ဆောင်းပါး

မြန်မာနိုင်ငံရဲ့ First Lady ဖြစ်လာမယ့် ဒေါ်စုစုလွင်

This article has been converted from Zawgyi One to Unicode

“သူက အင်မတန်သိမ်မွေ့ ပျော့ပျောင်းတဲ့သူ၊ ပညာရေးနဲ့ ပတ်သက်လို့လည်း သိပ်ကို စိတ်ဝင်စားတဲ့ သူပဲ”လို့ မြန်မာနိုင်ငံရဲ့ ၉ ယောက်မြောက် သမ္မတဖြစ်လာတဲ့ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်အပေါ် အမြင်ကို လက်ပံတန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက ပြောပြပါတယ်။

အသက် ၆၄ နှစ် အရွယ်ရှိ သမ္မတသစ်ကတော် ဒေါ်စုစုလွင်ဟာ အခြေခံပညာကို အင်္ဂလိပ် မက်သဒစ်ကျောင်း၊ အ.ထ.က (၃) မော်လမြိုင် နဲ့ အ.ထ.က (၂) ကမာရွတ်မှာ သင်ယူခဲ့တယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်က အင်္ဂလိပ်စာအထူးပြုနဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရခဲ့တယ်။ မြန်မာနိုင်ငံပညာရေးသုတေသီအဖွဲ့တွင် ၁၃ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၃ ခု နှစ်တွင် ဦးထင်ကျော်နှင့် လက်ထပ်ခဲ့တယ်။

၁၉၈၆ ခုနှစ်မှာ ဆစ်ဒနီတက္ကသိုလ်မှာ အင်္ဂလိပ်စာအထူးပြုနဲ့ ဘွဲ့လွန်သင်တန်းထပ်မံ တက်ရောက်ခဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ၁၉၈၉ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီး နောက်ပိုင်း ဒေါ်အောင် ဆန်းစုကြည်၏ ခြံဝင်းအတွင်း၌ အင်္ဂလိပ်စာသင်တန်းများ ပို့ချပေးခဲ့တယ်။

၁၉၉၉-၂၀၀၀ မှစ၍ သုံးခွမြို့နယ်မှာ ကျောင်းနေအရွယ် အားလုံး ကျောင်းနေရေးစီမံကိန်းနှင့် စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင် စီမံရေးအရာရှိအဖြစ် UNICEF ဘက်မှ ဆောင်ရွက်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းလုပ်ငန်းများတွင် ယခုတိုင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်လို့ ပြည်သူ့လွှတ်တော် ဝက်ဘ် ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရတယ်။

သူ့ရဲ့ ဖခင်က NLD ပါတီ အတွင်းရေးမှူးဟောင်း၊ ကိုယ်စားလှယ်ဟောင်း ဦးလွင် ( အငြိမ်းစားဗိုလ်မှူးကြီး မောင်လွင်) ဖြစ်တယ်။

သူ့ဖခင် ဦးလွင်ဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်မှာ ပါဝင်ခဲ့သူူ ဖြစ်တယ်။ တပ်မတော်မှာ ဗိုလ်မှူးကြီးအဖြစ် တာဝန်ယူခဲ့သလို ၁၉၇၀ ခုနှစ်နောက်ပိုင်းမှာ အမျိုးသား စီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယဝန်ကြီးချုပ်အဖြစ် လုပ်ဆောင်ခဲ့သူဖြစ်တယ်။

ဦးလွင်ဟာ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီဘွဲ့တို့ ချီးမြှင့်ခြင်းခံခဲ့ရပြီး နောက်ပိုင်းမှာ NLD ပါတီရဲ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။
ဖခင်ဖြစ်သူ ဦးလွင်ဟာ NLD ပါတီရဲ့ကိစ္စတွေမှာ တစိုက်မတ်မတ်ပါဝင်ခဲ့သလို သမီးဖြစ်သူ ဒေါ်စုစုလွင်လည်း ဖခင်ဖြစ်သူနဲ့ အတူ မြန်မာနိုင်ငံဒီမိုကရေစီရရေးကိစ္စတွေအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ သိရတယ်။

ဒေါ်စုစုလွင်က သူ့ဖခင် ဦးလွင် မကျန်းမမာဖြစ်လာချိန်မှာ NLDပါတီရဲ့ နိုင်ငံရေးကိစ္စတွေမှာ ဖခင်ဖြစ်သူအတွက် အ ထောက်အကူပြုပေးရင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာတာ ဖြစ်တယ်။ ဖခင်ဖြစ်သူရဲ့ဒီမိုကရေစီရေးရာလှုပ်ရှားမှုမှာ သမီးတယောက်အနေနဲ့ တက်ကြွစွာ လုပ်ဆောင်ခဲ့တယ်လို့ သူနဲ့ ရင်းနှီးတဲ့ NLD ပါတီဝင်တချို့က ရှင်းပြတယ်။

ဒေါ်စုစုလွင်နဲ့အတူ ပညာရေးမြှင့်တင်မှု ကော်မတီမှာ အတူတူလုပ်ခဲ့ဖူးတဲ့ လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း က “သူ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ သုံးခွမြို့နယ်ရဲ့ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ကိုယ်ပိုင်ငွေထဲကတောင် စိုက်ထုတ်သုံးစွဲတာမျိုး လုပ်ခဲ့တယ်လို့ ကြားဖူးတယ်။ အင်္ဂလိပ်စာလည်း အထူးကောင်းမွန်တယ်။ သူနဲ့ သမ္မတကြီးဦးထင်ကျော်က ဒီမိုကရေစီအရေးကိစ္စတွေမှာ အတူလက်တွဲ လုပ်ဆောင်နေကြ တာ။ နှစ်ဦးသား ဆက်ဆံရေးကလည်း ညင်သာသိမ်မွေ့တယ်။ တဦးနဲ့ တဦးလည်း သိပ်ပြီး သစ္စာရှိကြတာ တွေ့ရတယ်”လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိမှာ ဒေါ်စုစုလွင်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သလို ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီရဲ့ ဥက္ကဋ္ဌတာဝန်ကို ယူထားပါတယ်။

သမ္မတသစ် ဦးထင်ကျော်ရဲ့ဇနီး၊ မြန်မာနိုင်ငံရဲ့ First Lady ဖြစ်လာမယ့် ဒေါ်စုစုလွင်ဟာ ပညာရေး၊ လူ့အခွင့်အရေး၊ အမျိုး သမီးရေးရာစတဲ့ကဏ္ဍတွေမှာ ဘယ်လို ဖွွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လာမလဲဆိုတာကို ပြည်သူလူထုက စိတ်ဝင် စားနေကြပြီဖြစ်တယ်။

Loading