ဆောင်းပါး

ဒု သမ္မတလောင်း ဦးထင်ကျော်ရဲ့ ဖခင် ကဗျာစာဆိုကြီး မင်းသုဝဏ်

This article has been converted from Zawgyi One to Unicode

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် တင်သွင်းလိုက်ပါပြီ။

ဦးထင်ကျော်ဟာ မြန်မာစာပေသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဦးဝန် လို့ခေါ်တဲ့ မျိုးချစ် စာဆိုကြီး မင်းသုဝဏ် ရဲ့ ဒုတိယသား ဖြစ်တာကြောင့် ဆရာကြီး မင်းသုဝဏ်အကြောင်းကို ပြန်ပြောင်း ဖော်ပြချင်ပါတယ်။
ဆရာကြီး မင်းသုဝဏ်ဟာ တက္ကသိုလ် ဝန်းကျင်မှာ ကျင်လည်ခဲ့တဲ့ ကဗျာစာဆိုကြီး တဦးအဖြစ် သာမက NLD ရဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ ရန်ကုန်တိုင်း ကမာရွတ်မြို့ နယ်က လွှတ်တော် ကိုယ်စားလှယ်ဖြစ်တာကြောင့် နိုင်ငံရေးသမားကြီးတဦး ဆိုရင်လည်း မမှားပါဘူး။

ကွမ်းခြံကုန်းဇာတိ ဆရာကြီး မင်းသုဝဏ်ဟာ မွန်-မြန်မာမျိုးရိုးကနေ ၁၉၀၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ မွေးဖွားခဲ့သူ တဦးပါ၊ မွေးချင်း ၇ ဦးမှာ ဒုတိယသား၊ အငယ်ဆုံးနှမဟာ ကဗျာစာဆို နုယဉ်ဖြစ်သလို ယောက်ဖဖြစ်သူ ဟာလည်း စာရေးဆရာကြီး တက်တိုး (ဦးအုန်းဖေ) ဖြစ်ပါတယ်။

ငယ်စဉ်က ကွမ်းခြံကုန်းမှာ ကျောင်းနေပေမယ့် အသက် ၁၄ နှစ်မှာတော့ ဆရာမှတ်ကြီးလို့ မြန်မာတွေက ခေါ်ကြတဲ့ Rev. J.E. Marks ရဲ့ ရန်ကုန် စိန့်ဂျွန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ ထိုစဉ်ကပင် ကလောင် အမည်ကိုခံကာ ကဗျာရေးသားနေသူပါ။

၁၉၂၉ ခုနှစ်မှာတော့ ဆရာကြီး မင်းသုဝဏ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းတိုက် (Rangoon University College) ကို ဝင်ခွင့်ရကာ ပဲခူးဆောင် အလယ်ထပ်က အခန်းနံပါတ် ၉၁ မှာ နေထိုင်ခဲ့ပါတယ်။ အဲဒီကတည်းက ကဗျာစာဆို ဆရာဇော်ဂျီ (ဦးသိန်းဟန်) နဲ့ သူတို့နှစ်ဦး ရင်းနှီးခဲ့တာပါ။

၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကျောင်းထွက်လိုက်ရပေမယ့် ရန်ကုန်တက္ကသိုလ် ပါမောက္ခဆရာကြီး ဦးဖေမောင်တင်က ပြန်ခေါ်တာကြောင့် ကျောင်းပြန်တက်ခဲ့ရပြီး အဲဒီကာလမှာပဲ အချစ်ရေးကို အကြောင်းပြုကာ နာမည်ကျော် “ဘကြီးအောင် ညာတယ်” ဆိုတဲ့ ဝတ္တုတိုကို ရေးခဲ့ပါတယ်၊ အကြောင်းသိတွေကတော့ အဲဒီဝတ္တုတိုဟာ ပါမောက္ခ ဒေါက်တာ ထင်အောင်ကို ရည်ရွယ်ပြီး ရေးတယ်လို့လည်း ဆိုပါတယ်။

