ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။
ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။
အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြ လိုက်ပါသည်။

ဒေါ်တင်အိ
၃၅ နှစ်တာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကြောင်းခဲ့သည့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဒေါ်တင်အိသည် မြန်မာနိုင်ငံ မွန်ပြည်နယ် လွှတ်တော်တွင် ပထမဆုံး အမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ဒီမိုကရေစီ ရရှိရေး မဆုတ်မနစ် ကြိုးပမ်းခဲ့သော အသက် ၇၀ အရွယ် ဒေါ်တင်အိက မွန်ပြည်နယ်တွင် ဥပဒေရေးရာ ပြုပြင် ပြောင်းလဲရေးအတွက် ၎င်းတာဝန်ကို အသုံးပြုကာ အားပေးထောက်ခံသွားမည်ဟု ပြောသည်။ လက်ရှိတွင်လည်း ယခင် ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သော ဥပဒေများနှင့် အတည်မပြုရသေးသော ဥပဒေများကို ပြန်လည် သုံးသပ်လျက်ရှိသည်။
“ဥပဒေက အုပ်ချုပ်သူတွေအတွက် မဟုတ်ဘူး။ ပြည်သူလူထုရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ့် ဥပဒေမျိုးတွေ၊ ပြည်နယ် ကောင်းစားစေဖို့ လုပ်မယ်” ဟု ဒေါ်တင်အိက ဧရာဝတီသို့ ပြီးခဲ့သည့်လက ပြောသည်။
၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် တယောက်ဖြစ်သော ဒေါ်တင်အိ၏ ပထမဆုံး အတွေ့အကြုံက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မွန်အမျိုးသား ဒီမိုကရက်တစ် တပ်ဦးမှ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သည်။
NLD အစိုးရသည် အုပ်ချုပ်မှုစနစ်အပြင် ပြည်သူလူထု၏ စိတ်ဓာတ်ကို ပြောင်းလဲရန် အခွင့်အရေး တရပ်ဖြစ်ကြောင်း ဒေါ်တင်အိက ရှုမြင်သည်။
“ကျမတို့ရဲ့ စိတ်ဓာတ်တွေကို ပြောင်းရပါမယ်။ ဒီမိုကရေစီစနစ်နဲ့အညီ နေထိုင်ရပါမယ်” ဟု ဒေါ်တင်အိက ဆိုသည်။
(ရင်စနိုင်း ရေးသားသည်)

ဒေါ်ဇင်မာအောင်
ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီ၏ ရွေးကောက်ခံ လွှတ်တော်အမတ် တယောက် ဖြစ်မလာခင်ကတည်းက ဒေါ်ဇင်မာအောင်သည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တယောက်အနေဖြင့် ထောင် ၁၁ နှစ် ကျခံခဲ့ရသည့်အတွက် လူသိများခဲ့သည်။
အသက် ၄၀ အရွယ် ဒေါ်ဇင်မာအောင်သည် လက်ရှိတွင် ပြည်သူ့လွှတ်တော်၌ ရန်ကင်းမြို့နယ် ကိုယ်စားပြု တက်ရောက်နေပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီတွင်လည်း အဖွဲ့ဝင်တယောက်အဖြစ် တာဝန် ထမ်းဆောင်နေသည်။
လွှတ်တော်တွင်း အချေအတင် ဆွေးနွေးမှုတခုတွင် ဒေါ်ဇင်မာအောင်က မူးယစ်ဆေးဝါး အမြစ်ပြတ် သုတ်သင်ရှင်းလင်းရေး အစီအစဉ်အား ပြန်လည် ဆန်းစစ်ရန် အစိုးရကို တိုက်တွန်းခဲ့သည်။ “မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမရဘူး။ ဒါပေမယ့် မူးယစ် ဆေးဝါးတွေက လွယ်လွယ်ကူကူ ရနေတယ်” ဟု လည်း ဒေါ်ဇင်မာအောင်က ထောက်ပြခဲ့သည်။
ကိုးကွယ်ရာ ဘာသာမတူသူချင်း ထိမ်းမြားလက်ထပ်ခြင်းကို အဓိက တားမြစ်ထားသော အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေကို ဝေဖန်ပြောကြားခဲ့သည့်အတွက် အစွန်းရောက် အမျိုးသားရေး အဖွဲ့အစည်းများက ဒေါ်ဇင်မာအောင်အား ဆဲရေးတိုင်းထွာသော အီးမေးလ်များ ပို့ခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။
“ဒီ ဥပဒေကြမ်းကို လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေကြမ်းက အမျိုးသားရေးနဲ့ ဘာသာရေး အစွန်းရောက် ဝါဒတွေအပေါ်မှာ အခြေခံထားတယ်။ ပြီးတော့ လူဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ကို ဝင်စွက်ဖက်သလို ဖြစ်နေတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
ဒေါ်ဇင်မာအောင်သည် ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ဆီ ဦးတည်နေချိန် အမျိုးသမီးများ ပါဝင်ရေးကို အားပေးရန်အတွက် Rainfall အဖွဲ့အစည်းကိုလည်း တည်ထောင်ခဲ့သည်။
လူ့အခွင့်အရေးအတွက် အချိန်အတော်ကြာ လှုပ်ရှားခဲ့သည့်အတွက် ဒေါ်ဇင်မာအောင်သည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု (International Woman of Courage) ဆုကို ချီးမြင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ကမ္ဘာ့လူငယ် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
(စမ်းယမင်းအောင် ရေးသားသည်)

