ဆောင်းပါး

စစ်အာဏာရှင်ခေတ်က စိတ်ဒဏ်ရာတွေကို ခံစားနေရသူများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၈၉ မေလအတွင်း စစ်အစိုးရက ၈၈ ဒီမိုကရေစီအရေးတော်ပုံနှင့် ဆက်နွယ်နေသူများကို ရက်စက်စွာ နှိမ်နှင်းစဉ် ပြည်သူအားလုံး ရွံကြောက်ဖြစ်နေသည့် အထူးရဲတပ်ဖွဲ့က ကိုချစ်ဆန်းကို ဖမ်းဆီးလိုက်သည်။ သူ့ကို စစ်တန်းလျားတစ်ခုတွင် ၅ လကြာ ထိန်းသိမ်းထားကာ နှိပ်စက် စစ်ဆေးခဲ့သည်။

စစ်သားဟောင်းတဦးဖြစ်သူ ကိုချစ်ဆန်းသည် မှောင်မိုက်နေသည့် အခန်းငယ်လေးအတွင်း အရိုက်အနှက်ခံရန် နေ့စဉ် စောင့်ဆိုင်းခဲ့ရသည်။ “ညသန်းခေါင်ရောက်လာပြီဆိုတာနဲ့ မီးလင်းလာပြီး ကျနော့်ကို စစ်ဆေးဖို့ အခန်းထဲ သူတို့ ဝင်လာတော့တာပါပဲ” ဟု ပြောသည်။

သူ့အတွက် နေ့စဉ်အစားအစာမှာ ပိုးမွှားများနှင့် ရောပြွမ်းညစ်ပတ်နေသည့် ဆန်ပြုတ်၊ ရေတခွက်တို့ပင် ဖြစ်သည်။ နောက်ပိုင်း အင်းစိန်ထောင်သို့ ရောက်သွားပြီး ကျဉ်းကျပ် ညစ်ပေနေသည့် အခန်းများတွင် တသက်တကျွန်းပြစ်ဒဏ်ကို ခြောက်နှစ်ကြာ ကျခံခဲ့ရသည်။

“ကျနော် လွတ်ရက်ရှိမှာ မဟုတ်တော့ဘူးလို့ တချိန်လုံး စဉ်းစားနေခဲ့ပါတယ်။ အပြင်မှာ ကျန်ခဲ့တဲ့ ဇနီးသည်အတွက်ပဲ စိုးရိမ်တာပါ” ဟု သူက မကြာသေးမီက ပြန်ပြောပြသည်။

၁၉၉၆ တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကိုချစ်ဆန်း လွတ်မြောက်လာသော်လည်း သူ့ဘဝအတွက် ရုန်းကန်ရမှုက ပြီးဆုံးမသွားပေ။ ထောင်ပေါင်းများစွာသော အခြားနိုင်ငံရေးအကျဉ်းသားဟောင်းများကဲ့သို့ပင် စစ်အာဏာရှင်လက်အောက်တွင် စိတ်ပိုင်း၊ ရုပ်ပိုင်း နှိပ်စက်ခံရမှုများကြောင့် သူသည်လည်း စိတ်ကျခြင်း၊ စိတ်ကယောင်ခြောက်ခြားဖြစ်မှု၊ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (PSTD) တို့ကို ခံစားခဲ့ရသည်။

မြန်မာစစ်အစိုးရ၏ အခြားအမွေဆိုးတစ်ခုဖြစ်သည့် ပျက်စီးယိုယွင်းသွားသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့်အတူ တွေ့ရသည့်ပြဿနာတခုမှာ ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်စေ စိတ်ကျန်းမာရေး ထိခိုက်ခံစားရသူ အများအပြားသည် အစိုးရဆေးရုံများတွင် စိတ်ဝေဒနာအတွက် ကုသမှု မရရှိကြခြင်းပင် ဖြစ်သည်။

