ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။
ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။
အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြ လိုက်ပါသည်။
ဂျာနန် လထော
ဂျာနန် လထောသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသော အမျိုးသမီး အနည်းစုထဲမှ တဦးဖြစ်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ဒေသတွင်း ဖွံဖြိုးရေးနှင့် ငြိမ်းချမ်းရေး အထောက်အကူပြု အဖွဲ့အစည်း တခုဖြစ်သည့် ငြိမ်းဖောင်ဒေးရှင်း၏ ဒါရိုက်တာ တယောက်ဖြစ်သည့် ဆရာမ ဂျာနန်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အထောက်အကူပြု အကြံပေးအဖြစ် လုပ်ကိုင်နေသူ အနည်းငယ်ထဲတွင် ပါဝင်သည်။
သူ၏ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ယမန်နှစ်က ငြိမ်းချမ်းရေးလှုပ်ရှားသူများအား ဂုဏ်ပြုသည့် ထင်ရှားသော ဆုတခုဖြစ်သည့် N-Peace Award ကို ရရှိခဲ့သည်။
၁၉၆၅ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့ပြီး ပြည်ပ၌လည်း ပညာသင်ကြားခဲ့သော ဂျာနန်သည် သူ့ဖခင်၏ ခြေရာကို နင်းနိုင်သူလည်း ဖြစ်သည်။ သူ့ဖခင်သည် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုန်းတော်ကြီးတပါးဖြစ်ပြီး KBC အသင်းချုပ်၏ ညွှန်ကြားရေးမှူးချုပ်ဟောင်းနှင့် ငြိမ်းဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ဂျာနန်၏ ဖခင် ဆဘွဲဂျုံ နှင့် သူ၏ညီသည် ၁၉၉၄ ခုနှစ်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အပစ်ခတ်ရပ်စဲရေး သဘောတူ ညီချက်ရရန် အဓိက စေ့စပ်ပေးခဲ့သူများ ဖြစ်သည်။
ြငိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကြားဝင်စေ့စပ်ပေးတဲ့ အလုပ်ဆိုတာ `မိသားစုအမွေလိုပါပဲ’ ဟု ဂျာနန်က ဆိုသည်။
(ငြိမ်းငြိမ်း ရေးသားသည်)
မဖြိုးဖြိုးအောင်
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင် ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်လှုပ်ရှားခဲ့သည့်အတွက် လက်ရှိတွင် တရားရင်ဆိုင်နေရသော မဖြိုးဖြိုးအောင်သည် ပဲခူးတိုင်း လက်ပံတန်းမြို့ ဆန္ဒပြကျောင်းသားများ စခန်းချနေထိုင်သော ဘုန်းကြီးကျောင်းအတွင်း ရဲတပ်ဖွဲ့များ၏ နှိမ်နင်းမှုအတွင်း ယမန်နှစ် မတ်လ ၁၀ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၏ အတွင်းရေးမှူး တဦးဖြစ်သော အသက် ၂၇ နှစ်အရွယ် မဖြိုးဖြိုးအောင်သည် ကျောင်းသားအရေး လှုပ်ရှားသူ ခင်ပွန်းဖြစ်သူ ကိုလင်းထက်နိုင် နှင့်အတူ လက်ပံတန်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့်အတွက် အမှု ၅ ခုဖြင့် တရားစွဲဆိုခံထားရပြီး အများဆုံး ထောင်ဒဏ် ၉ နှစ်ခွဲ ပြစ်ဒဏ်ကျခံရနိုင်ပါသည်။
