ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။
ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။
အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြ လိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်
၁၉၈၈ ခုနှစ် ဆန္ဒပြမှု နောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ပြီးနောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့်အတွက် ပထမဆုံး လူသိများ နာမည်ကျော်ကြားလာခဲ့သည်။
နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ၁၅ နှစ် အပါအဝင် နောက်ထပ်၂၈ နှစ်ကြာသောအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥက္ကဋ္ဌတယောက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးတို့တွင် အပြောင်းအလဲ ဆောင်ယူလာနိုင်သော တစုံတယောက်အဖြစ် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဖြစ်ရန် တားမြစ်ခံထားရသော်လည်း အသက် ၇၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၁ ရက်နေ့တွင် အာဏာလွှဲပြောင်းရယူမည့် အစိုးရသစ်ကို အဓိကအခန်းကဏ္ဍမှ ကိုင်တွယ်ရန် အခွင့်အရေး ရရှိခဲ့သည်။ ထိုအခွင့်အရေးကို အောင်မြင်အောင် ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် “သမ္မတအထက်တွင် ရှိနေလိမ့်မည်” ဟု မကြာခဏ ပြောကြားခဲ့သည်။
ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ချောမွေ့သော အသွင်ကူးပြောင်းမှုတခု အဆင်ပြေစေရန် ကတိပေးခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်၏ “အနာဂတ် ခေါင်းဆောင်” အဖြစ် ရည်ညွှန်းခဲ့သော အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။
(ကျော်ဖြိုးသာ ရေးသားသည်)
ဒေါ်စုစုလွင်
ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသော နိုင်ငံတကာဆက်ဆံရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေသော ဒေါ်စုစုလွင်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကတည်းက လွှတ်တော် အမတ်တဦး ဖြစ်သည်။
ဒေါ်စုစုလွင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကော်မတီ၏ အကြီးအကဲတဦးလည်း ဖြစ်သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသားများ ဆန္ဒပြခဲ့သော ၂၀၁၅ ခုနှစ် မတ်လတွင် အတည်ပြုခဲ့သည့် အငြင်းပွားဖွယ်ရာ အမျိုးသားပညာရေး ဥပဒေကြမ်းကို ရေးဆွဲရာတွင် ပါဝင်ခဲ့သည်။
ဖခင်ဖြစ်သူ ဦးလွင်သည် တပ်မတော်မှ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစ ီအဖွဲ့ချုပ်တွင်လည်း အဓိက ဦးဆောင်ခဲ့သူတဦး ဖြစ်သည်။ ဒေါ်စုစုလွင် မိသားစုသည် ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် အားပေး ထောက်ခံခဲ့သည့်အတွက် နေအိမ် အကျယ်ချုပ် ကျခံရခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး စစ်အာဏာရှင် လက်ထက်တွင် အနီးကပ် စောင့်ကြည့်ခံရခြင်း၊ ပိတ်ဆို့ခံရခြင်းတို့ကို ကြံ့ကြံ့ခံခဲ့ရသည်။
ဒေါ်စုစုလွင်သည် အင်္ဂလိပ်စာ အထူးပြုဘွဲ့ကို ရရှိခဲ့ပြီး ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF တွင်လည်း အလုပ် လုပ်ခဲ့သည်။ ထို့အပြင် လွှတ်တော်၌ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တင်မြှောက်သော ရွေးချယ်ခံသမ္မတ ဦးထင်ကျော်၏ ဇနီးလည်း ဖြစ်သည်။
(ငြိမ်းငြိမ်း ရေးသားသည်)
ဒေါ်ခင်မမမျိုး
ဒေါ်ခင်မမမျိုးသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုနှင့် ကျား၊ မ တန်းတူညီမျှရေး အရေးကြီးသည်ကို ထောက်ခံ ထုတ်ဖော်ပြောဆိုခဲ့သူတဦး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ချောမွေ့စေရန် အထောက်အကူပြုသော မြန်မာ့ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ (MIPSS) တွင် ဒေါ်ခင်မမမျိုးက အမှုဆောင်ဒါရိုက်တာနှင့် တည်ထောင်သူတဦး ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့တို့ နှင့်အတူ ဒေါ်ခင်မမမျိုးလည်း တက်ရောက်ခဲ့ပါသည်။
ဒေါ်ခင်မမျိုးသည် ဂျပန်နှင့် UK တို့တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်မှုဆိုင်ရာတို့ကို လေ့လာသင်ယူခဲ့ကာ အစိုးရနှင့် နိုင်ငံရေးတွင် ကထိကတယောက်၊ ကျွမ်းကျင်သူတယောက် အနေဖြင့် အတွေ့အကြုံ များစွာရှိခဲ့ပြီး နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ လေ့လာမှုတွင် ကျွမ်းကျင်ပညာရှင် တဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ကျား၊ မ တန်းတူညီ မျှရေး၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း ဆောင်ပါးများ ရေးသားခဲ့သည်။
(တင်ထက်ပိုင် ရေးသားသည်)
(ဆက်လက်ဖော်ပြပါမည်)