ဆောင်းပါး

မြောက်ဦးမြို့၏ ဒေါ်လာသန်းချီသော စီမံခန့်ခွဲမှုအမှားများ

This article has been converted from Zawgyi One to Unicode

မကြာမီ အာဏာလွှဲပြောင်းပေးရတော့မည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရသက်တမ်း အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရက ရှေးခေတ် ရခိုင်ဘုရင်များထီးနန်းစိုက်ခဲ့သည့် မြောက်ဦးမြို့တော်ရှိ ရှေးဟောင်းအမွေအနှစ်များကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် မြန်မာကျပ်ငွေ ၁ ဒဿမ ၅ ဘီလီယံ ကျပ် ( အမေရိကန် ဒေါ်လာ ၁ ဒဿမ ၂ သန်း) အသုံးပြုခဲ့ကြောင်း ပြည်နယ်စာရင်းစစ်ရုံးမှ နှစ်စဉ်ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

မြောက်ဦးအခြေစိုက် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက အစိုးရနှင့် တာဝန်ယူ တည်ဆောက်ရသော ကန်ထရိုက်များ၏ ပြုပြင်ထိန်းသိမ်းမှု အမှားအယွင်းများကြောင့် ကိုးသောင်းဘုရားနှင့် သျှစ်(ရှစ်) သောင်းဘုရားတို့၏ အတွင်းပိုင်းရှိ လိုဏ်ဂူများ ပျက်စီးခဲ့ရကြောင်း ပြောသည်။ ရှေးဟောင်းစေတီများ ဘေးတလျှောက်တွင် စေတီ အသစ်များကို တည်ထားခဲ့ပြီး ကွန်ကရစ်၊ သဲကျောက်တို့ဖြင့် တည်ဆောက်ခဲ့သည်ဟုလည်း သူက ဆိုသည်။

သမိုင်းဝင်စေတီပေါင်း ၁၅၀၀ ကျော်ရှိသော မြောက်ဦး ရှေးဟောင်းမြို့တော်ကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန်အတွက် ရှေးဟောင်းသုတေသီများနှင့် ပညာရှင်များက ကြိုးပမ်းနေသော်လည်း ရှေးမူလက်ရာများကို မှားယွင်းသော ပြန်လည်မွမ်းမံပြင်ဆင်မှုများ တောက်လျှောက်ဖြစ်နေသည့်အတွက် စာရင်းသွင်းရန် ရည်ရွယ်ချက် မအောင်မည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေရသည်။

ပြုပြင်ထိန်းသိမ်းမှု အမှားများ

မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်ကလည်း မြောက်ဦး ရှေးဟောင်းဒေသကို ထိန်းသိမ်းရမည့်အစား အသစ်ပြန်လည်တည်ဆောက်ထားသည်များ တွေ့ရှိရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ မူလတည်ဆောက်ထားသည့် ရှေးခေတ်လက်ရာများနှင့် နီးစပ်သော ပြုပြင်မှုများအစား တခါတရံတွင် ကွန်ကရစ်နှင့် ကျောက်အသစ်များကို အသုံးပြုထားကြသည်။

ကန်ထရိုက်များသည် ဘုရား၊ ပုထိုးများကို ပြုပြင်ထိန်းသိမ်းသည့် အတွေ့အကြုံမရှိကြဟု သူကပြောသည်။ လွန်ခဲ့သော သုံးလလောက်က မြောက်ဦးဒေသတွင် တာဝန်ထမ်းဆောင်ရန် သူရောက်မလာခင်ကတည်းက ပြင်ဆင်မှု အများအပြား ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်ဟု ဦးငြိမ်းလွင်က ရှင်းပြသည်။

“ပြုပြင်ထိန်းသိမ်းတာ မှားယွင်းနေတဲ့ ဘုရားတဆူကို ကျနော်တွေ့ခဲ့တယ်။ အဲဒါ အသစ်ပြန်တည်ဆောက်ထားပါ’’ ဟု (သျှစ်)ရှစ်သောင်းဘုရားအနီးတွင် တည်ဆောက်ထားသော ဘုရားတဆူကို ရည်ညွှန်း၍ သူက ပြောသည်။ ‘‘အုတ်တွေ၊ သဲတွေ၊ ကျောက်တွေနဲ့ ပြင်ဆောက်ထားတာ ၂၀၁၅ ခုနှစ် မော်ဒယ်ဖြစ်နေတယ်ဗျ။ အဲဒါ နောက်ထပ် ဘယ်တော့မှ မြောက်ဦးခေတ်လက်ရာ မဖြစ်နိုင်တော့ဘူး။ အဲဒါကို ရှေးလက်ရာလို့ ကျနော် ဘယ်လိုမှ ခံစားလို့မရဘူးဗျ ”ဟု ဦးငြိမ်းလွင်က ပြောသည်။

