သမိုင်းဝင် ရှေးဟောင်းဇုန် တခုဖြစ်သော ပုဂံဇုန် ဝင်ကြေး ရရှိငွေ ခွဲဝေချထားရာတွင် တရားမျှတမှု မရှိခြင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(MTF)အား ပုဂံဒေသ ဇုန်ဝင်ကြေး ကောက်ယူခွင့် တင်ဒါ ချထားပေးရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဟု ဆိုပြီး ပုဂံဒေသခံများက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။
မတ်လ ၁၃ ရက်က ပုဂံမြို့သစ် မြို့လယ်ဓမ္မာရုံ၌ ပြုလုပ်သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ကောက်ခံသော ဇုန်ဝင်ကြေးနှင့် ကောက်ခံခွင့် တင်ဒါချထားပေးမှု ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ဒေသခံများက တက်ရောက် ကန့်ကွက်ကြခြင်း ဖြစ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပုဂံဒေသခံ ဧည့်လမ်းညွှန်အသင်း၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပုဂံမိသားစု စက်လှေအသင်း၊ ပုဂံအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၊ E-Bikeလုပ်ငန်း ကူညီရေး၊ ပုဂံဒေသ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၊ မြို့နယ် ထွေအုပ်နှင့် ဟိုတယ်/ခရီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
“ဇုန်ဝင်ကြေးကနေ ၂ ရာခိုင်နှုန်းရတာ ၈ ရာခိုင်နှုန်းရတာကို မကျေနပ်လို့ မဟုတ်ဘူး။ ချမှတ်တဲ့ မူဝါဒနဲ့ ဆုံးဖြတ်ချက် မှားနေတာကို စဉ်းစားပေးဖို့လိုတယ်။ ငွေတောင်းတာ မဟုတ်ဘူး။ အခြားနိုင်ငံတွေလို တန်းတူပေးနိုင်ဖို့၊ တရားမျှတဖို့၊ ပီပြင်တဲ့အဖွဲ့အစည်းကို နိုင်ငံ တော်ကကြားနေပြီး ဖွဲ့စည်းဖို့ကိုလည်း လွှတ်တော်ကိုတြင်််််််််််််််််််််််််််််််််််််ပသွားမယ်”ဟု ပုဂံဒေသဖွံဖြိုး တိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးခင်မောင်နု က ကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။
ပုဂံဒေသဇုန် ဝင်ကြေးကို ပုဂံရှေးဟောင်းဘုရားများ၏ အမွေအနှစ် ထိန်းသိမ်းရန်နှင့် မပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပုဂံမြို့ဟောင်း ၌ နေထိုင်ခဲ့ကြသည့် ဒေသခံပြည်သူများအား ၁၉၉၀ ပြည့်နှစ်တွင် ပုဂံမြို့သစ်သို့ ပြောင်းရွှေ့စေပြီးနောက် ၁၉၉၅ ခုနှစ်အတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက စတင်ကောက်ယူခဲ့ခြင်း ဖြစ်သည်။
ဇုန်ဝင်ကြေး ကောက်ခံခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်နေပြီဖြစ်သော်လည်း ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ် ချထားပေးခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ဇုန်ဝင်ကြေးကို ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသား ဧည့်သည်များထံမှ ကောက်ယူခြင်းဖြစ်ပြီး ယခင်က တစ်ဦးကို အမေရိကန်ဒေါ်လာ ၂၀ ကောက်ခံနေရာမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာကျပ်ငွေနှင့် တဦးလျှင် ကျပ် ၂၅၀၀၀ ကို ယဉ်ကျေးမှုဝန်ကြီး ဌာနက ပြောင်းလဲ ကောက်ခံခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာနက ဇုန်ဝင်ကြေးကောက်ခံသည့် ပုံစံပြောင်းလဲပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(MTF)ကို ပုဂံဇုန်ဝင်ကြေး တရားဝင် ကောက်ခံခွင့်အတွက် တင်ဒါချထားပေးခဲ့ခြင်း ဖြစ်သည်။