ဆရာကြီး မင်းသုဝဏ်ဟာ အဲဒီကာလ ကျောင်းသားနိုင်ငံရေး ဖြတ်သန်းမှုတွေမှာ ထင်ထင်ရှားရှား မပါဝင်ပေမယ့်လည်း ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်းတို့နဲ့ တက္ကသိုလ်က သူငယ်ချင်းတွေဖြစ်ပြီး နိုင်ငံရေးသမားတွေနဲ့ ပေါင်းသင်းခင်မင်ခဲ့သူပါ။

ဥရောပကို ဒုတိယကမ္ဘာစစ်မီး မရောက်မီ ၁၉၃၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ် (Oxford University) မှာ ပညာတော်သင် အရွေးချယ်ခံရတာကြောင့် ကိန်းဘရစ်ချ် တက္ကသိုလ်မှာ မြန်မာစာ ပို့ချမယ့် မစ္စတာ ဖာနီဗယ် (J. S Furnivall) နဲ့အတူ ပဲခူးသင်္ဘောနဲ့ သွားရောက်ခဲ့ပါတယ်။ မစ္စတာ ဖာနီဗယ်ဟာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ ယောက်ဖဖြစ်ပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ်မှာ သက္ကတ၊ တိဗက်ဘာသာတို့ကို မြန်မာ့သမိုင်းရေးသားပြုစုသူ ဂျီ အီး ဟာဗေး (G. E Harvey) ရဲ့ ကြီးကြပ်မှုနဲ့ သင်ယူခဲ့ပါတယ်။ လွတ်လပ်ရေး အကြိုကဗျာဖြစ်တဲ့ “သပြေညို” ကို ၁၉၃၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ရေးသားခဲ့ပြီး ၁၀ နှစ်အကြာ ဇန်နဝါရီ ၄ ရက်မှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပါတယ်။

၁၉၃၉ ခုနှစ် ဇူလိုင်လမှာတော့ B.Litt ခေါ် စာပေ ဝိဇ္ဖာဘွဲ့ရရှိကာ မြန်မာနိုင်ငံကို ပြန်ခဲ့ရာ ဂျပန်ခေတ်မှာတော့ ပညာရေးဌာန ဘာသာပြန် စာပေဌာနခွဲမှာ တာဝန်ယူခဲ့ပြီးနောက် ၁၉၄၂ မှာပဲ ဒေါ်ကြည်ကြည် (B.A.Ed, B.Ed) နဲ့ လက်ထပ်ခဲ့ပါတယ်။

ဂျပန်ခေတ်မှာတော့ ဒေါက်တာ ဘဟန် ဥက္ကဋ္ဌလုပ်တဲ့ မြန်မာနိုင်ငံတော် ပညာတံခွန် အသင်း အဘိဓာန်ဌာနမှာ စာတည်းလုပ်ခဲ့ပြီး၊ ၁၉၄၅ ခုနှစ် ဂျပန်အပြေး၊ အင်္ဂလိပ်အဝင်မှာ မြို့အုပ်လုပ်နေစဉ် ကျောင်းတွေ ပြန်ဖွင့်တာကြောင့် တက္ကသိုလ်မြေကို ပြန်လည်ခြေချခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် နယ်မြေ ယခု နိုင်ငံခြား ဘာသာသင် (UFL) ကျောင်းဝင်းအတွင်းရှိ ပျဉ်းမပင် ငုတ်တိုကြီး မြင်ကာ စစ်အနိဋ္ဌာရုံကို သတိရပြီး “ထိုပင်ငုတ်တို၊ သက်ကြားအိုသည်၊ စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်၊ လေပြင်းခိုက်လျှက်၊ မငိုက်ဦးခေါင်း၊ နွေသစ်လောင်းသော” စတဲ့ ပျဉ်းမငုတ်တို ကဗျာကို ရေးဖွဲ့ခဲ့ပါတယ်။

