ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။
ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။
အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြ လိုက်ပါသည်။
ဒေါက်တာ စင်သီယာမောင်
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားအပြီး ဒေါက်တာ စင်သီယာမောင်သည် ကရင်ပြည်နယ်မှ ထွက်ခွာခဲ့ကာ ထိုင်း-မြန်မာ နယ်စပ်ရှိ ညစ်ညစ်ပေပေ အဆောက်အအုံတခုမှာပင် သူ၏ဆေးခန်း ဖွင့်လှစ်ခဲ့သည်။ လက်ရှိ ဒေါက်တာ စင်သီယာမောင်၏ “မယ်တော်ဆေးခန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ မီးဖွားခြင်းနှင့် HIV ရောဂါသမားများအား နှစ်သိမ့်ဆွေးနွေးခြင်းတို့ အပါအဝင် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေပြီး၊ ဝန်ထမ်း ၇၀၀ နှင့် တနှစ်လျှင် လူနာ ၇၅၀၀၀ ကို ကုသမှု ပေးနေသည်။
လူသိများ ကျော်ကြားသော ဒေါက်တာ စင်သီယာမောင်သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား နယ်မြေများတွင် လူမှုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု စနစ်နှင့် ဗဟိုချုပ်ကိုင်မှု လျော့ကျရေးတို့ အတွက် စည်းရုံးနေသူ တဦးလည်း ဖြစ်သည်။
“တိုင်းရင်းသားဒေသတွေမှာ ကောင်းမွန်ပြီး ထိရောက်တဲ့ ကျန်းမာရေးစနစ်တွေကို ပျိုးထောင်ဖို့ အစိုးရက ရသမျှ ထိန်းချုပ်ထားတဲ့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချဖို့ အရမ်း လိုအပ်နေတယ်။ တိုင်းရင်းသား ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေကို ခန့်ခွဲဖို့ တိုင်းရင်သား ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းတွေကို ဆောင်ရွက်ခွင့် ပေးသင့်တယ်” ဟု ဒေါက်တာ စင်သီယာမောင်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဧရာဝတီသို့ ပြောခဲ့သည်။
ဒေါက်တာ စင်သီယာမောင်သည် သူ၏ ကျော်ကြားမှုကို အသုံးပြုကာ အနောက်နိုင်ငံများအား ပေါ်လစီချမှတ်ခြင်းနှင့် ရန်ပုံငွေ ခွဲဝေသတ်မှတ်ရာတွင် မြန်မာနိုင်ငံ၏ နှစ်လရှည်ကြာ ပြည်တွင်းစစ်ကြောင့် ရွှေ့ပြောင်းခံရသူများနှင့် ဒုက္ခသည်များကို လျစ်လျူရှုထားခြင်း မပြုရန် တိုက်တွန်းသည်။
ဒေါက်တာ စင်သီယာမောက်သည် ဆစ်ဒနီ ငြိမ်းချမ်းရေးဆု၊ အာရှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု နှင့် ရာမွန် မက်ဆေးဆေးဆု အပါအဝင် နိုင်ငံတကာမှ ဆုပေါင်း ၁၄ ဆု ရရှိထားသည်။
ဒေါက်တာ ချစ်သုဝေ
အနုပညာရှင် ချစ်သုဝေသည် စစ်ပွဲများကြောင့် အိုးအိမ်မဲ့ဖြစ်ရသော ရှမ်းပြည်နယ် အလယ်ပိုင်းရှိ စစ်ပြေးရှောင် ဒုက္ခသည် စခန်းများသို့ မကြာသေးခင်က သွားရောက်ခဲ့သည်။ မြန်မာစစ်တပ်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA) တို့ အကြား ဖြစ်ပွားသော စစ်ပွဲများကြောင့် ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သော ချစ်သုဝေက ထပ်မံသွားရောက်ရန် ဆန္ဒရှိသည်။