စိတ်ဓာတ်ကျဆင်းမှုနှင့် စိုးရိမ်ပူပန်မှု ကဲ့သို့သော အဖြစ်များသည့် စိတ်ကျန်းမာရေး ချို့ယွင်းမှုတို့ကို နားလည်လက်ခံပေးမှု နည်းခြင်းကြောင့်သာမက၊ လူအများကြား အထင်အမြင်မှားမှုတို့ရှိနေသည့် မြန်မာ့လူမှုအသိုင်းအဝိုင်းကြောင့်လည်း စိတ်ဝေဒနာရှင်များ၏ အခြေအနေ ပိုမိုဆိုးရွားလာစေသည်။ ပတ်ဝန်းကျင်က အရူးဟုခေါ်ဆိုမှုကို ခံမည့်အစား သူတို့က ခပ်မဆိတ် နေထိုင်သည့်အခြေအနေကိုသာ ရွေးချယ်ကြတော့သည်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နောက်ဆက်တွဲများ

ကိုချစ်ဆန်း ထောင်မှလွတ်မြောက်လာပြီး နှစ်များတွင် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆန့်ရန် အလွန်ခက်ခဲလှသည်။

“ကျနော် ပုံမှန်အလုပ်မရှိလို့ မိသားစုစားဝတ်နေရေးအတွက် နေ့တိုင်း ရုန်းကန်ခဲ့ရပါတယ်” ဟု သူက ပြောသည်။

အတိတ်ကာလက လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးကိစ္စများနှင့် မပတ်သက်ချင်တော့သဖြင့် မိတ်ဆွေဟောင်းများနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။ ထောင်ပြင်ပတွင်လည်း ဖိအားများ ရှိလာသောကြောင့် ရန်လိုတတ်လာကာ အသေးအဖွဲကိစ္စလေးများကိုပင် စိတ်မရှည်တော့သလို အိပ်မပျော်သော ညများစွာကိုလည်း ကြံုံတွေ့လာရကြောင်း သူကပြောသည်။

ယင်းရောဂါလက္ခဏာများသည် ဆိုးရွားသည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဝေဒနာများ ကြုံတွေ့ခံစားထားရသူတို့၏ အခြေအနေများဖြစ်သည်။ နာတာရှည်ရောဂါလက္ခဏာများသည် ဝေဒနာ ခံစားနေရသူတို့၏ လူမှုဆက်ဆံရေး၊ အလုပ်အကိုင်၊ နေထိုင်မှုပုံစံကိုပါ ထိခိုက်စေသည်။ ဆိုးရွားသည့် ဝေဒနာအတွက် အဖြေရှာရင်း တပူပေါ် နှစ်ပူဆင့်ရပြန်သည်။ ဝေဒနာခံစားရမှု သက်သာစေရန် မူးယစ်ဆေး၊ အရက် စသည်တို့ကို သုံးစွဲလာကြသည်။

“စိတ်ဖိစိးမှုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ စိတ်ရောဂါဟာ စိတ်ဒဏ်ရာအပေါ် ဇီဝဖြစ်စဉ်အရ တုံ့ပြန်မှုပါ” ဟု ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ဆန္ဒပြရာမှ ထိန်းသိမ်းခံခဲ့ရသူ ဦးညီညီလွင် ခေါ် ဦးဂမ္ဘီရအား ကုသပေးရာတွင် ပါဝင်ခဲ့သူ စိတ်ကုထုံးနည်းဖြင့်ကုသသူ Rory Magee က ပြောသည်။

ဦးဂမ္ဘီရထောင်ကျစဉ် မကြာခဏ ရိုက်နှက်ခံရခြင်း၊ လုပ်ရိုးလုပ်စဉ် ညှဉ်းပန်းနှိပ်စက်မှု၊ မခံမရပ်နိုင်နာကျင်စေပြီး စိတ်ကယောင်ခြောက်ခြားဖြစ်စေသည့် အမျိုးအမည်မသိဆေးများထိုးခြင်း ပါဝင်သည့် ဓာတုနည်းဖြင့် ညှဉ်းပန်းနှိပ်စက်မှု တို့ကို ခံခဲ့ရသည်ဟု Rory Magee က ပြောသည်။ Rory Magee သည် ဦးဂမ္ဘီရ၏ စိတ်ဝေဒနာအား ကုသပေးခဲ့သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ The Cabin အမည်ရှိ ပြန်လည်ထူထောင်ရေးဌာနကို ဦးဆောင်နေသူ ဖြစ်သည်။

