အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ သမ္မတလောင်းတွေရဲ့ အမည်စာရင်းကို မတ်လ ၁၀ ရက်နေ့က လွှတ်တော်ကို တင်သွင်းခဲ့တဲ့နောက်မှာတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ သမ္မတလောင်း အမျိုးသား ၂ ယောက် ရဲ့ အပေါ် မီဒီယာတွေ အကြီးအကျယ် အာရုံကျခဲ့ကြပါတယ်။
သတင်းထောက်တွေက သူတို့ရဲ့ အတိတ်နောက်ခံ အကြောင်းတွေနဲ့ လက်ရှိ အကြောင်းအရာ အသေးစိတ်တွေကို အမြန်ဆုံး တင်ပြနိုင်ဖို့ အသည်းအသန် လုပ်ဆောင်လာကြတဲ့ အချိန်မှာ နိုင်ငံတကာ သတင်းဌာန တခုဖြစ်တဲ့ CNN အပါ အဝင် သတင်းဌာန အများအပြားက မှားယွင်းတဲ့ အချက်အလက်တွေ လူသိရှင်ကြား ထုတ်ပြန်မိခဲ့ကြပါတယ်။
သမ္မတလောင်းတွေနဲ့ ပတ်သက်လို့ NLD ပါတီဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိတာကြောင့်လည်း တကြောင်းလို့ ဆိုနိုင်ပါလိမ့်မယ်။ CNN သတင်းဌာနတော့ သမ္မတလောင်းတွေရဲ့ သတင်းဖော်ပြရာမှာ NLD က သမ္မတအဖြစ် ရွေးချယ်မယ့်သူလို့ ယူဆနိုင်တဲ့ ဦးထင်ကျော် ရဲ့ ဓာတ်ပုံကို မှားယွင်းဖော်ပြခြင်းနဲ့ အမှားတွေ စခဲ့ပါတယ်။
သမ္မတလောင်း အမည်စာရင်း ကြေညာပြီးတဲ့နောက် ထွက်လာတဲ့ CNNရဲ့ မူလသတင်းမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်သမ္မတ ဖြစ်လာမယ့်သူတို့ ထင်ကြေးပေးခြင်း ခံထားရတဲ့ ဆံပင်ဖြူဖြူနဲ့ မျက်မှန်တပ်ထားတဲ့ ဦးထင်ကျော်ရဲ့ ပုံကို ဘယ်နေရာမှာမှ မတွေ့ရပါဘူး။ သူ့ပုံအစား သူ့ထက်ပိုငယ်ပြီး အခုအချိန်မှာ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုထင်ကျော်နဲ့ သူ့ကို ထောက်ခံသူများရဲ့ ပုံကိုသာ မြင်တွေ့ကြရပါတယ်။
ဒီပုံဟာ လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းပျံ့နှံ့သွားပြီး “နိုင်ငံတကာ သတင်းအေဂျင်စီ တချို့က သတင်းအမြန်ဆုံး တင်နိုင်ဖို့ အတွက် ဖြစ်ကတတ်ဆန်းနဲ့ အလောတကြီး လုပ်ခဲ့ကြတာကြောင့် နာမည်တူ လူပုဂ္ဂိုလ် ၂ ယောက် မှားယွင်းခဲ့ရတာ ကြောင့် စိတ်ပျက်ရပါတယ်” ဆိုတာမျိုး မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ရပါတယ်။
အဲဒီပုံအပြင် သတင်းခေါင်းစဉ်မှာလည်း “ယာဉ်မောင်းဟောင်း ဦးထင်ကျော်က မြန်မာနိုင်ငံ၏ ခေါင်းဆောင်သစ် ဖြစ်လာ ဖွယ်ရှိ” လို့ ခေါင်းစဉ်တပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုမှားတာ CNN တခုတည်း မဟုတ်ပါဘူး။ Agence France-Presse (AFP) သတင်းဌာနကလည်း ယာဉ်မောင်းဆိုတဲ့ အထူးပြုပုဒ်ကို သတင်းခေါင်းစဉ်မှာ ထည့်သွင်းခဲ့တဲ့ သတင်းဌာနတွေထဲကတခု ဖြစ်ပါတယ်။
အင်းလျားကန်စောင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ အချိန်အတော်ကြာ နေခဲ့ဖူးပြီး ၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးအဖြစ် လုပ်ကိုင်ပေးခဲ့တဲ့ NLD ပါတီဝင် ဦးမြင့်စိုးကတော့ ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်မောင်း ဘယ်တုန်းကမှ မဖြစ်ခဲ့ကြောင်း ပြောပါတယ်။
“အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကို မောင်းမယ့် ယာဉ်မောင်းမရှိတဲ့ အခါမျိုးမှာ ဦးထင်ကျော်က ကူညီတဲ့ အနေနဲ့ မောင်းပေးဖူးတယ်။ ဒါပေမယ့် အဲဒါနဲ့ပဲ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်မောင်း ဖြစ်ရတော့မှာလား” လို့ ဦးမြင့်စိုးက ဆိုပါတယ်။
ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်ပြီး နောက်ပိုင်းမှာတော့ သတင်းခေါင်းစဉ်တွေ ပြောင်းလိုက်ကြပါတယ်။ CNN ရဲ့ ပြန်ပြင်ထားတဲ့ သတင်းခေါင်းစဉ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံတော် ဦးထင်ကျော် မြန်မာနိုင်ငံရဲ့ နောက်လာမယ့် ခေါင်းဆောင် ဖြစ်လာဖွယ်ရှိ” လို့ ဖြစ်သွားပါတယ်။
ဒါပေယ့် သတင်းရဲ့ စာပိုဒ်တွေထဲမှာတော့ အမှားတွေ ရှိနေတုန်းပါပဲ။
CNN က ဦးထင်ကျော်ကို NLD ပါတီပူးတွဲတည်ထောင်သူ တဦးအဖြစ် ရေးထားပါတယ်။ အမှန်တော့ သူ့ရဲ့ ယောက္ခမ ဖြစ်သူ ဦးလွင် ကသာ ၁၉၈၈ ခုနှစ်တုန်းက NLD ပါတီကို တည်ထောင်ရာမှာ ပါဝင်ခဲ့သူတွေထဲက တဦးဖြစ်ပါတယ်။
နောက်တခါ ထပ်ပြင်လိုက်တဲ့ အခါကျတော့ ဦးထင်ကျော်က ပူးတွဲတည်ထောင်သူ အစား ဝါရင့် သက်တမ်းရှည်ပါတီဝင် တဦးဖြစ်သွား ပြန်ပါတယ်။ တကယ်တော့ ဦးထင်ကျော်ဟာ လက်ရှိ အချိန်မှာ ပါတီဝင်လား ဒါမှမဟုတ် ပါတီဝင်ဖြစ်ခဲ့ဖူး သလား ဆိုတာက NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တချို့ကြားမှာတောင် မေးခွန်းအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်။
ဦးထင်ကျော်ရဲ့ ပညာရေးနောက်ခံနဲ့ ပတ်သက်လို့လည်း CNNက ဦးထင်ကျော်ဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာသင် ကြားခဲ့တယ်လို့ မှားယွင်းဖော်ပြခဲ့ပါတယ်။ ဒီလိုမှားယွင်းခဲ့တာဟာ ယခုသီတင်းပတ် အစောပိုင်းတုန်းက ဦးထင်ကျော်ရဲ့ ကိုယ်ရေး အကျဉ်းကို ဧရာဝတီက ဖော်ပြရာမှာလည်း အဲဒီလို မှားယွင်းဖော်ပြဖူးပါတယ်။ တကယ်တော့ သူက လန်ဒန်တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံ ဘာသာရပ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သတင်းဌာနတွေက အချက်အလက်မှန်ကန်မှု ရှိ၊ မရှိ သေချာအောင်လုပ်ဖို့ ခက်ခဲခဲ့ရတာကြောင့်လို့ ဆိုမယ်ဆိုရင်တော့ ဦးထင်ကျော်ကို မတ်လ ၁၀ ရက်နေ့ရောက်မှ လူမြင်ကွင်းထဲကို ရုတ်တရက် ထုတ်ပြခဲ့တဲ့ ပါတီကြောင့် ဖြစ်ပါတယ်။ NLD ပါတီကိုယ်တိုင်က သမ္မတရွေးချယ်မှုကို ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့နေခဲ့တဲ့ ပြည်သူလူထုကို သမ္မတလောင်းတွေနဲ့ ပတ်သက်လို့ သေချာတဲ့ အချက်အလက်မှန်တွေ ထုတ်ပေးနိုင်ရေးကို ဦးစား မပေးခဲ့ပါဘူး။ ဒုတိယ သမ္မတလောင်း ၂ ဦးရဲ့ ကိုယ်ရေး အချက်အလက်တွေကို ပါတီက ထုတ်ပြန်ပေးဖို့ ၆ နာရီ တိတိ ကြာမြင့်ခဲ့ရပါတယ်။
ဒါ့အပြင် ဒီဆောင်းပါးကို ဧရာဝတီ အင်္ဂလိပ်ပိုင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြလိုက်တဲ့ ညနေ ၆ နာရီ မိနစ် ၄၀ အချိန်အထိ ထုတ်ပြန်ပေးခဲ့တဲ့ အချက်အလက်တွေဟာ မြန်မာဘာသာနဲ့သာ ဖြစ်နေခဲ့တဲ့အတွက် နိုင်ငံတကာက သတင်းဖတ်သူတွေ အနေနဲ့ ဦးထင်ကျော် ဘယ်သူလဲဆိုတာ စဉ်းစားနေကြဆဲပဲ ဖြစ်ပါလိမ့်မယ်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်ဖြိုးသာ၏ Driving Miss Suu Kyi? Try Again, CNN ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။