ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်မှာ ၃ နှစ်ကျော်ခဲ့ပါပြီ။ ယင်းပဋိပက္ခကြောင့် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ ထိခိုက်ခဲ့ကြသည်။ နိုင်ငံတကာ မီဒီယာများက ရိုဟင်ဂျာ ဟု ခေါ်လေ့ရှိသည့် မွတ်စလင်များကို မြန်မာအစိုးရက နိုင်ငံသားပြုခွင့် ငြင်းပယ်ထားပြီး ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ဘင်္ဂါလီများအဖြစ် သတ်မှတ်ထားသည်။
၂၀၁၂ ခုနှစ် အဓိကရုဏ်း၏ နောက်ဆက်တွဲဖြစ်ရပ်မှာ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် နေထိုင်ကြသူများသည် စိုးရိမ် သံသယမကင်းသည့်စိတ် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။ မကြာသေးမီက ဧရာဝတီ သတင်းဌာနအနေဖြင့် စစ်တွေမြို့သို့ သွားရောက် လေ့လာခဲ့ရာတွင် မြို့အနှံ့ လုံခြုံရေးဝန်ထမ်းများ ချထားပြီး မွတ်စလင်များ နေထိုင်သော ရပ်ကွက် အဝင်လမ်းများတွင် စစ်ဆေးရေးဂိတ်များ၌ ရဲဝန်ထမ်းများကို တွေ့ခဲ့ရသည်။ ယင်းရပ်ကွက်အတွင်း လူသူနေထိုင်ခြင်း မရှိသည့် အိမ်များတွင် လုံခြုံရေး ရဲဝန်ထမ်းများ၏ စခန်းအဖြစ် အသွင်ပြောင်းထားသည်ကို တွေ့ရှိခဲ့ရသည်။
ဒေသခံများသည် လုံခြုံရေးများ၏ စောင့်ကြည့်မှုအောက်တွင် တိုးတိုးတိတ်တိတ် ပြောဆိုနေထိုင်ကြရပြီး ၎င်းတို့နေထိုင်ရသည့် အနေအထားကို နေအိမ်အကျယ်ချုပ် ကျခံနေရသည် အခြေအနေနှင့် နှိုင်းယှဉ်ခဲ့ပြီး စစ်တွေမြို့ကို လုံခြုံရေး လျှော့ချပေးရန် မျှော်လင့်ကြောင်း ပြောကြသည်။
အခွင့်မရှိ မဝင်ရ
ဧရာဝတီ သတင်းဌာနသည် စစ်တွေသို့ သွားရောက်ခဲ့ပြီး ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းရန် မျှော်လင့်ခဲ့ပါသည်။ သို့သော် တာဝန်ရှိသူများက မွတ်စလင် ရပ်ကွက်ဖြစ်သော အောင်မင်္ဂလာ (ဒေသခံများက အမ်ပါလာ ရပ်ကွက်ဟု သိကြသည်) ရပ်ကွက်သို့ ရခိုင်လူမျိုးများအား ဝင်ရောက်ခွင့် မပြုသကဲ့သို့ မွတ်စလင်များကိုလည်း ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များသို့ ဝင်ထွက်သွားလာခွင့် တားမြစ်ထားပါသည်။ ထို့သို့ ကန့်သတ်ထား ရခြင်းမှာ မမျှော်လင့်သော ဥပဒေချိုးဖောက်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
မွတ်စလင်ရပ်ကွက်သို့ သွားရောက် လည်ပတ်မည်ဆိုပါက တရားဝင် ခွင့်ပြုချက် လိုအပ်ပသည်။ ဧရာဝတီ သတင်းဌာန သွားရောက်လေ့လာခဲ့ချိန်တွင် လက်နက်ကိုင်ထားသော လုံခြုံရေး ဝန်ထမ်းတဦးသည် အောင်မင်္ဂလာ ဗလီရှေ့တွင် စောင့်ကြပ်နေသည်ကို တွေ့ခဲ့ရသည်။ ဒေသခံအနည်းငယ်နှင့် စကားပြောနေခိုက် ယူနီဖောင်း ဝတ်ဆင်ထားသော ရဲဝန်ထမ်းတယောက် ရောက်ရှိလာပြီး လာရောက် လည်ပတ်သည့် ဧည့်သည်များအား မေးခွန်းတချို့ မေးမြန်းပါသည်။