ဒေါ်သန္တာ
၂၀၁၄ ခုနှစ်တွင် တပ်မတော်မှ ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခဲ့သော သူ၏အမျိုးသား ကိုပါကြီးနှင့် ပတ်သက်၍ အမှန်တရားအတိုင်း ဖြစ်စေရန် တောင်းဆို ဆောင်ရွက်မှုများကြောင့် ထင်ရှားလာသူ ဒေါ်သန္တာသည် ယခင်ကတည်းကပင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တယောက် ဖြစ်သည်။
သူသည် တရားမျှတမှု၊ အမျိုးသမီး အခွင့်အရေးနှင့် လယ်ယာမြေ သိမ်းဆည်းမှု ကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက်မှုများကြောင့် ထင်ရှားပြီး အမျိုးသမီးများနှင့် ငြိမ်းချမ်းရေး ကွန်ရက်ကို ပူးတွဲတည်ထောင်ခဲ့သူ တဦး ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဒေါ်သန္တာသည် ပြည်သူ့လွှတ်တော် အမတ်တယောက် ဖြစ်လာပြီး ပြီးခဲ့သည့်လတွင် လွှတ်တော်၏ နိုင်ငံသားများ၏ မူလအခွင့်အရေး ကော်မတီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။
“အခုတော့ အခွင့်အရေးတွေ ပိုရလာတော့မယ်လို့ ထင်တယ်။ နိုင်ငံသား အခွင့်အရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနတို့၊ တရားရေးတို့နဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုးပေါ့” ဟု လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ကော်မတီအဖွဲ့ဝင် အဖြစ် ခန့်အပ်ခြင်းခံရခြင်းနှင့် ပတ်သက်ပြီး ဒေါ်သန္တာက ပြောသည်။
ဒေါ်သန္တာ၏ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်သည်ဟု ယူဆခြင်းခံရသည့် စစ်သားနှစ်ယောက်အား စစ်ခုံရုံးက လွှတ်ပေးခဲ့သော်လည်း အမှန်တရားကို ဖော်ထုတ်ပေးရန် သူ၏ တောင်းဆိုမှုများကြောင့် နောက်ပိုင်းတွင် သတင်းထောက် ကိုပါကြီးမှာ တပ်မတော်မှ ထိန်းသိမ်းထားစဉ်အတွင်း သေနတ်ဖြင့် ပစ်ခြင်းခံခဲ့ရကြောင်း တပ်မတော်၏သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ဝန်ခံခဲ့ရသည်။
“ကျမ အမျိုးသားအတွက် တရားမျှတမှုကို ရှာဖွေပေးနိုင်မယ်ဆိုရင်၊ သူ့လိုမျိုး လူမသိသူမသိ အသတ်ခံလိုက်ရတဲ့ သူတွေအတွက် အမှန်တရား ပေါ်ပေါက်လာမယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ နောက်ထပ်မဖြစ်အောင် ကျမတို့ ကာကွယ်နိုင်ပါလိမ့်မယ်” ဟု ဒေါ်သန္တာက ပြောခဲ့ဖူးသည်။
(ကျော်ဖြိုးသာ ရေးသားသည်)
(ဆက်လက်ဖော်ပြပါမည်)