ရှေးဟောင်း (သျှစ်)ရှစ်သောင်းဘုရား၏ အတွင်းပိုင်းလိုဏ်ဂူများတွင် ပဲ့တင်သံမထွက်ဘဲ လေဝင်လေထွက်ကောင်းစေ သည့် စနစ်များကိုပါ ထည့်သွင်းတည်ဆောက်ခဲ့သော်လည်း လက်ရှိ ပြန်လည်ပြုပြင်ပြီး နောက်ပိုင်းတွင် ယင်းစနစ်နှစ်ခုလုံးမှာ ပျက်စီးသွားပြီဖြစ်သည်။

ရခိုင်ပြည်နယ်၏ စာရင်းစစ်ချုပ် ဦးထွန်းအောင်စံကလည်း ရှေးဟောင်း ဘုရားပုထိုးတော်များကို ထိန်းသိမ်းရေးလုပ်ငန်း လုပ်ခွင့် ရထားသော ဒေသခံ ရခိုင်ကန်ထရိုက်များက လုပ်ငန်းကျွမ်းကျင်မှုမရှိဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဆတိုးမြင့်လာသော ဘတ်ဂျက်

စစ်တွေမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဌာန၏ ဒုတိယညွှန်ကြားရေးမှူးက ဧရာဝတီသတင်းဌာနသို့ စီစဉ်ပေးခဲ့သော နှစ်ပတ်လည် အစီရင်ခံစာတခုအရ မြောက်ဦးရှေးဟောင်းဒေသအတွက် ပြည်နယ်အစိုးရမှ ထိန်းသိမ်း စောင့်ရှောက်ရန် ထုတ်ပေးခဲ့သည့် ဘက်ဂျက်မှာ ၂၀၁၁ ခုနှစ်တွင် ကျပ်ငွေ ၈ ဒဿမ ၄ သန်း ( အမေရိကန်ဒေါ်လာ ၆၈၀၀) ရှိခဲ့ရာမှ ယခု နှစ်တွင် ကျပ်ငွေ ၆၃၉ သန်းအထိ ( အမေရိကန်ဒေါ်လာ ၅၁၅ ၈၀၀)အထိ တိုးမြှင့်ခဲ့ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။

ပျက်စီးယိုယွင်းနေသော ရှေးဟောင်းဘုရားများပြုပြင်ထိန်းသိမ်းရေးအတွက် ပြီးခဲ့သည့် ၅နှစ်အတွင်း စုစုပေါင်း ကျပ်ငွေ ၁ ဒဿမ ၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်း) သုံးစွဲခဲ့သည်။

ဦးငြိမ်းလွင်က သူ့အနေဖြင့် ယခုတာဝန်ကို ထမ်းဆောင်ခြင်း မပြုမီအချိန်အထိ အစိုးရအဖွဲ့၏ ရန်ပုံငွေ ခွဲဝေ ချထားပေးမှုများ အကြောင်းကို လုံး၀ သိရှိထားခြင်းမရှိဟု ဆိုပါသည်။ ၂၀၁၄ – ၂၁၁၅ ဘဏ္ဍာရေး နှစ်အတွင်းတွင် အဆိုပါ စီမံကိန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဌာနမှ ပြည်နယ်အစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ရာ ကျပ်ငွေ ၆၆၅ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။

ဦးငြိမ်းလွင်သည် မြောက်ဦး ရှေးဟောင်းသုတေသနဌာန၏ ညွှန်ကြားရေးမှူးဖြစ်လာသောအခါ ၎င်းမတိုင်မီ ဆောင်ရွက်ခဲ့ကြသည့် စီမံကိန်း၏ စာရင်းစစ်အစီရင်ခံစာအရ ကွဲလွဲမှုများ ရှိနေကြောင်းတွေ့ရှိခဲ့သည်။ အပြီးမသတ်သေးသည့် လုပ်ငန်းငါးခုအတွက် ကြိုတင်ငွေများ ထုတ်ယူခဲ့ပြီးဖြစ်သည်ဟု သူကပြောသည်။

ကန်ထရိုက်တာများအား ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ငွေနှင့် (အစိုးရထံတင်ပြရသည့်) ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများအား အာမခံနိုင်သည့် အထောက်အထားစာရွက် (Performance Guarantee) ပေးရန် တောင်းခံခဲ့သော်လည်း အများစုမှာ တင်ပြနိုင်ခဲ့ခြင်း မရှိကြောင်း ဦးငြိမ်းလွင်က ပြောသည်။

