်လို့နေတတ်တယ်။ အိမ်ခေါင်းရင်းသရက်ပင်ပေါ်က စာလေးတွေရဲ့ အသံဟာ ချစ်စရာကောင်းသလောက် ကျီးတွေရဲ့ အသံကိုတော့ကျမမုန်းတယ်။

ရန်ကုန်သက် ဆယ်နှစ်ရှိတော့မယ်။ ဒီကျီးကန်းသံတွေနဲ့ ကျမဘယ်လိုမှ ယဉ်ပါးလို့ မရနိုင်သေးဘူး။ မြင်းခွာရွက်တို့၊ ပဒတ်စာတို့၊ ဖလံတောင်းဝှေးတို့ ဗုံလုံသီးတို့နဲ့တော့ ကျမ ယဉ်သွားခဲ့ပါပြီ။

လမ်းကလေးထိပ်က တောဈေးတန်းလေးမှာ (၈၁ ခုနှစ်တုန်းကလို) မြင်းခွာရွက်နဲ့ တရုတ်နံနံကို ကျမမှားမဝယ်တော့ပါဘူး။ ပဒတ်စာကိုလဲ ငွေပန်းလို့ မထင်တော့ဘဲ ပဒတ်စာ ဟင်းချိုတွေဘာတွေတောင် ကျမချက်စားတတ်ပါပြီ။

တောဈေးတန်းလေးထဲမှာ လှည်းတန်းလမ်းမတလျှောက်မှာ ဂျင်းဂျက်ကတ် ဖိုးရိုးဖားရားနဲ့ အလကားနေရင်း တိုးဝှေ့သွားလာ ငေးမောကျေနပ်နေတဲ့ ကျမကို ကျမခင်ပွန်းကတော့ လှည်းတန်းရူးတဲ့။

ကျမတင်မဟုတ်ပါဘူးနော်၊ လှည်းတန်းနတ်ဖမ်းစားခံရတဲ့ ကျမလို လှည်းတန်းရောဂါသည်တွေ အများကြီး ရှိပါတယ်။ လှည်းတန်းနတ်ကြီးတယ်ဆိုတာ ဖမ်းစားခံရသူတိုင်း သိပါတယ်။ လှည်းတန်းနတ်ဖမ်းစားခံရတာကို သိပ်ကျေနပ်တဲ့ ကျမကတော့ လမ်းကလေးနဲ့ အခန်းလေးကိုပါ တလမပြည့်သေးတဲ့အချိန်အတွင်းမှာ ချစ်ခင်တွယ်တာမိပါပြီ။

———-

ကျမတို့ အခန်းလေးကို ဆရာရောက်လာတော့ ညကိုးနာရီတောင်ထိုးတော့မယ်။

‘‘ဘယ်လိုဖြစ်တာလဲ ဆရာ၊ မိုးချုပ်ပြီ”
‘‘အေးဟာ၊ ငါလဲ ပျင်းတာနဲ့ ထွက်လာခဲ့တာ၊ ညဘက်ကျ ဟိုတယ်ခန်းထဲမှာ တယောက်တည်း တငုတ်ငုတ် တုတ်တုတ်ဟ၊ စကားပြောဖော်မရှိ ဘာမရှိ အစောကြီးကလဲ မအိပ်တတ်၊ စာရေလို့လဲ မရ၊ အဲ– စာဖတ်ချင်တော့ ဖတ်ပေါ့ ဒါပေမယ့်—-” ဆရာ့ထုံးစံအတိုင်း စကားအရှည်ကြီးကို လေးလေးလေးလေးနဲ့ ပြောရင်းလက်ထဲက ကြွပ်ကြွပ်အိတ်ကို စားပွဲပေါ် လှမ်းတင်တယ်။

ဆရာမောင်သာရရဲ့ မူအတိုင်း ကြွပ်ကြွပ်အိတ်ထဲမှာ ညနေကမှ ဒိုဘီဆိုင်က ရွေးခဲ့တဲ့ အဝတ်တစုံပါတယ်၊ မုန့်ထုပ်တထုပ်လဲပါတယ်။

