နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) နဲ့ တပ်မတော်ကို နှစ်ရှည်လများ ဦးဆောင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက်ပြီး အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာကတော့ ယမန်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က ဖြစ်ပါတယ်။
ပထမဆုံး တရားဝင် သူတို့ ၂ ဦး တွေ့ဆုံတာကတော့ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်မှာ ဖြစ်ပြီး နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိခဲ့ပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက်ဟာ ၄၉နှစ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အသက်ဟာ ၆၁ နှစ် ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ (တပ်မတော်အစိုးရ) အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့တွေ အကြား ထိပ်သီးတွေ့ဆုံပွဲတွေဟာ ၁၉၉၄ ကနေ ၂၀၀၇ အတွင်း ၅ ကြိမ်တွေ့ဆုံခဲ့တယ်လို့ အတည်ပြုလို့ မရတဲ့ သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် ၁၉၉၂ ကနေစပြီး ၂၀၀၇ အထိ စစ်အစိုးရက လွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တာ အကြိမ်ပေါင်း ၂၄ ကြိမ်ထက် မနည်းလို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လုပ်ခဲ့တဲ့ တွေ့ဆုံပွဲတွေကို ပြည်သူတွေရော နိုင်ငံတကာပါ သိခဲ့တာ တချို့ရှိသလို မသိခဲ့တာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘာတွေကို ဆွေးနွေးခဲ့သလဲ၊ ဘယ်လို သဘောတူညီချက်တွေ ရခဲ့သလဲ၊ သဘောမတူခဲ့တဲ့ အချက်တွေ ဆွေးနွေးပွဲ ပျက်ရတာတွေက ဘာတွေလဲဆိုတာ အခုအချိန်အထိ မသိရသေးပါ။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တွေ့ဆုံမှုတွေမှာတော့ အမျိုးသားညီလာခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြန်တက်ရေး၊ အခြေခံဥပဒေရေးဆွဲရာမှာ ပါဝင်နိုင်ရေး၊ ဒါ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ အာဏာခွဲဝေရေး (Power Sharing) ကိစ္စတွေပဲ ဖြစ်ပါတယ်။ နအဖ ဥက္ကဋ္ဌဟောင်း ဦးသန်းရွှေအပြင် ထိုစဉ်က ထောက်လှမ်းရေးမှူးချုပ်ဖြစ်တဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ညွန့်အဖွဲ့လည်း အဓိက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၁ – ၂၀၀၂ ခုနှစ်ကာလ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီလို ပြောဆိုဆွေးနွေးနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် နယ်တွေကို စည်းရုံးရေးဆင်းတယ်။ သွားမယ့် ခရီးစဉ်တွေကို အာဏာပိုင်တွေကို ကြိုတင် အကြောင်းကြား ညှိနှိုင်းတယ်။ နောက်ဆုံးမှာတော့ ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်။
ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကို ဦးသန်းရွှေနဲ့ အမာလိုင်းသမားတွေက စီစဉ်တာလို့ နိုင်ငံတကာနဲ့ မြန်မာ့အရေး ရေးသားတဲ့ ဂျာနယ်တွေမှာ အတိအလင်း ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီအချိန်အထိ အင်းစိန်ထောင်ထဲကို အပို့ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို လာတွေ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် စေ့စပ်ရေးမှူး ရာဇာလီ အစ္စမေးလ် (Razali Ismail) ကို “Turn the new page” အာဃာထ မထားဘဲ စာမျက်နှာ အသစ်ဖွင့်ဖို့ အသင့်ပဲလို့ ပြောခဲ့တုန်းပဲ ဖြစ်ပါတယ်။
နိုင်ငံတကာ ဖိအားကြောင့် ဦးသန်းရွှေ နောက်ဆုတ်သွားပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ပွဲထုတ်ပြီး “Road Map” လမ်းပြမြေပုံကို ပြည်တွင်းနဲ့ နိုင်ငံတကာကို ချပြခဲ့ပါတယ်။ ဒါပေမယ့် အကွက်ပြောင်းကာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဝန်ကြီးချုပ် နေရာပေးပြီး နောက်ပိုင်း ၂၀၀၄ မှာ ဖြုတ်ချလိုက်ပါတယ်။
၂၀၀၄ နောက်ပိုင်း အကွက်တွေကိုတော့ ဦးသန်းရွှေ နဲ့ အမာလိုင်းတွေက ရွှေ့သွားခဲ့ပါတယ်။ နောက်ဆုံး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို တည်ထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီး အစိုးရကို တရားဝင် (Legitimacy) ရအောင် ကြိုးစားခဲ့တာ တွေ့ရပါတယ်။
ဦးသိန်းစိန် အပါအဝင် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အားလုံးကို သူကပဲ စီမံခန့်ခွဲကာ နေရာချခဲ့တယ်လို့ အများက ယုံကြည်လက်ခံခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ တောင်ပြို ကမ်းပြို နိုင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ပြီး ခေါ်ယူ တွေ့ဆုံပါတယ်။ ဘာတွေ ဆွေးနွေးတယ်ဆိုတာ မသိရပေမယ့် ကွယ်လွန်သွားပြီဖြစ်တဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းလိုပဲ ဒီနေ့အထိ ဦးသန်းရွှေရဲ့ သြဇာအာဏာ ဘယ်လောက်ရှိနေသေးလဲဆိုတာ မေးခွန်း ထုတ်နေဆဲပါ။