“ဒီမှာ ကျနော်တို့က သူတို့လုံခြုံရေးအတွက် တာဝန်ယူနေတာပါ။ သူစိမ်းတွေကို အထဲသွားခွင့် မပြုပါဘူး။ ဒီရပ်ကွက်ထဲကို ဝင်ဖို့အတွက် ခင်ဗျားတို့ တရားဝင် ခွင့်ပြုချက်လိုပါတယ်” ဟု ၎င်းက ပြောသည်။
စစ်တွေတွင် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသော ရန်ကုန်မှ ရောက်ရှိနေသည့် မွတ်စလင်တဦးဖြစ်သူ ကိုဇော်ဇော်အတွက် ဒေသခံ အာဏာပိုင်များထံမှ ယင်းသို့ လည်ပတ်ခွင့်ပြုမိန့် တောင်းခံရခြင်းမှာ အသစ်အဆန်း မဟုတ်ပေ။
“တကယ်လို့ ဒီရပ်ကွက်ထဲကို ဝင်ချင်ရင် ရခိုင်ပြည်နယ် အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်လိုပါတယ်” ဟု ကြားဝင်ရှင်းပြပြီး
မည်သည့် အင်တာဗျူးမဆို တာဝန်ကျ လုံခြုံရေးဝန်ထမ်းများ၏ စိစစ်အတည်ပြုချက် ရယူပြီးမှသာ မေးမြန်းဆောင်ရွက်
ရကြောင်း ကိုဇော်ဇော်က ပြောသည်။ ကိုဇော်ဇော်က မွတ်စလင် ရပ်ကွက်များတွင် ရဲတပ်ဖွဲ့များ စခန်းချထားခြင်းမှာ နိုင်ငံရေး ရည်ရွယ်ချက်တခု ဖြစ်နိုင်သည်ဟု ယူဆထားသည်။
“ဆိုးရွားတဲ့ ရလဒ်တွေ မဖြစ်အောင် ကျနော်တို့ ရှောင်ရှားရမယ်။ ပြီးတော့ ဖြစ်လာမယ့် နောက်ဆက်တွဲတွေကိုလည်း သေသေချာချာ စဉ်းစားဖို့လိုပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့ ကျနော်တို့ အာရုံစိုက်ရမှာပါ” ဟု ကိုဇော်ဇော်က ပြောသည်။
နေအိမ်အကျယ်ချုပ်
တချိန်က စစ်တွေမြို့ ၊ စည်ပင်ဈေးတွင် အောင်မင်္ဂလာ ရပ်ကွက်နေ မွတ်စလင်များပိုင်ဆိုင်သော ဆိုင်ခန်းပေါင်း ၁၅၀ ကျော်ရှိခဲ့သည်။ ယနေ့အချိန်တွင် မွတ်စလင်များကို ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနေထိုင်သော ရပ်ကွက်သို့ ဝင်ရောက်ခွင့် မပေးသည့်အတွက် စီးပွားရေးဆောင်ရွက်သော နေရာဖြစ်သည့် ထိုဆိုင်ခန်းများ အားလုံးမှာ ယနေ့အချိန်တွင် ပိတ်ထားရပါသည်။
စစ်တွေမြို့နယ် ဘုမေကျေးရွာတွင် နေထိုင်သူ အာမတ်အိုစန်က ၎င်းတို့ရွာသားများသည် ဈေးဝယ်ခွင့်နှင့် မြို့ထဲတွင် အလုပ်လုပ်ရန် တားမြစ်ခံထားရသည့်အတွက် သဲချောင်းရွာမှ လူသုံးကုန် ပစ္စည်းများကို ဝယ်ယူကြကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောပါသည်။ သဲချောင်းရွာဆိုသည်မှာ တချိန်က ကျေးရွာဖြစ်သော်လည်း ယခုအခါတွင် ပြည်တွင်း မွတ်စလင်များကို ပြန်လည် နေရာချထားသော ဒုက္ခသည်စခန်းတခု ဖြစ်ပါသည်။
အာမတ်အိုစန်သည် လမ်းဘေး ဆိုင်ခန်းတခန်း ပိုင်ဆိုင်ပြီး တနေ့လျှင် အများဆုံး မြန်မာငွေ ၃၀၀၀ ကျပ် ဝင်ငွေရှိပါသည်။ သို့သော် ထိုပမာဏမှာ ၎င်းမိသားစုဝင် ၈ ယောက်အား ကျွေးမွေးရန် မလုံလောက်ပါ။ ၎င်း၏ နေအိမ်မှာ ပကတိအတိုင်း
