အမြဲတမ်းတပ်ဖွဲ့တွင် ဖြစ်စေ အရံတပ်ဖွဲ့တွင် ဖြစ်စေ အမေရိကန် စစ်တပ်တွင် အမှုထမ်းသူများသည် “ကျွန်ုပ်သည် အမေ ရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေကို ပြည်တွင်း၊ ပြည်ပ ရန်သူများ ရန်မှ စောင့်ရှောက်ကာကွယ်ပါမည်။ အခြေခံဥပဒေနှင့် နိုင်ငံအပေါ် သစ္စာစောင့်သိရိုသေပါမည်။ အမေရိကန် ပြည်ထောင်စု သမ္မတ၏ အမိန့်နှင့် အထက် အရာရှိများ၏ အမိန့်ကို တပ်မတော် ဥပဒေနှင့် ကျင့်ဝတ်စည်းမျဉ်းများနှင့် အညီ လိုက်နာမည်ဟု အလေးအနက် သစ္စာပြု ပါသည်” ဟု သစ္စာဆိုရပါသည်။
National Guard တပ်ဖွဲ့ဝင်များလည်း အလားတူ သစ္စာဆိုရသည်။ ၎င်းတို့က သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်များကို နာခံပါမည်ဟုလည်း ထည့်သွင်း ကတိသစ္စာပြုရပါသည်။
Officer အရာရှိ တာဝန်ထမ်းဆောင်ရမည့်သူများသည်လည်း “ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေကို ပြည်တွင်း၊ ပြည်ပ ရန်သူများ ရန်မှ စောင့်ရှောက် ကာကွယ်ပါမည်။ အခြေခံဥပဒေနှင့် နိုင်ငံအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ အဆိုပါ တာဝန်များကို ယုံမှားသံသယ ကင်းစွာဖြင့် ဦးလည်မသုန် ထမ်းဆောင်သွားပါမည်၊။ ကျွန်ုပ် ဝင်ရောက် လုပ်ကိုင်တော့မည့် ဌာန၏ တာဝန်များကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်သွားပါမည်ဟု အလေးအနက် သစ္စာပြုပါသည်” ဟု သစ္စာဆိုကြရပါသည်။
စစ်တပ်၏ စည်းကမ်းနှင့် စွမ်းဆောင်ရည်က အမိန့်နာခံခြင်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ စစ်တပ်သို့ ဝင်ရောက်လာသူများကို အမိန့် နာခံရန်၊ အထက်လူကြီးများ၏ အမိန့်ကို ပြန်လည်မေးခွန်း မထုတ်ဘဲ အလျှင်အမြန် ဆောင်ရွက်ရန် လေ့ကျင့်ရေးစခန်းသို့ စတင်ရောက်ရှိလာသည့် နေ့ကတည်းက သင်ကြားပေးခဲ့ကြသည်။
အထက်အရာရှိများ၏ ဥပဒေနှင့် အညီထုတ်ပြန်သော အမိန့်များကို မလိုက်နာသူများ အတွက် ဆိုးရွာသော နောက်ဆက် တွဲများ ရှိနေသည်။ စစ်ဘက်ဆိုင်ရာ ဥပဒေ (Uniform Code of Military Justice ) ပုဒ်မ ၉၀ တွင် အထက်အရာရှိ၏ အမိန့်ကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ခြင်းကို ရာဇဝတ်မှု အဖြစ်သတ်မှတ်ထားသည်။ အရာရှိမဟုတ်သည့် အကြပ်များ၊ အရာခံများ၏ အမိန့်ကို မနာခံခြင်းသည်လည်း ရာဇဝတ်မှု ဖြစ်သည်ဟု ပုဒ်မ ၉၁ တွင် ပြဌာန်းထားသည်။ ပုဒ်မ ၉၂ တွင်မှု ဥပဒေနှင့် အညီထုတ်ပြန်သည့် အမိန့်မှန်သမျှကို (ရည်ရွယ်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ) မနာခံပါက ပြစ်မှုမြောက်ကြောင်း ဖော်ပြထားသည်။