ဒါအပြင် က – ကဇွန်းပင်၊ ရေမှာရွင်၊ ခ – ခရမ်းသီး ဓားနဲ့လှီး စတဲ့ ကျောင်းသားငယ်တွေ အော်ဟစ်ရွတ် ဆိုခဲ့ကြရတဲ့ ကကြီး ခကွေး ကဗျာကို ရေးသားခဲ့သူပါ။ ဆရာကြီး ဦးဖေမောင်တင်နဲ့ တွဲပြီး မူလတန်း မြန်မာဖတ်စာ၊ ဆရာကြီး ဦးဘနဲ့ တွဲပြီး ဦးဝန်-ဦးဘ မြန်မာဖတ်စာကို ပြုစုခဲ့ပါသေးတယ်။

လွတ်လပ်ရေးရပြီး ဘာသာပြန် စာပေအသင်း အုပ်ချုပ်ရေးကောင်စီ၊ ဝေါဟာရ ကော်မတီ၊ စွယ်စုံကျမ်း၊ သုခမိန် အဖွဲ့၊ မြန်မာဘာသာပြန် ဥပဒေကော်မတီ၊ မြန်မာ့ရှေးရိုးပန်းချီ ကာကွယ်ရေး ပန်းချီကော်မတီ၊ မဟာဂီတ သီချင်းကြီး မူမှန်စံပြထားရေး အဖွဲ့တို့မှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဆရာရဲ့ လုပ်ဆောင်ချက်တွေကြောင့် ၁၉၅၀ မှာတော့ ဝဏ္ဏကျော်ထင်ဘွဲ့ကို နိုင်ငံတော်က ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ထင်ရှားတာကတော့ အမေရိကန်နိုင်ငံ၊ ယေးလ်တက္ကသိုလ်မှာ ဘာသာဗေဒကို သွားရောက်ဆည်းပူးပြီး နောက်မှာတော့ တက္ကသိုလ် မြန်မာအဘိဓာန် အပိုင်း ၁၊ ၂၊ ၃၊ ၄၊ ၅ ကို ပြုစုခဲ့တာပါပဲ။

၁၉၆၁ ခုနှစ်မှာတော့ တက္ကသိုလ်ဘာသာပြန် ဌာနမှာ စာတည်းမှူးလုပ်နေတဲ့ ဆရာ မင်းသုဝဏ်ကို တက္ကသိုလ် ကောင်စီက မြန်မာစာပါမောက္ခ တာဝန်ပေးပြန်သလို တက္ကသိုလ် စာအုပ်ထုတ်ဝေ ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန်ယူပြန်ပါတယ်။

၁၉၆၂ ခုနှစ်မှာတော့ နိုင်ငံတော်က သီရိပျံချီဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ရွှေတိဂုံစေတီတော်ကို လှူဒါန်းခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ဆရာ မင်းသုဝဏ်လို ပညာရှင်တွေအတွက် စိတ်ဆင်းရဲစရာ ကြုံတွေ့တဲ့ ကာလလို့ ဆိုရမှာပါ။

ဆရာ မင်းသုဝဏ်ပြုစုထားတဲ့ မြန်မာစာ အဘိဓာန်တို့၊ သတ်ပုံကျမ်းတို့ကို အာဏာရှင် ဗိုလ်ချုပ်နေဝင်းက အကောင်း မထင်တာကြောင့်၊ ဦးဝန်ကို “မကျက်တကျက် ဖုတ်ထားတဲ့ ပေါင်မုန့်” လို့ ခိုင်းနှိုင်းပြောဆိုတဲ့ အတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခဲ့ရသလို သေချင်စိတ်တောင် ဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေကို ဖွင့်ဟဖူးပါတယ်။

တကယ်တော့ ဘာသာစကားနဲ့ စာပေ (Language and Literature) ကို နားမလည်ဘဲ အမှတ်မထင်စော်ကား လိုက်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း တယောက် နောက်ပိုင်းမှာတော့ ဆရာ မင်းသုဝဏ်ကို ပြန်တောင်းပန်ခဲ့ရပါတယ်။