“ထရီဇာ လက်ကိုင်ထားတာက We Love, We Care, We Share ပေါ့နော်။ တယောက်နဲ့ တယောက် ချစ်ကြမယ်၊ ဂရု စိုက်ကြမယ်၊ တယောက်နဲ့ တယောက် Sharing လုပ်ကြမယ်ဆိုတဲ့ Concepts လေးနဲ့ ထရေဇာတို့ သွားနေတာပါ။ ပရဟိတကိုလည်း ဒီသဘောလေးပဲ၊ လိုအပ်နေတာက စိတ်ဓာတ်၊ ခွန်အား လိုအပ်နေတယ်ဆိုရင် စိတ်ဓာတ် ခွန်အား ပေးလိုက်တယ်။ ငွေကြေး လိုအပ်နေတဲ့ သူတွေဆိုရင် ထရေဇာ တတ်နိုင်တဲ့ ပဏာမကို လှူဒါန်းလိုက်တယ်။ အနုပညာအား လိုအပ်နေတဲ့နေရာဆိုရင် အနုပညာအားကို လှူဒါန်းတယ်” ဟု ချစ်သုဝေက ဧရာဝတီသို့ ပြောသည်။
သရုပ်ဆောင်တယောက်၊ အဆိုတော်တယောက်၊ ဆရာဝန်တယောက်အနေဖြင့် ချစ်သုဝေသည် တကိုယ်ရည် သန့်ရှင်းရေး ပညာပေး အစီအစဉ်၊ ဆပ်ပြာဖြင့် လက်ဆေးခြင်းဖြင့် ရောဂါကာကွယ်ရေး လှုံ့ဆော်မှုများကို စတင်ဆောင်ရွက်ခဲ့သည်။ သူသည် လက်ဆေးခြင်း သံတမန် (Hand-washing Ambassador) အဖြစ် ယမန်နှစ် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အဓိက ထောက်ခံသူတဦးလည်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်မှုတွင်လည်း ပါဝင်လှုပ်ရှားခဲ့သည်။
ဒေါ်နီလာသိန်း
လူ့အခွင့်အရေး မြှင့်တင်ရေးကြိုးပမ်းသူ ဒေါ်နီလာသိန်းသည် လွန်ခဲ့သည့် တနှစ်က ပညာရေး ပြုပြင်ပြောင်းလဲရန် တောင်းဆိုသည့် ကျောင်းသားများကို ထောက်ခံ ဆန္ဒဖော်ထုတ်ခဲ့သောကြောင့် လက်ရှိတွင် အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်။ သူ့ကို အာဏာပိုင်များထံမှ ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ဆန္ဒပြခဲ့သည်ဟုဆိုပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားသည်။
ဤသို့ အကျဉ်းကျခံရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပါ။ ၁၉၉၀ ခုနှစ်များ တလျှောက်တွင်လည်း ဒေါ်နီလာသိန်းသည် မြန်မာနိုင်ငံ၌ ဖိနှိပ်ခံရမှုများအတွက် တိုက်ပွဲဝင်ရန် ရှေ့ဆုံးမှ ပါဝင်ခဲ့ပြီး ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို ထောက်ခံခဲ့သည်။ ထိုလှုပ်ရှားမှုများကြောင့် ယခင် စစ်အာဏာရှင် အုပ်ချုပ်မှုအောက်တွင် ထောင် ၁၀ နှစ်ကျော် ကျခံခဲ့ရသည်။
လက်ရှိတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ အမျိုးသမီးရေးရာဌာန အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသော ဒေါ်နီလာသိန်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဆောင်ရွက်လိုကြောင်း ပြောသည်။
“အောက်ခြေမှာရှိတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့အသိ၊ အမြင်၊ ဗဟုသုတတွေ ကြွယ်ဝလာအောင် သူတို့ရဲ့ အခွင့်အရေးတွေ ကိုယ်တိုင် တောင်းဆိုရဲလာအောင်၊ သူတို့ကို ကာကွယ်နိုင်တဲ့ ဥပဒေတွေ ရှိတယ်ဆိုတာ သိအောင်၊ အဲဒီ ဥပဒေတွေ အသက်ဝင်လာအောင်၊ သူတို့ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အနေအထားတွေ ရောက်အောင် လုပ်ဖို့လည်း အများကြီး လိုအပ်နေပါသေးတယ်” ဟု ဒေါ်နီလာသိန်းက ၂၀၁၄ ခုနှစ်တွင် ဧရာဝတီသို့ ပြောခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)