ကျန်ရှိခဲ့သော်လည်း ဘုမေရွာရှိ အိမ်ခြေ ၄၀ ကျော်သည် ပဋိပက္ခကာလအတွင်း မီးရှို့ဖျက်ဆီး ခံခဲ့ရသောကြောင့် ဒုက္ခသည်
စခန်းတွင် နေထိုင်ကြသည်။
ဒေသခံ အာဏာပိုင်များက တချို့ ရခိုင်လူမျိုးများကို ဒုက္ခသည်စခန်းတွင် ကုန်ပစ္စည်းရောင်းရန် ခွင့်ပြုခဲ့သော်လည်း မွတ်စလင်များကို တူညီသော အခွင့်အရေးမပေးပါ။ စခန်းမှ မည်သည့် နေရာသို့မျှ ထွက်ခွာခွင့်မပြုပါ။
ဒုက္ခသည်များစခန်းသို့ ရွေ့ပြောင်းသူများသည် အကူအညီပေးသည့် အဖွဲ့များထံမှ အစားအစာနှင့် အဝတ်အထည်များ စသည့် အထောက်အပံ့များ ရရှိကြသော်လည်း ရွာတွင် ကျန်ခဲ့သည့် လူများမှာ မည်သည့် အကူအညီမျှ မရရှိကြောင်း အာမတ်အိုစန်က ပြောသည်။
“ဒုက္ခသည်စခန်းမှာ နေရတာထက်စာရင် ကိုယ့်အိမ်မှာ ကိုယ်နေရတာက ပိုကောင်းပါတယ်” ဟု အာမတ်အိုစန်က ပြောသည်။
လက်ရှိအချိန်တွင် တခြားသူများက ချုပ်နှောင်ခံထားရသူများနှယ် ခံစားနေရသော်လည်း ဘုမေရွာသား အာမတ်အိုစန် အဖို့
ယင်းသို့ တစိုးတစဉ်းမျှ မရှိ။
အောင်မင်္ဂလာ ရပ်ကွက်အတွင်း နေထိုင်သော မွတ်စလင် အုပ်ချုပ်ရေးမှူး မာမတ်ဟူစိန်ကမူ “ကျနော်တို့ နေအိမ် အကျယ်ချုပ် ကျနေသလို ခံစားရပါတယ်” ဟု ၎င်းတို့ နေထိုင်ရသည့်ပုံစံကို ပြောသည်။
ပြောင်းလဲသွားတဲ့ ဆက်ဆံရေး
ကိုဇော်ဇော်က ၎င်းနှင့် ရင်းနှီးသည့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးသူငယ်ချင်း၊ မိတ်ဆွေများနှင့် ဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ပြီး
နောက်ပိုင်း ပျက်ယွင်းခဲ့ကြောင်း ပြောသည်။
“ပဋိပက္ခတွေ ဖြစ်ပြီးနောက်မှာ ကျနော်တို့ ဆက်ဆံရေးတွေ ပြောင်းလဲသွားခဲ့တယ်။ အခုတော့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ကျနော်တို့ ပြန်တည်ဆောက်နေကြပါပြီ။ လမ်းမှာတွေ့တဲ့ အခါကျရင် ကျနော်တို့က နှုတ်ဆက်တယ်။ တခါတလေ စီးပွားရေးအကြောင်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် အရင်လို အခြေအနေကို ပြန်ရောက်ဖို့က ခက်ခဲနေပါသေးတယ်” ဟု ကိုဇော်ဇော်က ပြောသည်။
စစ်တွေမြို့ ၊ ဘောက်သီးစုရပ်ကွက်၊ သာသနာ့ရံသီ ဘုန်းကြီးကျောင်းရှိ သြဇာတိက္ကမ ကြီးမားသော ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဓမိ္မကသည် ၂၀၁၂ ခုနှစ် ပဋိပက္ခများ ဖြစ်ပွားစဉ်ကာလတွင်း မွတ်စလင်နှင့် ဗုဒ္ဓဘာသာ လူမှုအဖွဲ့အစည်းများ အကြား ပြေလည်မှုရစေရန် ကြားဝင် ဖျန်ဖြေခဲ့သူဖြစ်သည်။ လက်ရှိဖြစ်ရပ်များမှာ မြန်မာအစိုးရက နှစ်ဖက်စလုံးကို အသုံးချ၍ လိုသလို ကစားနေသည်ဟု ဆရာတော်က ရှုမြင်သည်။ ထိုသို့ဆိုလျှင် နှစ်ဖက်စလုံး ထိခိုက်မည်ဖြစ်ပြီး၊ အားနည်းချက်ကို အခွင့်အရေးသမားများက အမြတ်ထုတ်သွားမည် ဖြစ်ကြောင်း ဆရာတော်က ရှင်းပြသည်။
