မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈ ခုနှစ်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုအောက်တွင် ၆၈ နှစ်ကြာ ကာလ အတွင်း သမ္မတ ၈ ယောက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ မတ်လ ၁၀ ၇က်နေ့တွင် လွှတ်တော်တွင် သမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့ပြီး ယနေ့ မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲကြရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုပြုခဲ့သည့် ဦးထင်ကျော် မြန်မာနိုင်ငံ၏ ၉ ယောက်မြောက် သမ္မတ ဖြစ်လာတော့မည်။ မတ်လ ၃၁ ၇က်နေ့တွင် လက်ရှိသမ္မတ ဦးသိန်းစိန်က အာဏာလွှဲပြောင်းပေးမည်ဖြစ်သည်။ ယခင် မြန်မာနိုင်ငံ သမ္မတများ၏ ကိုယ်ရေးအကျဉ်းနှင့် တာဝန်ထမ်းဆောင်ခဲ့မှုများကို ဧရာဝတီက ပြန်လည်ဖော်ပြလိုက်ပါသည်။
စပ်ရွှေသိုက် ( ၁၈၉၄-၁၉၆၂)
စပ်ရွှေသိုက်သည် ရှမ်းတိုင်းရင်းသားတဦးဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်ကာ ရှမ်းပြည်နယ် ညောင်ရွှေနယ်ကို အုပ်စိုးခဲ့သော နောက်ဆုံး စော်ဘွားဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသော ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ စ၍ ၁၉၅၂ ခုနှစ် မတ်လ ၁၂ ရက်နေ့အထိ စပ်ရွှေသိုက်သည် ဝန်ကြီးချုပ်ဦးနု နှင့်အတူ နိုင်ငံတော်အကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သမ္မတ မဖြစ်ခင်က ဗြိတိသျှ စစ်တပ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ် ဦးနေဝင်းက စစ်တပ်မှ အာဏာသိမ်းခဲ့ချိန်တွင် စပ်ရွေသိုက် အဖမ်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ထောင်ထဲ၌ သေဆုံးခဲ့သည်။
ဒေါက်တာ ဘဦး (၁၈၈၇-၁၉၆၃)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယ သမ္မတမှာ ဗမာ တိုင်းရင်းသားတဦးဖြစ်သော ဒေါက်တာဘဦး ဖြစ်သည်။ ကိန်း ဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သော ဒေါက်တာဘဦးသည် သမ္မတ မဖြစ်မီက မြန်မာနိုင်ငံတရားရုံးချုပ်တွင် တရား သူကြီးချုပ်ဖြစ်သည်။ ၁၉၅၂ ခုနှစ် မတ်လတွင် သမ္မတဖြစ်လာခဲ့ပြီး ၁၉၅၇ ခုနှစ် မတ်လအထိ ၅ နှစ်တာ တာဝန်ထမ်းဆောင် ခဲ့ သည်။
မန်းဝင်းမောင် (၁၉၁၆- ၁၉၈၉)
ကရင်လူမျိုး ဗုဒ္ဓဘာသာဝင် တဦးဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတမှာ မန်းဝင်းမောင် ဖြစ်ပါသည်။ ယခင် အစိုးရဝန်ကြီးဖြစ်သော မန်းဝင်းမောင်ကို ဝန်ကြီးချုပ် ဦးနုက ၁၉၅၇ ခုနှစ် မတ်လတွင် သမ္မတအဖြစ် ရွေးချယ်ခဲ့ပါသည်။ မန်းဝင်းမောင်သည် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ် မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အာဏာသိမ်း တော်လှန်ရေး ကောင်စီက သူ့ကို ထောင် ၅ နှစ်ချခဲ့သည်။
ဗိုလ်ချုပ်ကြီး နေဝင်း (၁၉၁၀- ၂၀၀၂)
အမည်ရင်းမှာ ရှုမောင်ဖြစ်သော ဗိုလ်ချုပ်ကြီနေဝင်းက ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရအဖြစ် မြန်မာနိုင်ငံကို ယာယီ အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လတွင် တနိုင်ငံလုံးကို အာဏာသိမ်းခဲ့ပြီး ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့အထိ နိုင်ငံတော် အကြီးအကဲအဖြစ် နှစ် ၂၀ နီးပါး အုပ်ချုပ်ခဲ့သည်။ မြန်မာ-တရုတ် မိသားစုမှ ဆင်းသက်လာသော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (BSPP) ကို တည်ထောင်ခဲ့ကာ ၁၉၈၈ ခုနှစ်အထိ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဆိုပါနှစ် ကျောင်းသားများ ဆန္ဒပြပွဲများဖြစ်ပွားနေသည့် ကာလအတွင်းတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တခုတည်းသာ ရှိသည်။ ဦးနေဝင်းက စီးပွားရေးလုပ်ငန်းများကို “ပြည်သူပိုင်”သိမ်းရာတွင် နာမည်ကြီးပြီး နိုင်ငံခြားသားများအား မုန်းတီးသည့် ကာလတခုကို စတင်ခဲ့သူဖြစ်သည်။ ဦးနေဝင်းက စစ်ဦးစီးချုပ်အဖြစ် စုစုပေါင်း ၂၆ နှစ်ကြာ ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ် ၌ အကျယ်ချုပ်ကျခံနေစဉ်အတွင်း ကွယ်လွန်သွားခဲ့သည်။