စစ်ပွဲဖြစ်နေချိန်တွင် အထက်အရာရှိ၏ အမိန့်ကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်သူတဦးကို စစ်ဘက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၉၀ အရ သေဒဏ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ပါသည်။
ထိုသို့ ပြဌာန်းထားသည်ကို ကြည့်ခြင်းအားဖြင့် ပေးအပ်လာသော အမိန့်မှန်သမျှကို လိုက်နာဆောင်ရွက်ရန် ဦးတည်ထား သည်ဟု ယူဆနိုင်ပါသည်။ သို့သော်လည်း ထိုသို့ မဟုတ်ပါ။ အဆိုပါ ပုဒ်မများအရ ဥပဒေနှင့် ညီညွတ်သော အမိန့်များကိုသာ လိုက်နာရန် လိုအပ်ခြင်းဖြစ်သည်။ အမိန့်တခုသည် ဥပဒေနှင့် မညီညွတ်ပါက လိုက်နာရန် မလိုအပ်ပါ။ ဥပဒေနှင့် မညီသော အမိန့်ကို လိုက်နာခြင်းကြောင့်လည်း တရားစွဲဆိုခြင်း ခံရနိုင်ပါသည်။ အကယ်၍ အမိန့်သည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိခဲ့လျှင် စစ်သည်များသည် အမိန့်ကို လိုက်နာဆောင်ရွက်ခြင်း ဖြစ်စေကာမူ မိမိတို့ လုပ်ရပ်အတွက် တာဝန်ရှိသည်ဟု စစ်ဘက်ဆိုင်ရာ တရားရုံးများက သတ်မှတ်ထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“အမိန့်ကို လိုက်နာခြင်းသာ ဖြစ်ပါသည်”ဟု ခုခံချေပသော်လည်း မအောင်မြင်ခဲ့သော အမှုရာပေါင်းများစွာ ရှိခဲ့ပါ သည်။ အထင်ရှားဆုံးမှာ ဒုတိယကမ္ဘာစစ်ပြီးသွားပြီးနောက် Nuremberg စစ်ခုံရုံးတွင် စစ်ဆေးခြင်းခံခဲ့ရသော နာဇီခေါင်းဆောင်များ ဖြစ်ကြပါသည်။ အမိန့်ကို လိုက်နာခြင်းဆိုသည့် ခုခံချေပချက်က သူတို့အတွက် သာမက အခြား ရာပေါင်းများစွာသော အမှုများအတွက်လည်း အလုပ်မဖြစ်ခဲ့ပါ။
အမေရိကန် စစ်တပ်တွင် “အမိန့်ကို လိုက်နာခြင်းသာ ဖြစ်ပါသည်” ဟု အရာရှိတဦးက ခုခံကာကွယ်ခဲ့ရာတွင် ပထမဆုံး မှတ်တမ်းဝင်ခဲ့သည့် အမှုမှာ ၁၇၉၉ ခုနှစ်က ဖြစ်သည်။ ပြင်သစ်နှင့် စစ်ပွဲဖြစ်ပွားနေသည့် အချိန်တွင် ကွန်ဂရက်လွှတ်တော် က ပြင်သစ်ဆိပ်ကမ်းများသို့ သွားရောက်မည့် သင်္ဘောမှန်သမျှကို သိမ်းယူရန် ခွင့်ပြုသည့် ဥပဒေတခုကို ပြဌာန်းပေး ခဲ့သည်။ သို့သော်လည်း သမ္မတ John Adams က အမေရိကန် ရေတပ်ကို ထိုသို့ပြုလုပ်ရန် အမိန့်စာထုတ်ပြန်သည့်အခါ ပြင်သစ်ဆိပ်ကမ်းသို့ သွားရောက်မည့် သင်္ဘောများ သို့မဟုတ် ပြင်သစ်ဆိပ်ကမ်းမှ ထွက်ခွာလာသော သင်္ဘောများကို သိမ်းယူရန် အခွင့်အာဏာပေးအပ်ခဲ့သည်။