၁၉၆၆ ခုနှစ်မှာ (ဝ၊ ထ၊ က၊ လ၊ သ) ဆိုတဲ့ သက်ကြီးစာသင်နည်းကို တီထွင်ကာ မြန်မာနိုင်ငံ စာမတတ်သူ ပပျောက်ရေး အတွက် ပြုစုခဲ့ပါတယ်။ နောက်ပိုင်းမှာ အမျိုးသား စာပေ စိစစ်ရွေးချယ်ရေး ဥက္ကဋ္ဌ၊ ပညာရေးဌာန အခြေခံ သင်ရိုးညွှန်းတန်း၊ မာတိကာနှင့် ကျောင်းသုံးစာအုပ်အဖွဲ့ဝင်၊ စာပေလုပ်သား ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌ တာဝန်ယူပေးရပြန်ပါတယ်။

၁၉၇၁ မှာတော့ အလုပ်တာဝန်က အနားယူကာ မိုးပေါ်မှာ ကြယ်တလုံး၊ အာကာတခွင် မြေပြင်တဝန်းစတဲ့ နက္ခတ်တာရာ ပညာပေး စာအုပ်တွေကို ပြုစုခဲ့ပါတယ်။

နောက်ပိုင်း ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်က ဖိတ်ကြားတာကြောင့် မြန်မာစာ ဧည့်ပါမောက္ခအဖြစ်၊ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်အထိ လေးနှစ်တာ လုပ်ကိုင်ပါတယ်။ ဂျပန်ပါမောက္ခတွေဖြစ်တဲ့ ဟာရာဒါ၊ အိုနို စသူများနဲ့ တွဲပြီး ဂျပန်-မြန်မာ အဘိဓာန်၊ အခြေခံ မြန်မာဖတ်စာ၊ မြန်မာစကားပြေ ပဒေသာ၊ မြန်မာကျေးလက် ကဗျာဆု စာအုပ်တွေပြုစုခဲ့ပါတယ်။

ဂျပန်ရဲ့ ဟိုက္ကူ (Haiku) ကဗျာတွေကို မြန်မာစာဖတ် ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့သူလည်းဖြစ်ပြီး၊ အင်္ဂလိပ် ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ထင်ရှားတဲ့ လီယာမင်းကြီး (King Lear) ဘာသာပြန်နဲ့ အမျိုးသားစာပေဆု၊ ဘာသာပြန် (ရသ) စာပေဆုရခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှုမှာ ပါဝင်ခဲ့ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပေမယ့်၊ အဲဒီကာလမှာ စစ်အစိုးရက အာဏာ လွှဲမပေးတာကြောင့် ဆရာကြီး မင်းသုဝဏ်လည်း ဒုတိယအကြိမ် ဘကြီးအောင် ညာသလို ခံစားရမှာ မလွဲပါဘူး။

နောက်ပိုင်းမှာတော့ ရန်ကုန်မြို့ ၊ ဦးထွန်းလင်းခြံလမ်း၊ “သပြေညို” အိမ်ရှေ့က ကင်းတဲလေးမှာ စွပ်ကျယ်လေး ဝတ်ပြီး ပညာမာနကင်းကင်းနဲ့ အမြဲထိုင်တတ်တဲ့ ဆရာကြီး မင်းသုဝဏ်ဟာ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာတော့ ဇနီး ဒေါ်ကြည်ကြည်နဲ့ သားများဖြစ်တဲ့ ဦးဉာဏ်စိုး၊ ဦးထင်ကျော် (ယခု ဒုသမ္မတ လောင်းအဖြစ် NLD က စာရင်းတင်သွင်းခဲ့သူ) နဲ့ သမီး ဒေါ်ထားချိုတို့ ကျန်ရစ်ခဲ့ပါတယ်။

ယခုတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ သား ဦးထင်ကျော်ဟာ NLD က တင်သွင်းတဲ့ ဒုသမ္မတလောင်း တဦးဖြစ်လာခဲ့ပြီဖြစ်ပြီး၊ သမ္မတဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး ထင်ကြေးပေးခံရသူဖြစ်နေပါပြီ။

(ဧရာဝတီ ကော်ပီ အယ်ဒီတာ တင်လတ်ကို ပူးပေါင်းရေးသားသည်)
ကိုးကား – ပိတောက်ပွင့်သစ် မဂ္ဂဇင်း (၂၀၀၇ ဇူလိုင်)

Loading