‘‘အကျႌချိတ်လေး တချိတ်လောက် ငါ့ပေးပါဦးဟယ်”

စွပ်ကျယ် လက်စကပေါ်က အကျႍလက်တိုအဖြူကို ဆရာချွတ်နေတယ်။ ‘‘ပေး—ပေး ကျနော့်ပေး” ဆိုပြီး ကျမက အကျႌကို လှမ်းယူလိုက်တော့ အိုး — လေးလိုက်တဲ့ အကျႌကြီး။

‘‘ဆရာ့ အကျႌကြီးက တပိဿလောက်တော့ရှိတယ်”
‘‘င့ါချမ်းသာသမျှ အကုန်စုထည့်ထားတာကိုးဟ”

အလွန်ကြီးမားတဲ့ အိတ်ထောင်လေးလုံးနဲ့ အထူးစီမံချုပ်လုပ်ထားသော အကျႌလတ်တိုရဲ့ အိတ်တွေထဲမှာ မျက်မှန်အိတ်နှစ်အိတ်၊ သွားပွတ်တံ၊ ရှူဆေး၊ နှလုံးရောဂါဆေး၊ တိပ်ခွေတခွေ၊ သွားကြားထိုးတံ၊ ချမ်းသာမျှ ပိုက်ဆံအားလုံး။

စာရေးဆရာ ပီသစွာဖောင်တိန်နဲ့ ဘောလ်ပင်တော့ မပါပါဘူး။

‘‘ဆရာထမင်းစားပြီးပလား”
စားပွဲတင်ပန်ကာလေးကိုဖွင့်ပေးရင်း ကျမခင်ပွန်းကမေးတော့ ဆရာက ခေါင်းညိတ်တယ်။

‘‘ထမင်းက စားပြီးပါပြီ၊ ဒီနေ့အစောကြီးထဲက ခြောက်နာရီခွဲလောက်ကတည်းက ပြီးနေတာ၊ နော့ — နေပါဦး၊ ငါထမင်းမစားရသေးဘူးဆိုတော့ မင်းတို့က ဘာတတ်နိုင်မှာတုန်း၊ ထမင်းချက်စားတာလဲ မဟုတ်ဘဲနဲ့များ”
‘‘အမယ် ဒီနေ့ချက်တယ်နော်ဆရာ၊ ဝက်သားဟင်း၊ ချဉ်ပေါင်ဟင်း၊ ငါပိချက် အညာပဲပုတ်မီးကင်ဆီဆမ်း”
‘‘တော်စမ်းပါ ဖွတ်ကျား နင်ချက်တတ်တာဒါပဲ”

အားတတ်သရော ဝင်ကြွားမိတဲ့ ကျမကို ဆရာက သြဘာပေးတယ်။ ကျမက မကျေမနပ်နဲ့ ‘‘နောက်တမျိုး ချက်တတ်သေးတယ်”လို့ ခပ်တည်တည်ပြောရင်တော့ ဆေးပြင်းလိပ်မီးညှိရာက ဆရာက လက်ကာပြတယ်။