ရရှိလာသည့် ဇုန်ဝင်ကြေးအား ပြန်လည်ခွဲဝေမှုပြုရာတွင် တင်ဒါပါ သဘောတူစာချုပ်အရ ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးမှ ၉၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးသွင်းပြီး ကျန် ၁၀ ရာခိုင်နှုန်းကို MTF က ရရှိမည်ဖြစ်သည်။
ထို ၁၀ ရာခိုင်နှုန်းထဲမှ ၂ ရာခိုင်နှုန်းကို ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲသွားရမည်ဟု ခွဲဝေချထားမှုသည် မျှတမှုမရှိသည့် အတွက် ပုဂံဒေသခံများက ကန့်ကွက်ကြခြင်းဖြစ်သည်။
ပုဂံဇုန်ဝင်ကြေး ခွဲဝေခြင်းနှင့် ပတ်သက်ပြီး ပုဂံမြို့ဟောင်းမှ မြို့သစ်သို့ ရွှေ့ပြောင်းပေးခဲ့ရသည့် ဒေသခံတဦးဖြစ်သူ ဒေါ်မို့မို့အောင်က “ ဇုန်ဝင်ကြေး စတင်ကောက်တဲ့ အချိန်ကနေ အခုချိန်အထိ အထောက်အပံ့ မရှိခဲ့ဘူး။ အခုရရှိတော့မယ် ဆိုတော့ ဒေသဖွံ့ဖြိုးတိုးတက် လာမယ်ဆိုပြီး ဝမ်းသာတယ်။ နိုင်ငံတကာစံနှုန်းအတိုင်း ရာနှုန်းပြည့် အခွင့်အရေး လိုချင်တယ်။ ဘုရားပြုပြင်ပေးရုံ၊ လမ်းကောင်းရုံ၊ ပလတ်စတစ်ကင်းရုံနဲ့ ပုဂံဒေသကြီး တိုးတက်လာမယ်လို့ မထင်ဘူး။ အခု ကျမတို့ဒေသ မှာ ကျန်းမာရေးမကောင်းရင် မန္တလေး (သို့မဟုတ်) ရန်ကုန်ကို သွားကုနေရတယ်။ ကလေးတွေအတွက် အားကစားကွင်းလည်း မရှိဘူး။ ပညာရေး၊ ကျန်မာရေး၊ စီးပွားရေး၊ အားလုံးနိမ့်ကျနေတယ်”ဟု ပြောသည်။
ပုဂံဒေသခံ မြို့မိ မြို့ဖ တဦးဖြစ်သူ ဦးရဲမြင့်ကလည်း“အာဆီယံနိုင်ငံမှာ ဝင်ကြေးကနေ ဒေသဖွံ့ဖြိုးရေးကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ပေး ထားတယ်။ MTFက ၈ ရာခိုင်နှုန်း ယူတယ်ဆိုတာ လုယုတဲ့ သဘောပါ။ အာဆီယံနိုင်ငံတွေကို သွားဖူးတဲ့သူတွေ သိပါတယ်”ဟု ပြော ဆိုသည်။
ယခင်က ပုဂံဒေသ ဇုန်ဝင်ကြေးများကို ယဉ်ကျေးမှုဝန်ကြီးမှုဌာနက တာဝန်ယူလာခဲ့ရာတွင် ကောက်ခံရရှိသော ငွေကြေးများကို ပုဂံဒေသ ဖွံဖြိုးရေးအတွက် ပြန်လည်ခွဲဝေပေးခြင်းမျိုး မရှိခဲ့ကြောင်း၊ နိုင်ငံတော်မှ ချပေးသည့် ဘက်ဂျက် အနည်းငယ်ဖြင့်သာ လုပ် ကိုင် ခဲ့ရသည့်အတွက် ဘက်ဂျက်လုံလောက်စွာ မချပေးနိုင်ခဲ့ခြင်းကြောင့် ပုဂံဒေသတွင်းရှိ မြောက်များစွာသော ဘုရားများကို ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်း အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းဌေးက ပြောသည်။
“မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ရရှိတဲ့ငွေကနေ ၂ ရာခိုင်နှုန်းကို ပုဂံဒေသသန့်ရှင်း သာယာလှပရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့ ခွဲဝေပေးမယ်ဆိုတော့ ဒါက ဘုရားတဆူတောင် ပြင်ဖို့မရှိပါဘူး”ဟု ရှေးဟောင်းသုတေသန ဌာနတွင်လည်း ၁၁ နှစ်ခန့် လုပ်ကိုင်ခဲ့သည့် ဦးသန်းဌေးက ပြောဆိုသည်။