သမ္မတ၏ အမိန့်ကြောင့် အမေရိကန် ရေတပ် ကပ္ပတိန် တဦးက ပြင်သစ်ဆိပ်ကမ်းမှ ထွက်ခွာလာသော ဒိန်းမတ် သင်္ဘောတစီးကို သိမ်းယူခဲ့သည်။ အဆိုပါသင်္ဘောပိုင်ရှင်များက စစ်သင်္ဘော ကပ္ပတိန်ကို အမေရိကန် ပင်လယ်ရေကြောင်း တရားရုံးတွင် တရားစွဲဆိုခဲ့ရာ သင်္ဘောပိုင်ရှင်များ အနိုင်ရရှိခဲ့သည်။ အမေရိကန် တရားရုံးချုပ်ကလည်း ရေကြောင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ပါသည်။ ရေတပ်အရာရှိများ အနေဖြင့် သမ္မတ၏ အမိန့်များကို လိုက်နာသည့်အခါ အဆိုပါ အမိန့်များက တရားဥပဒေနှင့် အညီ မဖြစ်ခဲ့လျှင် ဖြစ်လာနိုင်သည်များကို ကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆင်ခြင်ဆုံးဖြတ်လုပ်ကိုင်ကြရမည်ဟု ဆုံးဖြတ်ခဲ့သည်။
အမေရိကန် စစ်ဘက်ဆိုင်ရာ တရားရုံးများအတွက် “အမိန့်အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်” ဆိုသည့် ထုချေ လျှောက်လဲချက်များ အများဆုံး ကြုံခဲ့ရသည်မှာ ဗီယက်နမ်စစ်ပွဲ ဖြစ်သည်။ အဆိုပါ အမှုများတွင် ချမှတ်ခဲ့သည့် စီရင်ချက်များက ဥပဒေနှင့် မညီညွတ်ကြောင်း ရှင်းလင်းသိသာသည့် အမိန့်များကို လိုက်နာခြင်းက ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်းကို ခုခံကာကွယ်နိုင်ခြင်း မရှိကြောင်း ထပ်မံအတည်ပြုပေးခဲ့သည်။ “အမေရိကန် ပြည်ထောင်စုနှင့် Keenan” အမှုတွင် Keenan သည် အမိန့်အရ ဗီယက်နမ်လူမျိုး သက်ကြီးရွယ်အို တဦးကို သေနတ်နှင့် ပစ်သတ်ခဲ့သည့် အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ အမေရိကန် စစ်ဘက်အယူခံတရားရုံးက “အမိန့်ကို နာခံခြင်းဖြစ်သည်ဟု ဆုံးဖြတ်ရာတွင် လူသားတယောက်၏ ပုံမှန် အသိဉာဏ်ဖြင့် အဆိုပါအမိန့်သည် ဥပဒေနှင့် မညီကြောင်း၊ တရားမဝင်ကြောင်း သိနားလည်နိုင်သည့် အမိန့်မျိုး အကျုံးဝင်ခြင်း မရှိ” ဟု သတ်မှတ်ခဲ့သည်။ (စိတ်ဝင်စားစရာကောင်းသည်မှာ Keenan ကို အမိန့် ပေးခဲ့သည့် တပ်ကြပ် Luczko ကိုမူ စိတ်မမှန်သူ ဆိုသည့် အကြောင်းပြချက်ဖြင့် အမှုမှ တရားသေလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။)
အထင်ရှားဆုံး အမှုတခုမှာ ၁၉၆၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ဗီယက်နမ် နိုင်ငံတွင် ဖြစ်ပွားခဲ့သော My Lai အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု တွင်ပါဝင်ခဲ့သော ဗိုလ် William Calley ကို စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ William Calley က အထက်အရာရှိများ၏ အမိန့်ကို လိုက်နာခြင်းသာဖြစ်သည်ဟု လျှောက်လဲခဲ့သော်လည်း စစ်ခုံရုံးက ပယ်ချလိုက် ပြီး ၁၉၇၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ထောင်ဒဏ် တသက် ချမှတ်လိုက်သည်။ ဂျော်ဂျီယာ ပြည်နယ် Fort Benning တွင် နေအိမ်အကျယ်ချုပ်ဖြင့် William Calley ၃ နှစ်ခွဲကြာ နေထိုင်ခဲ့ရပြီး နောက်ပိုင်း တွင် သူ့ကို ဖက်ဒရယ် တရားသူကြီး တဦးက ပြန်လွှတ်ပေးခဲ့သည်။
