မြန်မာနိုင်ငံ၏ ပထမဆုံး သဘာဝသယံဇာတများ ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ရေးအဖွဲ့ (EITI) အစီ ရင်ခံစာကို ဇန်နဝါရီလအတွင်းတွင် ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေး ကဏ္ဍများမှ ဘဏ္ဍာငွေ စီးဆင်းမှုများကို အဓိကဖော်ပြခဲ့သော အဆိုပါ အစီရင်ခံစာသည် (EITI) အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ် လာရန် မြန်မာအစိုးရ၏ အားထုတ်မှုလည်း ဖြစ်ပါသည်။
၂၀၁၄ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသည် EITI ၏ အဖွဲ့ဝင်လောင်း နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်ရန်မှာ သမ္မ တ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အဓိကအချက် တချက် ဖြစ်လာခဲ့ပါသည်။
ဘီလီယံပေါင်းများစွာတန်ဖိုးရှိသော ကျောက်စိမ်းလုပ်ငန်းမှ လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကို ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် လန်ဒန်အခြေစိုက် အန်ဂျီအိုအဖွဲ့အစည်းဖြစ်သော Global Witness က မြန်မာနိုင်ငံ၏ ပထမဆုံး EITI အစီရင်ခံစာအား “အစိုးရသစ်၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက မြန်မာနိုင်ငံ ရေနံ၊ သဘာ၀ ဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ပိုမို တာဝန်ယူစီမံခန့်ခွဲနိုင်ရေးအတွက် အရေးပါသော အခြေခံတရပ်” ဟု ဖော်ညွှန်းခဲ့သည်။
သို့သော်လည်း အစီရင်ခံစာ၏ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍မူ Global Witness က EITI အနေဖြင့် အစီရင်ခံစာတွင် အကျိုးအမြတ်များသော ကျောက်စိမ်းလုပ်ငန်းအကြောင်းကို ပိုမို၍ သေချာစွာ ရေးသားဖော်ပြသင့်သည်ဟု သုံးသပ်ခဲ့သည်။
EITI အစီရင်ခံစာ ရေးသားသူများက ၂၀၁၄ခုနှစ်တွင် မြန်မာအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် David Dapice က ရေး သားခဲ့ပြီး Harvard တက္ကသိုလ်မှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ပြီး ဖြစ်သော ကျောက်စိမ်းလုပ်ငန်း အချက်အလက်များ သို့မဟုတ် ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် Global Witness အစီရင်ခံစာတို့ကို ကိုးကားခြင်းမပြုခဲ့ကြောင်း Global Witness က မှတ်ချက်ချသည်။ “ထူးဆန်းပါတယ်။ သူတို့အနေနဲ့ မြန်မာအစိုးရထုတ်ပြန်တဲ့ ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတောင်မှ မကိုးကားခဲ့ဘူး” ဟု Global Witness က ဆိုသည်။
သဘာ၀ သယံဇာတ စီမံကိန်းများတွင် မည်သူပိုင်ဆိုင်သော မည်သည့်စီးပွားရေးလုပ်ငန်းများပါဝင်နေသည်ကို အပြည့်အ၀ ဖော်ထုတ်နိုင်ရေး က EITI ၏အဓိက ရည်မှန်းချက် လုပ်ငန်းစဉ်များမှ တခုဖြစ်သော်လည်း EITI ၏ အစီရင်ခံစာမှ ကျောက်စိမ်းလုပ်ငန်းနှင့် ပတ်သက်သော အချက်အလက်များထဲတွင် အဆိုပါအချက် ကျန်နေခဲ့သည်။
“ကုမ္ပဏီတွေကို အမှန်တကယ် ဘယ်သူပိုင်ဆိုင်တယ်၊ ကုမ္ပဏီရဲ့ သဘောတူစာချုပ်မှာ ဘယ်လိုအချက်အလက်တွေ ပါ ဝင်တယ်ဆိုတာ EITI အစီရင်ခံစာက အနည်းငယ်ပဲ ဖော်ပြနိုင်တယ်။ EITI ရဲ့နောက်ထပ် လုပ်ငန်းစဉ်တွေကို သွားမယ် ဆိုရင် အဲဒီအချက်၂ချက်က အရေးပါတယ်” ဟု Global Witness ကပြောသည်။