‘‘တော်ပါတော့ တော်ပါတော့ — ဒီလိုဟေ့ ပြောဦးမယ် — ဒီနေ့ညနေ သုံးဆယ့်လေးလမ်းထိပ်မှာ ငါထမင်းစားရော၊ ထုံးစံအတိုင်းပေါ့ ဟိုကုလားမဆိုင်ပေါ့၊ စား — စားပြီးတော့ ဟိုတယ်ပြန်မယ်ပေါ့ ပြန်ရမယ်ပေါ့၊ ပြန်က မပြန်ချင်သေးဘူး၊ ဝင်ကာ မဝင်ချင်သေးဘူး၊ အဲအပြင်မှာလဲ ဘာမှလုပ်စရာမရှိတော့ဘူး၊ ဒါနဲ့ ငါစိတ်ကူးရလာတယ် ဒီနေ့ညတော့ နင်တို့ဆီလာပြီး စကားစမြည်လေးပြောရရင်ကောင်းမယ်။ တချက် နင်တို့ဆီကို လေးဘီးကားလေးနဲ့ သုံးဆယ်လောက် အကုန်ခံလိုက်ရင် ရောက်နိုင်တယ်၊ နှစ်အချက် နင်တို့နှစ်ယောက်တည်းဆိုတော့ ဘယ်သူ့မှ အားနာစရာမလိုဘူး၊ သုံးအချက် စာအကြောင်းပေအကြောင်း၊ အာလပသလ္လာပ လေးတွေပြောလို့ရမယ်ပေါ့ဟာ။ ဒါနဲ့ လမ်းထိပ်ထွက် ကားငှား ခုနှစ်နာရီလောက်ကျတော့ လေးဘီးလေးတစီးရတယ်၊ သုံးဆယ်နဲ့ ဒါနဲ့ထွက်လာတော့ — ပြောဦးမယ် — တို့မြေနီကုန်းက လက်ဖက်ရည်ဆိုင်လေဟာ သိတယ်မဟုတ်လား မုန့်ဘာတွေ ကောင်းတယ်လေ၊ အေး အဲ့ဒီဆိုင်မြင်တော့ မုန့်ဝယ်မယ်လေဆိုပြီး ကားရပ်ခိုင်းမလို့လုပ်တုန်း တခါတည်းဟေ့ ခွေးသားမိအုပ်တအုပ် ကားလမ်းဖြတ်ကူးတာ၊ ဟာ ငါ့နှယ်ရပ်ရပ်နဲ့ အော်လိုက်ရတာဆိုတာ ကားသမားချက်ချင်းရပ်ရှာပါတယ်။ ဒါပေမယ့်ဟာ ကားက အရှိန်နဲ့ ဘယ်ရမလဲ ခွေးလေးတကောင်ကို တိုက်မိသွားတာပေါ့။ သနားစရာ ခွေးမကြီးကလည်းပိန်လို့၊ ခွေးလေးတွေကလဲ ပိန်လို့၊ ဒါနဲ့ငါလဲ လက်ဖက်ရည်ဆိုင်က မုန့်တွေ ဝယ်ကျွေး၊ နို့ဆီဖျော်ခိုင်းပြီး တိုက်နဲ့ ကြည့် ကောင်းကောင်းနဲ့ ထိုင်ကြည့်နေတာ၊ အဲ့ဒါနဲ့ ကြာသွားတာအဖြစ်က —”

ဆရာက စကားခဏရပ်ပြီး ဆေးပြင်းလိပ်ကြီးကို မူးဝေအန်ချင်စရာကောင်းတဲ့အနံ့တွေ တထောင်းထောင်း ထွက်လာအောင်ဖွာတယ်။

‘‘ခွေးလေးတွေက ချစ်စရာကောင်းလိုက်တာ မပြောနဲ့တော့ — ခြောက်ကောင် အဖြူနဲ့ အနက်ကျားလေးတွေရော နီတီတီကောင်လေးတွေရော ပြီးတော့ —”

ကျမ သိလိုက်ပါပြီ၊ ခွေးတွေကို အလွန်အမင်းချစ်တတ်တဲ့ ဆရာ့ထုံးစံအတိုင်း ခွေးဋီကာကို ညဉ့်နက်တဲ့အထိ ကျမတို့ နားထောင်ရတော့မယ်။

——————

နောက်တနေ့မနက် ကျမအိပ်ရာနိုးတော့ တော်တော်စောနေသေးတယ်။ အိမ်ရှေ့ခန်းက ဆရာ့အိပ်ရာမှာ ဆရာမရှိဘူး။ အိမ်ရှေ့တံခါးကြီးလဲ ပွင့်လို့။ ကျမတံခါးဝကို ရောက်သွားတယ်။

‘‘လာ — လာ သမီးလာ၊ အို့ —– အို့ —- ကျွတ်ကျွတ် လာ—–သားလာ ဒီကိုလာ”