၂၀၀၄ ခုနှစ်တွင် အီရတ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အမေရိကန် စစ်သားအများအပြားက ထောင်သားများနှင့် ထိန်းသိမ်းခံရသူများအပေါ် ကျူးလွန်ခဲ့သည့် အမှုများကို စစ်ခုံရုံးများ စတင်စစ်ဆေးခဲ့ရသည်။ တပ်သား အများအပြားက ၎င်းတို့သည် အမေရိကန် စစ်ထောက်လှမ်းရေး အရာရှိများ၏ အမိန့်ကို နာခံခဲ့ခြင်းသာ ဖြစ်သည်ဟု လျှောက်လဲခဲ့ကြပါသည်။
သူတို့အတွက် ကံမကောင်းသည်မှာ ထိုသို့ ကာကွယ်ခြင်းက မထိရောက်၍ ဖြစ်ပါသည်။ အကျဉ်းသားများကို ကြမ်းတမ်းစွာ ပြုမူခြင်းက နိုင်ငံတကာ ဥပဒေအရရော စစ်ဘက်ဆိုင်ရာ ဥပဒေအရပါ ရာဇဝတ်မှု ဖြစ်ပါသည်။ စစ်ဥပဒေတွင် တပ်ဖွဲ့ဝင်များသည် အမိန့်ကို လိုက်နာဆောင်ရွက်ရသည့် တိုင်အောင် ကျူးလွန်သည့် ပြစ်မှုအတွက် တာဝန်ယူရမည် ဖြစ်ပြီး ဥပဒေနှင့် မညီသော အမိန့်ကို လိုက်နာရန် မလိုအပ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပြီး ဖြစ်သည်။ စစ်သည်တဦးက အမိန့်ကို နာခံခြင်း သို့ မဟုတ် မနာခံခြင်းမှာ သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်ပါသည်။
၁၉၉၅ ခုနှစ်က ဂျာမနီနိုင်ငံ Schweinfurt ရှိ အမေရိကန် တပ်ရင်းတခုတွင် ကျွမ်းကျင်ပညာရှင် အဆင့် ၄ အဖြစ် တာဝန် ထမ်းဆောင်နေသော Michael New သည် နိုင်ငံစုံပါဝင်သော ငြိမ်းချမ်းရေးတပ်ဖွဲ့တခုတွင် ပါဝင်ပြီး မက်ဆီဒိုးနီးယားသို့ သွားရောက်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ သူနှင့် သူ၏ တပ်ဖွဲ့မှ တပ်သားများ အနေဖြင့် ကုလသမဂ္ဂအမှတ် တံဆိပ် ပါဝင်သော သံခမောက်များ နှင့် လက်ပတ်များ ဝတ်ဆင်ရန်လည်း အမိန့်တွင် ပါရှိခဲ့ပါသည်။
Michael Newက အဆိုပါ အမိန့်သည် တရားဝင်အမိန့် မဟုတ်ဟု ယူဆသည့်အတွက် လိုက်နာရန် ညင်းဆန်ခဲ့သည်။ သူ၏ အထက်အရာရှိအများက သဘောမတူခဲ့ပါ။ ထို့ကြောင့် စစ်ခုံရုံးတင်စစ်ဆေးခြင်း ခံခဲ့ရသည်။ ဥပဒေနှင်ညီညွတ်သော အမိန့်ကို လိုက်နာရန် ပျက်ကွက်ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ထောင်ဒဏ်ချမှတ် အပြစ်ပေးခြင်း ခံခဲ့ရသည်။ စစ်ရာဇဝတ်မှုဆိုင်ရာ အယူခံတရားရုံးနှင့် စစ်ဘက်အယူခံ တရားရုံးတို့ကလည်း အဆိုပါအမိန့်ကို အတည်ပြုပေးခဲ့သည်။