အခြား နိုင်ငံရေး အကျဉ်းသားဟောင်း အများအပြားကဲ့သို့ပင် ဦးဂမ္ဘီရသည်လည်း ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုများကြောင့် ဖြစ်ပေါ်သည့် PSTD ထက် ပိုမိုဆိုးရွားသော နောက်ဆက်တွဲစိတ်ဒဏ်ရာပြဿနာကို ခံစားခဲ့သည်။ ယင်းစိတ်ဒဏ်ရာမျိုးသည် တကြိမ်တခါ အတွေ့အကြုံကြောင့် ဖြစ်သည့် ဒဏ်ရာမျိုးမဟုတ်ဘဲ အကျဉ်းထောင်များ၊ စစ်ပွဲကာလများစသည့် ရုပ်ပိုင်း၊ စိတ်ခံစားမှုနှင့် စိတ်ပိုင်းဒဏ်ရာများကြောင့် ကြုံတွေ့ရသည့် စိတ်ရောဂါမျိုးဖြစ်သည်။

“သူ အချိန်အတော်ကြာကြာ ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်” ဟု Rory Magee က ပြောသည်။

ဦးဂမ္ဘီရ ကြုံတွေ့ရသော စိတ်ဒဏ်ရာမျိုးသည် ကုသရန် ပိုခက်ကြောင်း ၎င်းက ပြောသည်။ ယင်းစိတ်ဒဏ်ရာမျိုးသည် တုံ့ပြန်မှုပြင်းထန်လွန်းခြင်း နှင့် လျော့နည်းလွန်းခြင်း အစွန်းနှစ်ဖက်ကို ဖြစ်စေသည်။ ယင်းစိတ်အခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ ဝေဒနာခံစားရသူသည် နှလုံးခုန်မြန်လာသည့်အပြင် အတိတ်အဖြစ်အပျက်များကို အိပ်မက်မက်၍ လန့်နိုးလာတတ်ပြီး အလွယ်တကူ ထိတ်လန့်တတ်လာသည်။ ခံစားမှုကင်းမဲ့လာခြင်း၊ စိတ်ထိခိုက်ဖွယ်ရာ အဖြစ်အပျက်များတွင်လည်း စိတ်နှင့်ကိုယ် မကပ်သကဲ့သို့ ဖြစ်လာသည်။

“ဟိုးအဝေးကြီးကို ငေးနေတတ်ပြီး ငူတူတူနဲ့ ဖြစ်နေတတ်ပါတယ်။ အာရုံခံစားမှုစနစ်ဟာလည်း ထုံထိုင်းလေးလံလာသလို ဘာခံစားချက်မှ မရှိသလို ဖြစ်လာပါတယ်” ဟု Rory Magee က ပြောသည်။

ဦးဂမ္ဘီရသည် မကြာသေးခင်က လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် ပြန်လည်အဖမ်းခံခဲ့ရသည်။ သူအဖမ်းခံရမှုတွင် နိုင်ငံရေးပယောဂမကင်းကြောင်း လူအများက ယူဆထားသည်။ ယခုအခါ သူသည်ထောင်ထဲတွင် ကူညီ ထောက်ပံ့မှု၊ ဆေးဝါးကုသခွင့်တို့ မရသည့်အပြင် သူ၏ စိတ်ဝေဒနာအခြေအနေသည်လည်း ပိုမိုဆိုးရွားလာကြောင်း သတင်းများထွက်ပေါ်နေသည်။

ငွေကြေးထောက်ပံ့မှုမရှိခြင်း

ဦးဂမ္ဘီရ ထိုင်းနိုင်ငံတွင် နေစဉ်က ကူညီထောက်ပံ့မှုရခဲ့သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးဘတ်ဂျက်မှာ ဂျီဒီပီ၏ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိသော်လည်း မြန်မာနိုင်ငံထက် ဂျီဒီပီသာသော ထိုင်းနိုင်ငံတွင် ကျန်းမာရေးဘတ်ဂျက်သည် မြန်မာနိုင်ငံထက် နှစ်ဆကျော် ပိုများသည်။