၂၀၁၅ ခုနှစ်တွင် ပုဂံဒေသသို့ ဝင်ရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသားခရီးသည် အရေအတွက်သည် ၂ သိန်းခွဲ နီးပါး(၂၄၇,၁၄၀) ရှိခဲ့ပြီး စုစုပေါင်း ကောက်ခံရရှိငွေသည် ကျပ်သိန်းပေါင်း ၆ သောင်းကျော် ရရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(MTF) မှတ်တမ်းတွင် ဖော်ပြထားသည်။
အထက်ပါ ခရီးသွားဝင်ရောက်မှုမှ ရရှိထားသည့် ဇုန်ဝင်ကြေးပေါ်တွင် အခြေခံ၍ တွက်ချက်ကြည့်မည်ဆိုပါက ၉၀ ရာခိုင်နှုန်းဖြစ် သည့် ကျပ်သိန်းပေါင်း ၅၅,၀၀၀ ကျော်ကို နိုင်ငံတော်အစိုးရသို့ ပေးသွင်းရပြီး ၁၀ ရာခိုင်နှုန်းရယူမည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (MTF) က ကျပ်သိန်းပေါင်း ၆,၀၀၀ ကျော်ရရှိမည့် ဝင်ငွေမှ ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲမည့် ၂ ရာခိုင်နှုန်းတွင် ကျပ်သိန်းပေါင်း ၁,၂၀၀ ကျော်သာ ရရှိနိုင်မည်ဖြစ်သည်။
ပုဂံဒေသမှ အကျိူးခံစားခွင့် နည်းပါးသည့် ဇုန်ဝင်ကြေးနှင့် ပွင့်လင်းမြင်သာမှုမရှိသော တင်ဒါချထားပေးမှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွွဲသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းကို တရားဝင် ရှင်းလင်းပေးနိုင်ရန် ဖိတ်ကြားခဲ့သော် လည်း တက်ရောက်လာခြင်း မရှိပေ။
ပုဂံဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းမှ ဦးဇော်ဝိတ်ကလည်း “ကျနော်က သူတို့အဖွဲ့ဝင်တော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီအကြာင်းနဲ့ ပတ်သက်ရင်၂၀၁၃ ခုနှစ်ကတည်းက ယဉ်ကျေးမှုဝန်ကြီးဌာနက တင်ဒါတွေ ခေါ်ခဲ့ချိန်မှာ MTFက တင်ဒါ အောင်သွားပါတယ်။ ကျန် တဲ့ အဖွဲ့တွေက မအောင်မြင်ခဲ့ဘူး သို့သော် အဲဒီနှစ်မှာ အကြောင်းရှိမလားတော့ မသိပါဘူး။ ကျနော် နားလည်တာက လွှတ်တော်က ဒါကို ကောက်ခွင့်ချထား မပေးခဲ့ပါဘူး။ သို့သော် ယခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ လွှတ်တော်က တင်ဒါအောင်တဲ့ MTFက ကောက် ခွင့်ရခဲ့ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(MTF)ကို ယဉ်ကျေးမှု ဝန်ကြီးဌာနက တင်ဒါချပေးရာတွင် အလျင်စလို လွှဲပြောင်းပေး လိုက်သည့် သဘောဖြစ်နေ၍ ပြန်လည်သုံးသပ်ရန် လိုအပ်နေသည်ဟု ဒေသခံများကလည်း ပြောဆိုကြသည်။
ဇုန်ဝင်ကြေး ကောက်ခံရန် တင်ဒါရရှိခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (MTF) ကို၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
MTF သည် ဟိုတယ် လုပ်ငန်းရှင်များ အသင်း၊ ခရီးသွားလုပ်ငန်းရှင်များ အသင်း၊ ခရီးသွားဈေးကွက် ရှာဖွေရေး အသင်း၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း စသည်တို့ပါဝင်သော အဖွဲ့ ၁၁ ဖွဲ့ ဖြင့် ဖွဲ့စည်း ထား သည့် ပုဂ္ဂလိက အဖွဲ့အစည်းတခု ဖြစ်သည်။
ပုဂံဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီး ဌာန အနေဖြင့် ကြိုးစားဆောင်ရွက်နေသော်လည်း ရှေးဟောင်းစေတီ ပုထိုးများကြားတွင် ဟိုတယ်များနှင့် ဂေါက်ကွင်းများ ဆောက်လုပ်ခဲ့သည့်အတွက် အခက်အခဲ ကြုံနေရသည်။
လက်ရှိချိန်၌ ပုဂံဒေသတွင် ထိန်းသိမ်း ပြုပြင်ရန်လိုအပ်နေသည့် ရှေးဟောင်းစေတီ အဆောက်အအုံပေါင်း ၃၀၀၀ ခန့် ရှိကြောင်း သိရသည်။ ။