အော် လက်စသတ်တော့ ဒီလိုကိုး။ အိမ်ရှေ့လမ်းပေါ်မှာ ဆရာနဲ့ ခွေးငါးကောင်။ ဆရာ့လက်ထဲမှာ ဆယ်ချပ်လောက်ရှိတဲ့ နံပြားအထပ်ကြီးကို ကိုင်ထားတယ်။ ခွေးငါးကောင်က ဆရာ့ဘေးမှာ အမြီးတနန့်နန့်နဲ့ ဝိုင်းလို့၊ ဆရာက နံပြားတွေကို ပြပြီးခွေးတွေကိုခေါ်တယ်၊ သူ့လက်ထဲကနေ ယူစားချင်တဲ့သဘော။

‘‘လာ စားလေသား၊ ဒီမှာလေ၊ လာလာ သမီးလာရော့လေ —- ဒီမှာရော့”

ဆရာဘယ်လောက်ပဲခေါ်ခေါ် ခွေးတွေက ဆရာ့လက်ထဲက နံပြားကိုယူမစားရဲကြဘူး၊ အမြီးတနန့်နန့်နဲ့သာ လုပ်နေကြတယ်။

‘‘ဘယ်လိုလဲဟ ခွေးတွေက”
ဆရာက ကျမဆီ လှမ်းပြောရင်း လာလာ သားလာနဲ့ ခွေးတွေကို အဆက်မပြတ်ခေါ်နေပြန်တယ်။

‘‘ဘယ်လိုမှ မလဲနဲ့ဆရာ၊ ဒီကောင်တွေက ဈေးခွေးတွေ၊ သူတို့ကို ဒီလို တယုတယကျွေးတဲ့ သူရှိမှမရှိတဲ့ ဥစ္စာ၊ နေဦး အောက်ပစ်ချပြီး ကျွေးကြည့်ပါလားဆရာ”

ဆရာက နံပြားတွေကို ဖဲ့၊ ဖဲ့ပြီးအောက်ပစ်ချတယ်။ ပါးစပ်ကလဲ သားစား၊ သမီးစားနဲ့။ ဒါပေမယ့် ခွေးတွေက နံပြားကို မရဲတရဲသာ နမ်းကြည့်ပြီး မစားခဲ့ကြပါ။ ဆရာကို ကြည့်ပြီး ကျမ ရယ်လိုက်မိတယ်။

‘‘မအံ့သြနဲ့ဆရာ သူတို့ နံပြားကို တခါမှ မစားဘူးလို့နေမှာ — သူတို့ အမြဲတမ်းစားရတာက ငှက်ပျောသီးဆရာရဲ့”
‘‘ငှက်ပျောသီး ဟုတ်လား”
”ဟုတ်တယ် ဟိုမျက်နှာချင်းဆိုင် အိမ်အောက်ထပ်မှာ ငှက်ပျောသီးတွေ အများကြီးထားတယ်၊ ရောင်းတဲ့အသည်က ငှက်ပျောသီးတွေကို ရွေးရင်း ဆယ်ရင်း လွှင့်ပစ်တဲ့ အနာအဆာတွေကို သူတို့စားကြတာပဲ”

ကျမပြောနေတုန်းမှာပဲ နည်းနည်းခွေးရေလည်ပုံရတဲ့ ခွေးတကောင်က နံပြားတဖဲ့ကို စတင်ဝါးစားပစ်လိုက်တယ်။

‘‘ဟော စားပြီ—–စားပြီ”
ဆရာက ဝမ်းသာအားရအော်တယ်၊ နောက်ခွေးတကောင်က နံပြားတဖဲ့ကို စားပြန်တယ်၊ ပြီးတော့ နောက်တကောင်၊ ဆရာက လက်ထဲက နံပြားတွေကို ဖဲ့ဖဲ့ချတယ်၊ ခွေးတွေက စားကြတယ်၊ အားရပါးရ မြိန်ရေရှက်ရေ စားကြတယ်။