ဗိုလ်ချု့ပ်ကြီး စန်းယု (၁၉၁၈- ၁၉၉၆)
မြန်မာ တရုတ် မိသားစုမှ ဆင်းသက်လာသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စန်းယုသည် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ ပဉ္စမမြောက် သမ္မတဖြစ်သည်။ ၁၉၈၁ခုနှစ် နိုဝင်ဘာလမှစ၍ ၁၉၈၈ ခုနှစ် ဇူလိုင်လအထိ သမ္မတ တာဝန် ထမ်း ဆောင်ခဲ့သည်။ ဦးစန်းယုကို သမ္မတတာဝန် လွှဲပြောင်းပေးခဲ့သော်လည်း ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ အဖြစ်ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး စန်းယုသည် စစ်တပ်က ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ရေးဆွဲရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
ဗိုလ်မှူးချုပ် စိန်လွင် (၁၉၂၃-၂၀၀၄)
ဗိုလ်မှူးချုပ် စိန်လွင်
ဗမာတိုင်းရင်းသားတဦးဖြစ်သော ဗိုလ်မှူးချုပ် စိန်လွင်သည် ဒီမိုကရေစီ အရေးအခင်းများ ဖြစ်ပွားသော ကာလအတွင်း ၁၇ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရသော ဆဌမမြောက် သမ္မတဖြစ်သည်။ ၁၉၈၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့အထိ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အနီး၌ ဆန္ဒပြကျောင်းသားများကို ရက်စက်စွာ ပစ်ခတ်ရန် အမိန့်ပေးခဲ့သည့်အတွက် “ရန်ကုန်မှ လူသတ်သမား”အဖြစ် နာမည်ကျော်ခဲ့သည်။ သို့သော် ဗိုလ်မှူးချုပ် စိန်လွင် နှုတ်ထွက်သည်တိုင်အောင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် ၎င်းအား အစိုးရက နှစ်ပေါင်းများစွာကြာ အောင် ဆက်လက်ထောက်ပံ့ထားခဲ့သည်။
ဒေါက်တာ မောင်မောင် (၁၉၂၅- ၁၉၉၄)
သမိုင်းရေးဆရာအဖြစ် လူသိများသော ဒေါက် တာ မောင်မောင်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတဖြစ်သည်။ နယ်သာလန်နိုင်ငံ Utrecht တက္ကသိုလ်နှင့် အမေရိကန် Yale တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေ ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ လက်ထက်တွင် တရားသူကြီးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ဒေါက်တာမောင်မောင်သည် ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က စ၍ ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့အထိ တလကြာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံတွင် သမ္မတ မရှိခဲ့ပါ။
ဦးသိန်းစိန် ( ၁၉၄၅- )
၂၀၁၁ခုနှစ် မတ်လတွင် ပြည်ထောင် စုလွှတ်တော်မှ ရွေးကောက်တင်မြောက်ခဲ့သော ဗိုလ်ချုပ်ကြီးဘဝမှ နိုင်ငံရေးသမား အဖြစ်ပြောင်းလဲခဲ့သူ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အဌမမြောက် သမ္မတဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သပိတ်မှောက်၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘဲ အနောက်နိုင်ငံများကလည်း လွတ်လပ်ခြင်း မျှတခြင်း မရှိသည့် ရွေးကောက်ပွဲဖြစ်သည်ဟု သတ်မှတ်ခဲ့ကြသည်။ ဦးသိန်းစိန်က ယခင် စစ်အစိုးရလက်ထက်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၂၀၁၀ခုနှစ်တွင် ဗိုလ်ချုပ်ကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သော စစ်တပ်မှ အငြိမ်းစားယူခဲ့ပြီး ဦးသိန်းစိန်က စစ်တပ်မှ ကျောထောက်နောက်ခံပြုသော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးမည်ဖြစ်သည်။