ထို့ပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ကို ပြန်လည်စု ဝေးရန် ကြိုးစားခဲ့သည့်အတွက် ၃ နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ အဖွဲ့များက မကြာခင် အာဏာစွန့်လွှတ်ရတော့မည့် သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးခဲ့သော်လည်း အစိုးရသည် ဆန္ဒပြကျောင်းသားများအား တရားစွဲဆိုမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း မဖြိုးဖြိုးအောင်က ပြောသည်။
“လက်ရှိအစိုးရ မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေ တပုံကြီးကို နောက်တက်လာမည့် အစိုးရလက်ထဲ ထည့်ပြီး သွားတော့မယ်။ သူတို့က ကျမတို့ အမှုကို ပိုပြီး ရှုပ်ထွေးအောင် ရည်ရွယ်ပြီး လုပ်နေတာပါ” ဟု ဖေဖော်ဝါရီလက ဧရာဝတီသို့ ပြောသည်။
အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြခြင်းနှင့် ပတ်သက်သည့် တရားရင်ဆိုင်နေရသော ဆန္ဒပြကျောင်းသား ၇၀ ကျော်မှာ သာယာဝတီထောင်တွင် ကျန်ရှိနေသေးသည်။
(Sally Kantar ရေးသားသည်)
ဒေါ်နန်းခင်ထွေးမြင့်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၏ ရွေးကောက်ခံ ကိုယ်စားလှယ်တဦးဖြစ်သော ဒေါ်နန်းခင်ထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦး ဖြစ်သည်။ မကြာသေးခင်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးအတွက်လည်း ဒေါ်နန်းခင်ထွေးမြင့်သည် ရှေ့ဆုံးမှ ရေပန်းစားလျက်ရှိခဲ့သည်။
အသက် ၆၂ အရွယ် နိုင်ငံရေးသမားဖြစ်သော ဒေါ်နန်းခင်ထွေးမြင့်က အသက် ၁၉ နှစ်အရွယ်တွင် ပထမဆုံး အကျဉ်းကျခံခဲ့ရပြီး လွန်ခဲ့သောနှစ် ၄၀ တလျှောက်တွင် အင်းစိန်ထောင်နှင့် မော်လမြိုင်ထောင်တို့၌ အကြိမ်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရသည်။
ကရင်ပြည်နယ် အကြီးအကဲဟောင်း တဦးဖြစ်သာ ဒေါက်တာ စောလှထွန်း၏ သမီးဖြစ်သူ တယောက်အနေဖြင့် ဒေါ်နန်းခင် ထွေးမြင့်သည် မိသားစု စကားဝိုင်းများကြားတွင် ဖယ်ဒရယ်ဝါဒ၊ နိုင်ငံရေးနှင့် တိုင်းရင်းသား သမိုင်းကြောင်း စသည့် ဗဟု သုတများဖြင့် ကြီးပြင်းခဲ့သည်။
ယနေ့တွင် ဒေါ်နန်းခင်ထွေးမြင့်က ဖခင်ဖြစ်သူ၏ အလုပ်ဖြစ်သော တိုင်းရင်းသား အခွင့်အရေးနှင့် တန်းတူညီမျှရေးတို့ကို အမွေဆက်ခံသူတဦး ဖြစ်လာသည်။
“ဖက်ဒရယ်ဝါဒကို အခြေပြုပြီး ဒီမိုကရေစီနိုင်ငံ တနိုင်အဖြစ် ထူထောင်ဖို့ ဆုံးဖြတ်ထားတဲ့အခါ ကျမ နိုင်ငံရေးလောကမှာပဲ ဆက်ပြီး အလုပ်လုပ်သွားမှာပါ ” ဟု ဒေါ်နန်းခင်ထွေးမြင့်က ဧရာဝတီသို့ပြောသည်။
“အမျိုးသမီးတွေက ပိုပြီး သည်းခံနိုင်တယ်။ ပြီးတော့ စိန်ခေါ်မှုတွေကိုလည်း ကောင်းကောင်းဖြေရှင်းနိုင်တယ်” ဟု ဒေါ်နန်းခင်ထွေးမြင့်က အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
“လိုအပ်လာတဲ့အချိန်မှာ အသုံးချနိုင်ဖို့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းရည် အရည်အချင်းတွေကို မြှင့်တင်ပြီး ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်အောင်လုပ်ပါ။ အဲဒါက အရေးကြီးပါတယ်” ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
(ငြိမ်းငြိမ်း ရေးသားသည်)