ပြည်ထောင်စုလွှတ်တော်က ယနေ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်တဲ့ ဦးထင်ကျော်က ဒီနေ့ ရွေးကောက်တင်မြှောက်ခံရမှုအတွက် ပြည်သူ့ အောင်ပွဲလို့ လွှတ်တော်က အထွက်သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။
“ပြည်သူတွေရဲ့ စေတနာ၊ မေတ္တာနဲ့ ဖြစ်တာပါ။ ပြည်သူတွေရဲ့ အောင်ပွဲ၊ အမ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲပါ” လို့ ပြောဆိုခဲ့ပါတယ်။
ပင်နီဝတ်ထားကြတဲ့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အများစု လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ မတ်လ ၁၅ ရက်နေ့ နေ့ခင်းပိုင်းမှာ စိတ်လှုပ်ရှားစရာ ရွေးချယ်ပွဲမှာ မဲအများစုနဲ့ ဦးထင်ကျော်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။
နေပြည်တော်က ဒီပွဲကို တက်ဖို့ လွှတ်တော် အဆောက်အဦး အဝင်ဂိတ်မှာ မနက် ၉ နာရီလောက်ကတည်းက ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာတွေ စုရုံးရောက်ရှိခဲ့ကြပြီး လွှတ်တော်ထဲကို ရောက်ပြီဆိုတာနဲ့ လက်မှတ်ထိုး အလုပ်ရှုပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အင်တာဗျူးတွေ လိုက်လုပ်ကြပါတယ်။
ဒုတိယ သမ္မတအဖြစ် အရွေးခံထားရတဲ့ခံရတဲ့ ဦးဟင်နရီ ဗန်ထီးယူနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီက အမတ်တယောက်ရဲ့ ချီးကျူးစကား ပြောနေတာ ကြားရသလို သူနဲ့ လက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးတာကြောင့် ဦးဟင်နရီ ဗန်ထီးယူဟာ လူတော်တယောက်ဖြစ်ပြီး တာဝန်ပေးရင် မဖြစ်ဖြစ်အောင် လုပ်နိုင်တဲ့သူလို့ မီဒီယာတွေကို သူက ဖြေကြားနေပါတယ်။
ဒီအချိန်မှာပဲ အပြာရင့်ရောင် ဝမ်းဆက်ကို ဝတ်ဆင်ကာ ကတ္တီပါ ဖိနပ်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဝင်လာတော့ ဓာတ်ပုံဆရာတွေ အလုပ်များသွားကြတယ်။ သူ့ကို ကြည့်ရတာ လန်းဆန်းပြီး ရွှင်ရွှင်လန်းလန်းနဲ့ပါ။
သိပ်မကြာခင်မှာပဲ နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို လွှတ်တော်မှာ စတင်ကျင်းပပါတော့တယ်။ သမ္မတ ရွေးချယ်ပွဲကို အဓိက တာဝန်ယူရသူကတော့ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းပါ။
သမ္မတအတွက် အဆိုပြုခံထားရသူတွေဖြစ်တဲ့ ဦးထင်ကျော်၊ ဦးဟင်နရီ ဗန်ထီးယူနဲ့ တပ်မတော်သား အစုအဖွဲ့က ရွေး ချယ်ထားတဲ့ ဦးမြင်ဆွေတို့ကို စနစ်တကျ မဲပေးကြတာနဲ့ မဲခွဲကြတဲ့အချိန် တလျှောက်လုံး ကိုယ်စားလှယ်တွေအားလုံး စိတ်လှုပ်ရှား နေကြတာကို တွေ့ရပါတယ်။
သမ္မတ ရွေးချယ်မှုကို စက်ခလုတ်နှိပ် မဲပေးတာမျိုး မဟုတ်ဘဲ စာရွက်နဲ့ အမှန်ခြစ်ရတာဖြစ်တာကြောင့် မဲပေးတဲ့အချိန်ကလည်း တော်တော်ကြာပါတယ်။
နောက်ဆုံးမှာတော့ ဦးထင်ကျော်က မဲ ၃၆၀ နဲ့ သမ္မတကြီးအဖြစ် ရွေးချယ်ခံရပြီး ဦးဟင်နရီ ဗန်ထီးယူက ၇၉ မဲ၊ ဦးမြင့်ဆွေက ၂၁၃ မဲတို့နဲ့ ဒုတိယ သမ္မတတွေ ဖြစ်လာကြပါတယ်။
ဦးထင်ကျော် ရရှိမဲ ၃၆၀ လို့ ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာလိုက်တဲ့အခါ ကိုယ်စားလှယ်တွေ အားလုံးက လက်ခုပ်တီးပြီး အားပါးတရ ကြိုဆိုထောက်ခံကြပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ လုံး၀ တုတ်တုတ် မလှုပ်ကြပါဘူး။
သူတို့အနေနဲ့ ဦးထင်ကျော်ကိုမှ လက်ခုတ်မတီးတာ မဟုတ်ပါဘူး။ သူတို့ရွေးထားတဲ့ ဦးမြင့်ဆွေကိုရော ဦးဟင်နရီ ဗန်ထီးယူတို့ရော ဒုသမ္မတအဖြစ် ရွေးလိုက်တယ်လို့ ကြေညာချိန်မှာလည်း လက်ခုတ်မတီးပါဘူး။
ဒါပေမယ့် အဲလိုအချိန်မှာ အပျော်ဆုံးသူတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်လို့ ဆိုရမှာပါ။ ဦးထင်ကျော် သမ္မတကြီး ဖြစ်ပြီလို့ ကြေညာလိုက်တဲ့အချိန်မှာ သူ့မျက်နှာဟာ ဝမ်းသာဝမ်းနည်းနေတဲ့ပုံနဲ့ လက်ခုပ်ကို အဆက်မပြတ် တီးနေတော့တာပါပဲ။
၅၄နှစ်အကြာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သားသမ္မတဖြစ်လာတဲ့ ဦးထင်ကျော်ကို အဆိုပြုခဲ့သူ NLD ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က“ကျမတို့ ရွေးချယ်လိုက်တဲ့ သမ္မတဟာ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်တဲ့သူ ဖြစ်မယ်လို့ ယုံကြည်တယ်။ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူ့ဆန္ဒကို ဘယ်တုန်းကမှ လျစ်လျူမရှု့ခဲ့ပါဘူး။ ဒီနေ့က အစပါ။ အောင်ပွဲအတွက် ခြေလှမ်းစတာလို့ ပြောရမှာပါ”လို့ ဧရာဝတီကို စိတ်လှုပ်ရှားစွာနဲ့ လွှတ်တော်အပြီး ခန်းမက ပြန်အထွက်မှာ ပြောပါတယ်။
သမ္မတသစ်နှင့်အတူ နိုင်ငံတော်ကို ဆက်လက်တည်ဆောင်နိုင်ရေးအတွက် အလုပ်များစွာက စောင့်ကြိုနေပြီလို့ သူက ဆိုပါသေးတယ်။
မတ်လ ၁၅ ရက်နေ့ဟာ သာမန်ရက်တခု မဟုတ်တော့ပဲ မြန်မာနိုင်ငံအတွက်တော့ သမိုင်းဝင် ထူးခြားတဲ့ ရက်တခု ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကနေ ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့တာကို ရုပ်သံကတဆင့် မြန်မာပြည်တဝန်း မဲဆန္ဒရှင်တွေကလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။