စိတ်ရောဂါဝေဒနာရှင်များအတွက် မြန်မာနိုင်ငံတွင် အစိုးရက မည်မျှ သုံးစွဲနေသည်ကို မသိရပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၁ဝ နှစ်ကြာမြင့်ပြီဖြစ်သော အစီရင်ခံစာစောင်ကို ကိုးကားသည့် ကျန်းမာရေးဝန်ထမ်းများ၏ ပြောဆိုချက်အရ ကျန်းမာရေးစောင့်ရှောက်မှု ဘတ်ဂျက်မှ သုည ဒသမ ၃ ရာခိုင်နှုန်းကိုသာ စိတ်ရောဂါဝေဒနာရှင်များအတွက် သုံးစွဲကြောင်း သိရသည်။

အစိုးရက ထိရောက်စွာ မဆောင်ရွက်သောကြောင့် လူမှုရေးအဖွဲ့အစည်းများ၊ ပြည်ပအလှူရှင်များက ဝင်ရောက်ကူညီဆောင်ရွက်ပေးနေရသည်။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (AAPP) ကဲ့သို့ အဖွဲ့အစည်းများက ပံ့ပိုးမှုများကို ပေးနေရသည်။ AAPP က အမေရိကန်နိုင်ငံ John Hopkins တက္ကသိုလ်မှ ထောက်ပ့ံ့ငွေဖြင့် မြန်မာကဲ့သို့ ကူညီနိုင်မှုအခွင့်အလမ်းနည်းပါးသည့် နိုင်ငံအတွက် ယေဘုယျပုံစံဖြင့် ချဉ်းကပ်ကုသနည်းဟု ခေါ်သည့် စိတ်သရုပ်ခွဲကုသနည်း (Common Elements Treatment Approach) ကို အသုံးပြုနေရသည်။

AAPP ၏ ဆေးခန်းကြီးကြပ်ရေးမှူး၊ နိုင်ငံရေးအကျဉ်းသားဟောင်း စောသက်ထွန်းက ၂ဝ၁၃ ခုနှစ်မှ စတင်ခဲ့သည့် အစီအစဉ်တွင် ကုသမှု ခံယူခဲ့သူ ၉၆၇ ဦးအနက် ၅၂၁ ဦးသည် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံရေးနှင့်မသက်ဆိုင်သည့် အကျဉ်းသားများကိုလည်း ကုသပေးခဲ့ကြောင်း ပြောကြားသည်။ ရန်ကုန်တွင် နှစ်သိမ့်ဆွေးနွေးသူ ၁၆ ဦး ထားရှိပြီး တဦးချင်းစီက စိတ်ဝေဒနာခံစားနေရသူ လူနာ ၅ ဦးမှ ၆ ဦးအထိကို သုံးလထက်မနည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းအရေအတွက်သည် လုံလောက်မှုမရှိကြောင်း စောသက်ထွန်းက ပြောသည်။

“စစ်အစိုးရကြောင့် စိတ်ဒဏ်ရာခံစားခဲ့ရသူ အများကြီးရှိတဲ့အတွက် ကျနော်တို့ရဲ့ နှစ်သိမ့်ဆွေးနွေးတဲ့အဖွဲ့ ၅ ဖွဲ့နဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် လူထုတွေကို ကျနော်တို့ လုပ်ဆောင်တဲ့နည်းလမ်းတွေ ပြန်လည်သင်တန်းပေးပြီး ပါဝင်ကူညီနိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။

“ကျနော်တို့နိုင်ငံမှာ စိတ်ဝေဒနာခံစားနေရသူတွေတွက် ဆွေးနွေးနှစ်သိမ့်ပေးမှုတွေ လိုနေပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ မသိလို့ အစိုးရက လျစ်လျူရှုထားပါတယ်”