အန္တရာယ်ကြီးသည့် စစ်ဆင်ရေးတရပ်တွင် ပါဝင်ရန် အမိန့်တခု ဆိုပါက မည်သို့ရှိမည်နည်း အန္တရာယ်များသည့် စစ်ဆင်ရေး တခုနှင့် ပတ်သက်၍ စစ်တပ်က တရားဥပဒေနှင့် အညီ အမိန့်ပေးနိုင်ပါသလား။ သူတို့ လုပ်နိုင်ပါသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလအတွင်းတွင် South Carolina ပြည်နယ်၊ Rock Hill တွင် အခြေစိုက်သည့် ၃၄၃ ထောက်ပံ့ရေးတပ်ခွဲမှာ စစ်သည် ၁၉ ဦးပါ တပ်စုတစုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အမေရိကန် စစ်တပ်က ကြေညာခဲ့သည်။ အီရတ်နိုင်ငံမှ အန္တရာယ်များသည့် နေရာတခုသို့ ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ပေးရန် ၎င်းတို့က ငြင်းဆန်ခဲ့၍ ဖြစ်သည်။
တာဝန်က အန္တရာယ်များလွန်းသည်ဟု အဆိုပါစစ်သည် အချို့က ယူဆခဲ့ကြကြောင်း မိသားစုဝင်များက ပြောသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ယာဉ်များသည် သံချပ်ကာယာဉ်များ မဟုတ်ကြသလို သွားရောက်ရမည့် လမ်းကြောင်းကလည်း အီရတ်တွင် အန္တရာယ် အများဆုံးတခု ဖြစ်နေသောကြောင့် ဖြစ်သည်။ အစီရင်ခံစာများအရ အဆိုပါစစ်သည်များသည် တာဝန်အတွက် မထွက်ခွာမီပြုလုပ်သည့် အကြိုရှင်းလင်းပွဲသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ကြသည်ဟု သိရသည်။
ထိုအတွက် ၎င်းတို့ကို အပြစ်ပေးနိုင်ပါသလား။ အမှန်တကယ်ပေးနိုင်ပါသည်။ အန္တရာယ် များသော တာဝန်တခုကို ထမ်း ဆောင်ခိုင်းခြင်းက ဥပဒေနှင့် ညီပါသည်။ ရာဇဝတ်မှု ကျူးလွန်ရန် အမိန့်ပေးခြင်း မဟုတ်ပါ။
အကယ်၍ တယောက် သို့မဟုတ် တယောက်ထက်ပိုသော စစ်သားများက အခြားသူများကို အမိန့်မနာခံအောင် သွေးဆောင်ခဲ့လျှင် အာဏာဖီဆန်မှု သို့မဟုတ် တပ်တွင်းပုန်ကန်မှု ဖြစ်သည်ဟု အမေရိကန် စစ်ဘက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၉၄ တွင် ထည့်သွင်းဖော်ပြထားသည်။ စစ်ပွဲမရှိသည့် ကာလတွင်ပင် သေဒဏ်အထိချမှတ်နိုင်သော ပြစ်မှုဖြစ်သည်။
ထို့ကြောင့် နာခံခြင်း၊ မနာခံခြင်းက အမိန့်ပေါ်တွင်သာ မူတည်ပါသည်။ စစ်သည်များက အမိန့်ကို မိမိတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လိုက်နာခြင်း မလိုက်နာခြင်းများ ပြုလုပ်ကြသည်။ ရာဇဝတ်မှုတခုကို ကျူးလွန်ခိုင်းသည့် အမိန့်က ဥပဒေ နှင့် မညီပါ။ မည်မျှ အန္တရာယ်များသည်ဖြစ်စေ စစ်ရေးတာဝန်တခုကို ထမ်းဆောင်ရန် ပေးလာသည့် အမိန့်သည် ရာဇဝတ် မှုတခုကို ကျူးလွန်စေသည့် အမိန့်မျိုး မဟုတ်သရွေ့ ဥပဒေနှင့် ညီသော တရားဝင် အမိန့်ဖြစ်ပါသည်။
(usmilitary.about.com ပါ Rod Powers ၏ Military Orders: To Obey or Not to Obey? ကို ဘာသာပြန်သည်)