အကယ်၍ ကန်ထရိုက်တယောက်က စီမံကိန်းတခုကို ကောင်းမွန်ပြီးမြောက်အောင် မဆောင်ရွက်နိုင်လျှင် တာဝန်ရှိသူများ က စာချုပ်စည်းမျဉ်းစည်းကမ်းအရ အရေးယူရမည်ဖြစ်ကြောင်း ဦးထွန်းအောင်စံ ပြောသည်။ သို့သော် ဦးထွန်းအောင်စံ က ပြည်နယ်အစိုးရအနေဖြင့် ၎င်းတို့သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်းအရေးယူ ဆောင်ရွက်ခဲ့ခြင်းရှိမရှိကို တိုက်ရိုက်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ပြုပြင်ဆောင်ရွက်မှုများ ညံ့ဖျင်းကြောင်း စွပ်စွဲချက်များ ရှိနေသော်လည်း စာရင်းစစ်ဌာနမှ မြောက်ဦး စီမံကိန်းအတွက် ၂၀၁၅-၂၀၁၆ ခုနှစ် ဘက်ဂျက်ကို မစစ်ဆေးရသေးကြောင်း ဦးထွန်းအောင်စန်းက ပြောသည်။

ချိတ်ပိတ် တင်ဒါလား၊ အိတ်ဖွင့် တင်ဒါစနစ်လား

စာရင်းစစ်ဌာန၏ တရားဝင်စာရင်းများအရ မြောက်ဦးရှေးဟောင်းဒေသ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အရွေးချယ်ခံထားရသော ကန်ထရိုက်များမှာ အဆက်အသွယ်ကောင်းသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖွဲ့ဝင်များ၊ စစ်တွေမြို့မှ ဟိုတယ်ပိုင်ရှင်တဦးနှင့် နီလာမြင့်မြတ်၊ မြန်မာအာရီယံနှင့် ရိုးမ မဏ္ဍိုင်ကဲ့သို့ ဆောက် လုပ်ရေး ကုမ္ပဏီများဖြစ်ကြသည်။

ဒေသခံ ကန်ထရိုက်တာများက အရေးပါသော စီမံကိန်း၊ လုပ်ငန်းအမျိုးအစားများကို မည်ကဲ့သို့ လုပ်ပိုင်ခွင့်ရခဲ့ကြသည်ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်းမရှိပါ။ မြန်မာအစိုးရ၏ တင်ဒါစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအရ လုပ်ငန်းတခုသည် ကျပ် ၅ သန်း ( အမေရိကန်ဒေါ်လာ ၄၀၀၀) တန်ဖိုးရှိလျှင် တင်ဒါခေါ်ယူရမည် ဖြစ်ပြီး အကယ်၍ ကျပ် သန်း ၅၀ ( အမေရိကန် ဒေါ်လာ ၄၀၃၀၀) သို့မဟုတ် ယင်းထက်ပိုလျှင် နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြော်ငြာပြီးမှ တင်ဒါခေါ်ယူရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရက မြောက်ဦးရှေးဟောင်းစေတီများကို ထိန်းသိမ်းရန်အတွက် ပွင့်လင်းမြင်သာစွာ ကြေညာပြီး တင်ဒါ ခေါ်ယူခဲ့ခြင်းရှိမရှိကို ဧရာဝတီသတင်းဌာနက အတိအကျ အတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။

“တင်ဒါက အဖွင့်လား အပိတ်သလားဆိုတာကို ကျနော် မသိပါဘူး။ မြောက်ဦးဌာနအနေနဲ့ ဒီမှာ ဆောက်လုပ်ရေး ကန်ထရိုက် အရေအတွက် ဘယ်လောက် လုပ်ကိုင်နေတယ် ဆိုတာကိုလဲ ကျနော်တို့ မသိပါဘူး”ဟု စစ်တွေမြို့ရှိ ရှေး ဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးပြောဆိုခဲ့သည့်အတိုင်းပင် ဦးငြိမ်းလွင်ကလည်း ပြော ပါသည်။

ရခိုင်ပြည်နယ်၏ စာရင်းစစ်ချုပ်ကမူ ထိုသို့ (တင်ဒါစနစ်) ဆုံးဖြတ်မှုများသည် ပြည်နယ်အစိုးရ၏ တာဝန်ရှိသူများက ချမှတ်ခြင်းသာဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိသော တင်ဒါစနစ် ခေါ်ယူဆောင်ရွက်ခဲ့ခြင်းရှိ မရှိ ဆိုသည်ကို တိတိကျကျ မသိကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“အိတ်ဖွင့်တင်ဒါ ဘယ်လောက် ချိတ်ပိတ်တင်ဒါ ဘယ်လောက်ဆိုတာမျိုးကို ဒီ (စာရင်း) ထဲမှာ ပြောဖို့ ခက်ပါတယ်။ အဲဒါက ပြည်နယ်အစိုးရ အစီအစဉ်ပေါ်မှာ မူတည်ပါတယ်” ဟု စာရင်းစစ်ချုပ်က ပြောသည်။