———————

နောက်တနေ့ကျလဲ ကြွပ်ကြွပ်အိတ်တလုံးနဲ့ ဆရာရောက်လာပြန်တယ်။ မနက်စောစောမှာ နံပြားတထပ်ကြီးနဲ့ ခွေးတွေနဲ့ အလုပ်ရှု့ပ်ပြန်တယ်။
ခွေးတွေဟာ ဆရာ့လက်ထဲက နံပြားဖဲ့လေးတွေကို ယူစားဝံ့လာတယ်၊ အငမ်းမရလဲ စားကြတယ်။
နောက်နှစ်ရက်တိတိ ဆရာဆက်လာတယ်၊
မနက်တိုင်းလဲ ခွေးတွေကို နံပြားကျွေးတယ်။
လက်ထဲမှာ နံပြားတပွေ့တပိုက်နဲ့ ဆရာ့ကိုခွေးတွေက အလုအယက် ဖက်တက်ပြီး စားနေတဲ့ မြင်ကွင်းဟာ ကြည့်လို့ပဲ ကောင်းသေးတော့။
ခွေးတွေနံပြားကိုအလွန်ကြိုက်နှစ်သက်သွားကြပါပြီ။ ဒါပေမယ့် နောက်နေ့ကစပြီး ကျမတို့ဆီကို ဆရာမလာဖြစ်တော့ပါဘူး။

———————

ကျမ အိပ်ရာက နိုးလာတော့ တောဈေးတန်းလေးဆီက ညိုးညိုးညံညံအသံတွေကိုတောင် ကြားနေရပြီ။ အိမ်ရှေ့တံခါးကို ကျမသွားဖွင့်လိုက်တယ်။ ဖွင့်လိုက်တာနဲ့ ကျမဆီကို တဟုန်ထိုး ပြေးလာကြသူများကတော့ ဆရာ့ အချစ်တော်ခွေးတွေပေါ့။

“ ကြည့်စမ်း တော်တော်သိတဲ့ကောင်တွေ”
သူတို့ကလေ ကျမနားရောက်တာနဲ့ ဆရာမဟုတ်မှန်းသိသလို တုံ့ခနဲရပ်ကြတယ်။ အမြီးလေးတွေကတော့ နန့်လို့၊ အဲလိုနေတုန်းမှာပဲ သူတို့တတွေ လမ်းဘက်ကို တရုန်းရုန်းပြန်ပြေးသွားကြပြီး ဘာလုပ်လိုက်တယ် မှတ်လဲ။ လက်ဖက်ရည်ချိုက်လေးတဖက် နံပြားတွဲလေးတဖက်နဲ့ လာတဲ့ကလေးတယောက်ဆီက နံပြားတွဲကို ဝိုင်းဆွဲစားလိုက်ကြတာပေါ့။

“အိုး ဒုက္ခပါပဲ”
“ဟဲ့ ဟဲ့ လုပ်ပါဦးဟဲ့” လန့်ပြီး ငိုယိုနေတဲ့ ကလေးဆီကို ကျမရော ဟိုဘက်အိမ်အောက်ထပ်က ငှက်ပျောသီးသည်ကြီးပါ ပြေးသွားကြတယ်။
“အရင်ခွေးတွေ ဒီလိုမဟုတ်ပါဘူး၊ ဒီခွေးတွေ ဘယ်လိုများဖြစ်ပါလိမ့်”

ဒီခွေးတွေ ဘယ်လိုဖြစ်တယ်ဆိုတာ ကျမသိတယ်၊ တရားခံကို ကျမသိတယ်လေ၊ ဒါပေမယ့် ကျမဘယ်လိုပြောရမလဲ။

(နုနုရည်အင်းဝသည် အမျိုးသားစာပေဆုရ အမျိုးသမီးစာရေးဆရာတဦးဖြစ်သည်။ ယခု ဆောင်းပါးကို “နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင် — နှင့် အခြားဝတ္ထုတိုများ” စာအုပ်မှ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်)

Loading