ပြီးခဲ့သည့်နှစ်က Global Witnessမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကချင်ပြည်နယ် ဖားကန့်မြို့၌ အကျိုးအမြတ်များ သော ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၏ နောက်ကွယ်တွင် ယခင်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဦးအုန်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုတို့ ပါဝင်နေသည့် အကြောင်းကို ထုတ်ဖော်ရေးသားခဲ့ ပါသည်။
EITI ၏ အားထုတ်မှုကို ဝေဖန်ခဲ့သည်မှာ Global Witness က တခုတည်း မဟုတ်ပါ။ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု (SGM) မှ ဒါရိုက်တာ ဦးဝင်းအောင်ကလည်း တိုင်းရင်းသားဒေသများမှ သဘာဝအရင်းအမြစ်များနှင့် သက်ဆိုင်သော ကိစ္စ များနှင့် ပတ်သက်၍ EITI ၏ အစီရင်ခံစာက လုံလောက်စွာ ဖော်ပြနိုင်ခဲ့ခြင်း မရှိဟု ပြောသည်။ ရွှေသဘာဝဓာတ်ငွေ့ လှုပ် ရှားမှု (SGM) မှာ တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံဖြင့် တည်ဆောက်ပြီးဖြစ်သော တရုတ်နိုင်ငံနှင့် ဆက်သွယ်ထား သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ စိုးရိမ်မှုများကို တုံ့ပြန်ရန် ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း တခု ဖြစ်ပါ သည်။
“Global Witness ကပြောတာကို ကျနော်တို့ လုံး၀ သဘောတူပါတယ်။ ကျောက်စိမ်းလုပ်ငန်းနဲ့ တိုင်းရင်းသားဒေသတွေ က တခြား သဘာဝသယံဇာတွေ အကြောင်းကို ပိုပြီး လေးလေးနက်နက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ အစီရင်ခံစာ တ စောင်ကို ပြီးမြောက်ဖို့အတွက် နိုင်ငံရေးအရ၊ အဖွဲ့အစည်းဆိုင်ရာအရ အတားအဆီးတွေ အများကြီး ရှိနေပါသေးတယ်” ဟု ဝါရင့်တက်ကြွလှုပ်ရှားသူတဦး ဖြစ်သော ဦးဝင်းအောင်က ပြောသည်။
EITI လုပ်ငန်းစဉ်များတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်နွယ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ စိတ်ပျက်စရာများ ဖြစ်ခဲ့ရသည်ဟု ဦးဝင်းအောင်က ဧရာဝတီသို့ ပြောသည်။ အရင်းအမြစ် စီမံခန့်ခွဲရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားအဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းသည့် နေရာတွင် ဖြစ်သည်။
“ပြဿနာကတော့ တိုင်းရင်းသားတွေ အပါအဝင် လူတွေအတော်များများ အဲဒီလုပ်ငန်းစဉ်တွေကနေ ဘေးဖယ်ခံခဲ့ရ တယ်” ဟု သူက ပြောသည်။
နောက်တက်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် တိုင်းရင်းသားများအတွက် ကာလရှည် ကြာစွာ စိုးရိမ်ပူပန်စရာ ဖြစ်နေခဲ့သော သဘာ၀ သယံဇာတ စီမံခန့်ခွဲမှုကို အားထုတ်ဖြေရှင်းပေးရန် ဦးဝင်းအောင်က ဆန္ဒရှိသည်။ သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ အဆိုပါ ပြဿနာသည် တမျိုးသားလုံးအတွက် အရေးပါ သော်လည်း NLD အတွက် အဓိက ဦးစားပေးတခုအသွင် ရှိမနေခြင်း ဖြစ်သည်။
ဂျပန် အစိုးရနှင့် ဆက်စပ်နေသော ကုမ္ပဏီများက စည်းကမ်းလိုက်နာရန် ပျက်ကွက်