ရခိုင်ပြည်နယ် အစိုးရ၏ ညွှန်ကြားရေးမှူးတဦးဖြစ်သော ဦးမိုးဟိန်းအား ဧရာဝတီသတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသောအခါ စီမံကိန်းကိစ္စများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း မရှိဟု ငြင်းဆန်ခဲ့ ပါသည်။

ဥပဒေများကို မျက်ကွယ်ပြုခြင်း

နောက်ထပ် အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တခုမှာ မြောက်ဦးနန်းတော်ကုန်းဟောင်းပေါ်တွင် ကိုလိုနီခေတ်အဆောက်အအုံဟောင်းတခုအား ပြန်လည်မွမ်းမံပြီး ပြတိုက်အဖြစ် ဆောက်လုပ်မည့် ရခိုင်ပြည်နယ်အစိုးရ၏ အစီအစဉ် ဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရက ဒေသခံ စီးပွားရေးသမားတယောက်ကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ယင်းစီမံကိန်းကို အပြီးအစီး တည်ဆောက်ရန် မြန်မာကျပ်ငွေ သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၂၄၂ ၂၀၀) ဖြင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

၁၉၉၈ခုနှစ် ဥပဒေတရပ်အရ ရှေးဟောင်းအဆောက်အအုံများကို ပြန်လည် ပြင်ဆင်ခြင်းနှင့် ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် နေရာတွင် အဆောက်အအုံသစ် တည်ဆောက်ခြင်းတို့ကို တားမြစ်ထားကြောင်း မြောက်ဦး ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထောက်ပြခဲ့ပါသည်။

“ပြည်နယ်အစိုးရနဲ့ ရှေးဟောင်းသုတေသနဌာနတို့က တည်ဆဲဥပဒေတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ချိုးဖောက်တာပါ။ ဒီစီမံ ကိန်းတွေကိုလည်း သူတို့နဲ့ နီးစပ်ရာ လက်သင့်တဲ့လူတွေကိုပဲ ပေးလိုက်တာပါပဲ။ နောက်တော့ ကျမတို့ရဲ့ ရှေးဟောင်း အမွေအနှစ်တွေလည်း ဖျက်ဆီးခြင်းခံလိုက်ရပါတယ်” ဟု မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

အချို့သော စီးပွားရေးသမား ကန်ထရိုက်တာများသည် ရှေးဟောင်းမြို့နေရာတွင် တည်းခိုခန်းနှင့် ဟိုတယ်အသစ်များ တည်ဆောက်ရန် တရားဝင် ခွင့်ပြုချက်များ ရရှိပြီးဖြစ်ကြောင်း ဒေါ်ခင်သန်းက ဝမ်းနည်းစွာ ပြောသည်။

အစိုးရ အရာရှိအချို့က တားမြစ်ထားသည့် ဥပဒေကို သတိမပြုမိခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ဦးငြိမ်းလွင်က ခန့်မှန်း သည်။ ထိုဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရန်မှာ စီမံကိန်းကို တာဝန်ယူထားသူ မန်နေဂျာ၏ တာဝန်ဖြစ်ကြောင်းလည်း သူက ပြောသည်။

“တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်ပွဲတခု တိုက်ဖို့ အမိန့်ပေးရင် တိုက်ရမှာက ရှေ့တန်း တပ်ရင်းမှူးဗျ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားပြီးတော့ တိုက်စရာမလိုဘူး။ တိုက်ပွဲတပွဲရဲ့ အနိုင်အရှုံးဆိုတာ အဲဒီတိုက်ပွဲကို တိုက်တဲ့ တပ်ရင်းမှူးရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်တာ” ဟု ဦးငြိမ်းလွင်က မြန်မာစစ်တပ်ကို ပမာထားပြီး ပြောဆိုခဲ့ သည်။

“ဒီမှာလည်း အတူတူပါပဲ’’ ဟု မြောက်ဦးမြို့ကို စီမံခန့်ခွဲနေရသော အောက်ခြေအဆင့် ခေါင်းဆောင်ပိုင်းများ၏ အရေးပါပုံကို သူက ပြောသည်။ ‘‘စီမံကိန်း မန်နေဂျာက အခရာပဲ။”

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Moe Myint ၏ The Million Dollar Mismanagement of Mrauk U ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Loading