AAPP ၏ လုပ်ဆောင်မှုများအတွက် အစိုးရအနေဖြင့် အကူအညီပေးရန် ကမ်းလှမ်းခြင်း မရှိသလို စိတ်ဝင်စားမှုလည်း မပြကြောင်း၊ စိတ်ဝေဒနာခံစားရသူများကို ဖိနှိပ်ရာတွင် ယခင်အစိုးရအဖွဲ့က တာဝန်ရှိသူများ ပါဝင်ခဲ့ခြင်းသည်လည်း အကြောင်းရင်းတခုဖြစ်နေကြောင်း ၎င်းက ပြောသည်။

လူနာပြည့်နေသည့် စိတ်ရောဂါကုဆေးရုံများ

စိတ်ရောဂါဝေဒနာရှင်များအား ကူညီစောင့်ရှောက်သည့် နေရာတို့တွင် လူနာအရေတွက်မှာ လက်ခံနိုင်သည့် ပမာဏထက် ပိုများနေခြင်းကို ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံတွင် တွေ့မြင်နိုင်သည်။

ဆေးရုံနံရံတွင် သုတ်ထားသည့် ဆေးသည် အက်ကြောင်းထနေသလို အဆောင်အသီးသီးတွင် လူနာများ ပြည့်ကျပ်နေပြီး ဝန်ထမ်းအရေအတွက် နည်းပါးနေသည်။ လူနာ ၉ဝဝ သာ ထားနိုင်သည့် အဆိုပါ ဆေးရုံတွင် လူနာ ၁,၅ဝဝ ထားရပြီး ဆရာဝန် ၂၅ ဦးသာ ရှိသည်။

လူနာနှင့်ဆရာဝန်အချိုးအစား မမျှတသောကြောင့် လူနာတချို့ကို အချိန်ပိုမိုလိုအပ်မည့် စိတ်ကုထုံးဖြင့် ကုသလိုသော်လည်း ဆေးဝါးများဖြင့်သာ ကုသနေရကြောင်း ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံအုပ် ဒေါက်တာတင်ဦးက ပြောသည်။

“ကျနော်တို့ ဝန်ထမ်းအင်အားနဲ့ လူနာ ၅ဝဝ လောက်ကိုပဲ ကုသစောင့်ရှောက်နိုင်ပါတယ်။ ဝန်ထမ်းအရေအတွက် ပိုမို လိုအပ်နေပါတယ်။ ဆရာဝန်အရေအတွက် ပိုထားတာ ဒါမှမဟုတ် လူနာအရေအတွက်ကို လျှော့ပြီး လက်ခံတာမျိုးကို လုပ်ဖို့လိုပါတယ်။ ဒီလူနာအားလုံးကို ဒီမှာရှိတဲ့ ဆရာဝန်တွေက အပြည့်အဝဂရုစိုက်ဖို့ အချိန်မလုံလောက်ပါဘူး” ဟု ၎င်းက ပြောသည်။

လူထုပညာပေးနည်း

နိုင်ငံတော်တာဝန်ရှိသူများက စိတ်ကျန်းမာရေးကဏ္ဍကို ဥပေက္ခာပြုထားခြင်းသည် ယင်းအကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူတို့ သတိပြုစိတ်ဝင်စားမှု မရှိခြင်းကို ဖော်ပြလျက်ရှိသည်။ ဝေဒနာ ခံစားရသူများသည် ‘အရူး’ ဟု အခေါ်ခံရမည်ကို စိုးရိမ်ခြင်းကြောင့် သာမန်ဝေဒနာများအတွက် လိုအပ်နေသည့် အကူအညီကိုပင် မရှာဖွေတော့ပေ။

“စိတ်ဝေဒနာခံစားနေရသူတွေဟာ လူ့အသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံရတာကြောင့် သူတို့ဟာ အရူးလို့ အခေါ်မခံချင်တော့သလို စိတ်ရောဂါကုဆရာဝန်တွေနဲ့လည်း မတွေ့ကြတော့ပါဘူး” ဟု ဆေးပညာကျင့်ဝတ်ပိုင်းဆိုင်ရာ ဝေဖန်သုံးသပ်သူ ဒေါက်တာမြင့်ဦးက ပြောကြားသည်။