ဆရာတော် ဘဒ္ဒန္တ ဓမိ္မက မွတ်စလင် ဘာသာဝင်များ နေထိုင်ရာ ရပ်ကွက်တွင် လုံခြုံရေးဝန်ထမ်းများ ချထားခြင်းဖြင့် တာဝန်ရှိသူများက မတူညီသော ဘာသာနှစ်ခုကြား မယုံကြည်မှု၊ တင်းမာမှုများကို အသုံးချကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“မွတ်စလင်ရပ်ကွက်တွေကို ရေရှည် စောင့်ကြပ်ဖို့ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ ဒါဟာ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘူး။ အဓိက ပဋိပက္ခဖြစ်ရတဲ့ အခြေခံအကြောင်းအရင်းကို ရှာရရမှာ” ဟု ဆရာတော်က ပြောသည်။
ထိုရပ်ကွက်များ၌ စောင့်ကြပ်နေသော ရဲဝန်ထမ်းအရေအတွက်ကို တာဝန်ရှိသူများက ဖြည်းဖြည်းချင်း လျှော့ချပေးသွားလိမ့်မည်ဟု ဆရာတော်က မျှော်လင့်သည်။
“တချို့နေရာတွေက လုံခြုံရေးအင်အား (လျှော့ချတာမျိုး) စမ်းသပ်သင့်တယ်။ တကယ်လို့ အဲဒီတနေရာမှာ အောင်မြင်ခဲ့ရင် တခြားနေရာတွေမှာလည်း အဲဒီလိုမျိုး စမ်းပြီးတော့ လုပ်လို့ ရတာပေါ့” ဟု ဆရာတော်က ပြောသည်။
ကိုဇော်ဇော်ကလည်း ဆရာတော် ဘဒ္ဒန္တ ဓမိ္မက၏ အကြံပြုချက်ကဲ့သို့ အပြောင်းအလဲများကို အသေးအမွှားမှ စတင်ကာ
ဆောင်ရွက်သင့်ကြောင်း ယူဆသည်။ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် မွတ်စလင်တို့ အတူအကွ စုပေါင်း နေထိုင်ကြခဲ့ကြသော စစ်တွေမြို့ကို ယခင် အနေအထားသို့ ပြန်လည် ရောက်ရှိရန် ဒေသခံတို့ အတွက် စိတ်ကူးယဉ်ဖို့တောင် ခက်ခဲနေပါသေးသည်။
နှစ်ဖက်အသိုင်းအဝိုင်း ပြန်လည် သင့်မြတ်လာစေရေးအတွက် စစ်တွေမြို့တွင် အစိုးရ၏ မဖြစ်စလောက်သော အစပျိုးမှုသာ ရှိခဲ့သည်။ များမကြာမီ အာဏာလွှဲပြောင်းပေးရတော့မည့် သမ္မတ ဦးသိန်းစိန်၏ အကြံပေးတဦးဖြစ်သော ဒေါက်တာ ကျော်ရင်လှိုင် ဦးဆောင်၍ ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေး တည်ဆောက်ရန် အဖွဲ့တဖွဲ့ တည်ထောင်ခဲ့ပါသည်။
ပဏာမ ရည်မှန်းချက်တခုမှာ ဘာသာရေး အဖွဲ့အစည်းနှစ်ခုကြား တင်းမာမှုများ လျော့ကျရန် ဖြစ်သည်။ နှစ်ဖက်အသိုင်း အဝိုင်းတွေ့ဆုံကာ ဆွေးနွေးအဖြေရှာမည့် စကားဝိုင်းတခု စီစဉ်ပေးရန် ယင်းအဖွဲ့အား တောင်းဆိုခဲ့ကြသော်လည်း လက်ရှိ အချိန်ထိ ယင်းအစီအစဉ်မှာ အထမမြောက်သေးပေ။
အသေးစိတ် ထပ်မံ သိရှိနိုင်ရန် ဧရာဝတီ သတင်းဌာနက ဒေါက်တာ ကျော်ရင်လှိုင်၏ ဖုန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
အားကိုးရာမဲ့နေသော မတူညီသည့် လူ့အဖွဲ့စည်း နှစ်ခုက နောက်တက်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အစိုးရအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အထင်အရှား ရှိနေသေးသည့် ပဋိပက္ခများ၏ နောက်ဆက် တွဲကိစ္စရပ်များကို ဖြေရှင်းရန် မျှော်လင့်လျက်ရှိသည်။