ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။
ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။
အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြ လိုက်ပါသည်။
မိကွန်ချမ်းနွန်
မိကွန်ချမ်းနွန်သည် မွန်လူမှုအဖွဲ့အစည်းများတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆယ်စုနှစ် ၂ ခု ကျော်ကြာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထိုသို့ အားထုတ်မှုအတွက် N-Peace Award ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
ထို့အပြင် ငြိမ်းချမ်းရေးအတွက်လည်း ထောက်ပံ့အားပေးခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့တို့နှင့် အတူ မိကွန်ချမ်းနွန်သည်လည်း တက်ရောက်ခဲ့သည်။
မွန်အမျိုးသမီးအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ မိကွန်ချမ်းနွန်သည် နိုင်ငံတွင်းနှင့် ထိုင်း-မြန်မာ နယ်စပ်တို့တွင် အမျိုးသမီးရေးရာများကို ဆောင်ရွက်ခဲ့သည်။
မိကွန်ချမ်းနွန်က လူမှုအဖွဲ့အစည်းများအား အမျိုးသမီးများ၏ ဦးဆောင်မှုကို နားလည်လက်ခံရန် တွန်းအားပေးခဲ့ပြီး အမျိုးသမီး တဦးတယောက်ချင်းစီအတွက် နေရာမျှဝေရန် အမျိုးသားများကို တိုက်တွန်းခဲ့သည်။
“ကျမတို့ အမျိုးသမီးတွေက နေရာရဖို့အတွက် ကိုယ့်ကိုနေရာပေးဖို့ စောင့်နေရတယ်။ ဒါပေမယ့် ကျမတို့လုပ်နိုင်မယ်။ လုပ်ဖို့ ဖြစ်နိုင်တယ်ဆိုရင် ကျမတို့ဘက်က တောင်းဆိုရမယ်” ဟု မိကွန်ချမ်းနွန်က ဧရာဝတီသို့ ပြောသည်။
(ငြိမ်းငြိမ်း ရေးသားသည်)
ဒေါ်ဝင်းဝင်းတင့်
မြန်မာနိုင်ငံတွင် အကြီးဆုံး လက်ကား အရောင်းလုပ်ငန်းဖြစ်သော City Mart Holdings ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်သည် ယမန်နှစ် မတ်လက Forbes မဂ္ဂဇင်းတွင် ဖော်ပြသော သြဇာရှိ အာရှအမျိုးသမီး လုပ်ငန်းရှင်ဦးရေ ၅၀ စာရင်းတွင် ပါဝင်ခဲ့သည်။ မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တဦး ပထမဆုံးအနေဖြင့် စာရင်းဝင်ခဲ့ခြင်းလည်း ဖြစ်သည်။
စင်ကာပူနိုင်ငံတွင် စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာရပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကာ အသက် ၂၁ နှစ်အရွယ်တွင် ဒေါ်ဝင်းဝင်းတင့်က မိသားစုပိုင်လုပ်ငန်းကို လွှဲပြောင်း တာဝန်ယူခဲ့သည်။ ဒေါ်ဝင်းဝင်းတင့်သည် သဘာ၀ ဘေးအန္တရာယ်နှင့် ဗုံးပေါက်ကွဲမှု အပါအဝင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကြိုးစားခဲ့ရသည်။ လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ကုန်တိုက်ကြီးများ အပါအဝင် တခြားကုန်တိုက်ကြီး ၁၅ ခုကျော်ကို ဖွင့်လှစ်ရန် ဆောင်ရွက်လျက် ရှိသည်။
၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ကမ္ဘာ့လူငယ် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ASEAN Business Awards ၏ အမျိုးသမီး စီးပွားရေး ထူးချွန်ဆုကိုလည်း ရရှိခဲ့ပါသည်။
အကယ်၍ စူပါမားကက်များနှင့် ၂၄ နာရီဝယ်ယူနိုင်သော စတိုးဆိုင်များ (Convenience stores) က ၂၁ ရာစု လူနေမှုဘဝ၏ ထင်ရှားသော အမှတ်အသားတချို့ ဖြစ်လာခဲ့လျှင် ဒေါ်ဝင်းဝင်းတင့်သည် မြန်မာနိုင်ငံ၏ ခေတ်သစ် ထင်ရှားသူများအနက်မှ တယောက်ဖြစ်လာပါလိမ့်မည်။
(စမ်းယမင်းအောင် ရေးသားသည်)
ဒေါ်ယဉ်မျိုးစု
ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန် ကုန်းမြေပေါ်တွင် တည်ရှိသော ညောင်ရွှေမြို့ရှိ မိသားစုပိုင် တည်းခိုခန်းငယ်၌ ဒေါ်ယဉ်မျိုးစုသည် ငယ်စဉ်ကတည်းက ကမ္ဘာလှည့် ခရီးသွားများအား ရိုးရာအကဖြင့် တင်ဆက်ဖျော်ဖြေခဲ့သည်။
အသက် ၄၄ နှစ်အရွယ် ဒေါ်ယဉ်မျိုးစုက လက်ရှိအခါတွင် အင်းလေး အပန်းဖြေစခန်းတခုနှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးရှိ အပန်းဖြေစခန်းတခုတို့၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သည်။ ရှမ်းပြည်နယ်တွင် ခရီးသွားဝန်ဆောင်မှု လေ့ကျင့်ပေးသည့် သင်တန်းတခုကိုလည်း တည်ထောင်သူဖြစ်သည်။ ထို့အပြင် ဒေါ်ယဉ်မျိုးစု၏ Inthar Heritage Foundation က ဒေသတွင်း အင်းလေးရိုးရာနှင့် အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် ကြိုးစားခဲ့သည်။
“ကျမတို့ရဲ့ ဘိုးဘွားတွေဆီကနေ အင်းလေးကန်ကို အမွေရခဲ့တယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ရရှိခဲ့တဲ့အမွေကို နောက်မျိုးဆက်သစ်တွေ လက်ထဲ လွှဲပေးဖို့က ကျမ တာဝန်ပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာလို တိုးတက်မှု အနည်းငယ်တော့ ရှိရပါမယ်။ အရာအားလုံးက ထာဝရ မတည်မြဲနိုင်ဘူးဆိုတာ ကျမ နားလည်ပါတယ်။ ဒါပေမယ့် ကြိုးစား မကြည့်ရသေးဘဲနဲ့တော့ ကျမ အရှုံးမပေးချင်ပါဘူး” ဟု ဒေါ်ယဉ်မျိုးစုက ၂၀၁၄ ခုနှစ်တွင် ဧရာဝတီသို့ ပြောခဲ့သည်။
ဒေါ်ယဉ်မျိုးစုသည် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးခြင်းအတွက် ၂၀၁၅ ခုနှစ်တွင် Global Leadership Award ကို ရရှိခဲ့သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်တွင် Goldman Sachs & Fortune Global Women Leaders Award ကိုလည်း ရရှိခဲ့သည်။
(ကျော်ဖြိုးသာ ရေးသားသည်)
(ဆက်လက်ဖော်ပြပါမည်)