တပ်မတော်ကတင်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦးဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာရင်းထဲမှာ မပါဝင်ဘဲ နောက်ကြောင်း ရာဇဝင်မှာ အမည်းစက် နည်းတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးများဖြစ်တဲ့ စိန်ဝင်း၊ ကျော်ဆွေနဲ့ ရဲအောင်တို့ဟာ တပ်မတော်မှာ အဆင့်မြင့်ရာထူးတွေကိုယူခဲ့၊ အတွေ့အကြုံတွေကို ရှိခဲ့အပြီးမှာ အခုလက်ရှိ အစိုးရသစ်ရဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ နေရာကို ယူမှာဖြစ်ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ OTS အပတ်စဉ် ၅၄ ဆင်းဖြစ်ပြီး၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်မှာလည်း အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အနေအထိုင် ကျစ်လစ်တယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကိုယ်တိုင် မျက်စိကျသူ ဖြစ်ခဲ့တယ် ဆိုတာပဲဖြစ်ပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီး ရာထူးကို ဆက်ပြီး ထမ်းဆောင်မှာ ဖြစ်ပါတယ်။
နောက်တဦးကတော့ ဒုဗိုလ်ချုပ်ကြီး ရဲအောင်ဖြစ်ပြီး DSA အပတ်စဉ် ၂၃ ဆင်း ဖြစ်ပါတယ်။ စစ်ဥပဒေချုပ်ရာထူးကို ပူပူနွေးနွေး ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားထားသူတဦးလို့ တပ်တွင်းမှာ သတင်းထွက်သူ ဖြစ်ပါတယ်။ သူကတော့ အခုအစိုးရသစ် လက်ထက်မှာ နယ်စပ်ရေးရာဝန်ကြီး တာဝန်ကို ယူမှာဖြစ်ပါတယ်။
အရေးကြီးတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ဦးဆောင်မယ့် ဝန်ကြီးကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေဖြစ်ပြီး DSA အပတ်စဉ် ၂၂ ဆင်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ တိုင်းမှူးတာဝန်ကို ယူခဲ့ဖူးသလို စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ Military Security Affairs ခေါ်တဲ့ စစ်ထောက်လှမ်းရေးမှာလည်း တပ်မတော် စစ်ဘက်ရေးရာ အရာရှိချုပ် အဖြစ် လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒီ ဒုဗိုလ်ချုပ်ကြီး ၃ ဦးကို အမျိုးသားလုံခြုံရေးအား အဓိက တာဝန်ယူရတဲ့ ဝန်ကြီးဌာန ၃ ခုမှာ ရွေးချယ်လိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လို့ သတင်းရပ်ကွက်တွေက သုံးသပ်ကြပါတယ်။ သူတို့ ၃ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံအပေါ် ဘယ်လိုရှိလဲဆိုတာ မသိရပေမယ့် သဘောကတော့ အခြေခံဥပဒေကို ကာမယ့်သူ၊ ကိုယ်တွင်းကို လုံအောင်ထားနိုင်မယ့် သူကိုပဲ ရွေးမှာ အမှန်ပဲဖြစ်ပါတယ်။ အဲဒီထဲက ဗိုလ်ချုပ်ကြီးတွေဆိုရင် အရင်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ သတင်းစာထဲကအတိုင်း စိတ်လိုက်မာန်ပါ ပြောဆိုသုံးစွဲခဲ့တာလို့ ဆိုပါတယ်။
၂၀၀၈ အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနသုံးခုကို တပ်မတော်က တိုက်ရိုက် ခန့်အပ်တာဖြစ်ပါတယ်။ တပ်မတော်က ခန့်အပ်ပြီး အမည်စာရင်းတင်သွင်းခွင့်ရှိတဲ့ နောက်တနေရာကတော့ ဒုတိယ သမ္မတနေရာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို တင်ခဲ့ပါတယ်။ သူဟာ ဒုတိယ သမ္မတ (၁) တာဝန်ကို ဧပြီလမှာ စတင်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ဒုတိယသမ္မတအဖြစ် အတည်ပြုပြီးတဲ့ ဦးမြင့်ဆွေကို တပ်ကရွေးချယ်တာထက် စာရင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ်တယ်လို့ ခန့်မှန်းတွက်ချက်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဦးမြင့်ဆွေဟာ ဦးသန်းရွှေမိသားစုရဲ့ လူယုံဖြစ်သလို တပ်မတော်မှာ အမှုထမ်းစဉ်ကတည်းက နီးနီးကပ်ကပ်နဲ့ ယုံကြည်မူအရဆုံး တပ်မတော်သား အရာရှိ ဗိုလ်ချုပ်ကြီးတဦး ဖြစ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း သူဟာ ရန်ကုန်တိုင်းမှာ တိုင်းမှူးတာဝန်ကို ယူခဲ့ရသလို သမ္မတဦးသိန်းစိန် လက်ထက်မှာ ဝန်ကြီးချုပ်တာဝန်ကို ပြန်ယူခဲ့တယ်။ စစ်ထောက်လှမ်းရေးကို ၂၀၀၄ ခုနှစ်မှာ ဖြိုချစဉ်တုန်းကလည်း တာဝန်ပေးလို့ ကိုယ်တိုင်ပါဝင်ခဲ့ရပါတယ်။
ဒါ့အပြင် သူဟာ ဒုသမ္မတအဖြစ ်ဆက်ခံသူတဦးအပြင် ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ ထိန်းသိမ်းပေးရတယ်လို့ ယုံကြည်ရတဲ့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။
အာဏာရှင်ဟောင်း ဦးသန်းရွှေ မိသားစုဟာ NLD ပါတီ ဦးဆောင်တဲ့ အစိုးရတက်လာရင် လက်စားချေတုံ့ပြန်မှာကို အလွန်စိုးရိမ်သလို သူတို့ရဲ့စီးပွားရေး၊ ပိုင်ဆိုင်မှုတွေကို ရန်ရှာလာမှာကိုလည်း အထူးစိုးရိမ်တာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အခုအစိုးရသစ်မှာ ဦးမြင့်ဆွေကို ပြန်ဆွဲတင်တာလို့ သုံးသပ်လို့ရပါတယ်။
ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် စီနီယာကျပြီး ဦးသန်းရွှေရဲ့ လူယုံတော်ဖြစ်တဲ့အတွက် ဒုတိယသမ္မတအဖြစ် တပ်ကိုယ်စားလှယ်က ရွေးချယ်တာမှာ တပ်ချုပ်ရဲ့သဘောထားက ဘယ်လောက်ပါသလဲ ဆိုတာကတော့ တွေးစရာပဲ ဖြစ်ပါတယ်။
ဦးမြင့်ဆွေကို တင်ခဲ့တာဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ မြင်တယ်ဆိုရင် တပ်မတော်ရဲ့ အနာဂတ်ကို ပုံရိပ်ကောင်းကောင်း တည်ဆောက်မယ့် ဗိုလ်ချုပ်တွေကတော့ ဦးမြင့်ဆွေ ဒုတိယသမ္မတ ဖြစ်လာတာကို ကြိုက်မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် တပ်မတော်ဘက်က ဝန်ကြီးအဖြစ် အပြီးသတ် ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေကို သေသေချာချာ ရွေးချယ်ပြီး လူပြောမခံရအောင် ရွေးလိုက်တာလို့ သုံးသပ်လို့ရပါတယ်။