EITI အစီရင်ခံစာတွင် မြန်မာအစိုးရသို့ နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ၏ ငွေပေးချေမှုများနှင့် အခွန် ထမ်းဆောင်မှု အဆင့်များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားနိုင်သည်။ သက်ဆိုင်ရာ နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများမှ အချက်အလက်များ ပံ့ပိုးပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ထိုကဲ့သို့ သော အချက်အလက်များကို ယခင်က မည့်သည့်အခါမှ ထောက်ပံ့ပေးခြင်းမရှိခဲ့ပါ။
သို့သော်လည်း ရဲတံခွန် ကမ်းလွန်ရေနံစီမံကိန်းတွင် အစုရှယ်ယာ ၁၉ ဒဿမ ၃၂ ရာခိုင်နှုန်းပါဝင်သော Nippon Oil Exploration (Myanmar) ကုမ္ပဏီက EITI လုပ်ငန်းစဉ်နှင့် ပူးပေါင်းဆောာင်ရွက်ခဲ့ခြင်းမရှိကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
အဓိက နိုင်ငံတကာ ရေနံကုမ္မဏီ အများစုမှာ EITI လုပ်ငန်းစဉ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ JX Nippon Oil & Gas Exploration Corporation စီးပွားရေးလုပ်ငန်း ဝက်ဘ်ဆိုဒ်တွင် Nippon Oil Exploration (Myanmar) ကုမ္ပဏီတွင် အစု ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့သည်။ Nippon Oil Exploration (Myanmar)ကုမ္ပဏီ အစုရှယ်ယာ ၅၀ရာခိုင်နှုန်းကို ဂျပန်အစိုးရက ချုပ်ကိုင်ထားပြီး ကျန်ရှိသည့် ၁၀ရာခိုင်နှုန်းကို Mitsubishi ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း ကု မ္ပဏီ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ သိရသည်။
Nippon Oil ကုမ္ပဏီ အနေဖြင့် EITI မှ စစ်ဆေးရန် တောင်းခံလာသည့် ငွေလက်ခံရရှိမှု မိတ္တူများကို ပေးရန် ပျက်ကွက်ခဲ့ သော်လည်း အစီရင်ခံစာ ရေးသားသူများက ကုမ္ပဏီ၏လုပ်ငန်း ဆောင်ရွက်မှုများအကြောင်း အပါအဝင် အချက်အလက် အနည်းငယ်ကို ရရှိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရဲတံခွန်စီမံကိန်းတွင် Nippon Oil ကုမ္ပဏီနှင့် စပ်တူ လုပ်ကိုင်နေသော မလေးရှားကုမ္ပဏီ Petronas က အချက်အလက်များ ဝေမျှပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ကုမ္ပဏီ မှတ်ပုံတင်အမှတ်နှင့် ပိုင်ဆိုင်မှုပုံစံများ အပါ အဝင် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော Nippon Oil၏ လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းအချက်များကို မရရှိခဲ့ပေ။ အလားတူပင် Nippon Oil ကုမ္ပဏီ၏ စာရင်းအချက်အလက် အသေးစိတ်များလည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပါ။
ရဲတံခွန်စီမံကိန်း မစတင်ခင် ၁၉၉၀ခုနှစ်များကတည်းက ဂျပန်အစိုးရသည် JX Nippon ကုမ္ပဏီနှင့် တွဲဖက်၍ ထိုစီမံကိန်း တွင် အစုရှယ်ယာ ပါဝင်ခဲ့သည်။ ဂျပန်နိုင်ငံတွင် အလယ်အလတ် သဘောထားရှိသော Democratic Party of Japan (DPJ) ဦးဆောင်သော အစိုးရလက်ထက် ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလက EITI အား အထောက်အကူပြုသော နိုင်ငံ တနိုင် ငံဖြစ်ရန် ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာခဲ့သည်။
( ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Seamus Martov ၏ Burma’s First EITI Report Attracts Mixed Reviews ကို ဆီလျော်အောင် ဘာသာပြန်သည်)