“ကျန်းမာရေးအသိပညာတွေ မြှင့်တင်ပေးဖို့ လိုအပ်နေပါပြီ။ လူတိုင်းဟာ ဘဝမှာ စိတ်ဝေဒနာခံစားဖို့ အခြေအနေတွေရှိနေတယ်ဆိုတာ နားလည်ကြဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဒေါက်တာမြင့်ဦးနှင့် The Danish Institute Against Torture အဖွဲ့က စိတ်ကျန်းမာရေးအပါအဝင် အထွေထွေကျန်းမာရေးဆိုင်ရာ စမ်းသပ်စစ်တမ်းကောက်ယူရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၃၃ဝ ကို တနှစ်ကျော် လေ့လာခဲ့သည်။

လေ့လာမှုစစ်တမ်းတွင် ပါဝင်ဖြေဆိုသူများအနက် ၁ ရာခိုင်နှုန်းကသာ စိတ်ထိခိုက်မှု နောက်ဆက်တွဲ ပြဿနာများကို ကြုံတွေ့ရသည်ဟု ပြန်လည်ဖြေဆိုခဲ့ကြကြောင်း၊ ယင်းအရေအတွက်သည် ကမ္ဘာ့ပျမ်းမျှနှုန်း ၂၅ ရာခိုင်နှုန်းထက် များစွာနည်းပါးနေရာ စိတ်ပိုင်းဆိုင်ရာဝေဒနာသည်တို့ ခံစားချက်ကို ဖုံးကွယ်ထားသည်ဟု ထင်မြင်မိကြောင်း စိတ်ရောဂါကု ဆရာဝန်တဦးဖြစ်သူ ဒေါက်တာစန်းစန်းဦးက ပြောကြားသည်။

သူသည် နိုင်ငံရေးအကျဉ်းသားအရေအတွက်အနည်းငယ်ကို အသေးစိတ်လေ့လာ စမ်းသပ်ခဲ့ရာ ၅ဝ ရာခိုင်နှုန်းသည် စိတ်ထိခိုက်မှု နောက်ဆက်တွဲ ပြဿနာများကို ခံစားနေရကြောင်း တွေ့ရှိခဲ့ရသည်။

“သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေတယ်ဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး။ သူတို့တွေကို မေးတဲ့ မေးခွန်းတွေကို ပြန်ဖြေတဲ့နေရာမှာ အမှတ်တွေများနေရင် သူတို့ကို စိတ်ဝေဒနာခံစားနေရတယ်လို့ သတ်မှတ်ခံရမှာ စိုးရိမ်လို့ အမှတ်နည်းအောင် လုပ်ကြတယ်။ သူတို့တွေဟာ နိုင်ငံအတွက် လူစွမ်းကောင်းတွေပါ။ သူတို့ရဲ့အားနည်းချက်ကို မဖော်ပြချင်ဘူး။ တကယ်တော့ သူတို့မှာ စိတ်ထိခိုက်မှုဒဏ်ရာခံစားနေရပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုချစ်ဆန်းက AAPP မှ နှစ်သိမ့်ဆွေးနွေးသူတဦးနှင့် ဆွေမျိုးတော်သည့် သူငယ်ချင်းက အကြံပေးလာသည့်အခါမှသာ သူ၏ စိတ်ဝေဒနာသက်သာရန်အတွက် အကူအညီယူရန် စဉ်းစားခဲ့သည်ဟု ပြောသည်။

သူ့ဇနီးနှင့် သားတို့ကို နှစ်သိမ့်ဆွေးနွေးကုသမှုအကြောင်း ရှင်းပြပြီးနောက် သူတို့ကလည်း ကိုချစ်ဆန်းအား ကုသမှုတွင် ပါဝင်သည့် ဆွေးနွေးခန်းအချိန်များတွင် ပါဝင်နားထောင်ရန် သဘောတူခဲ့ကြသည်။ ကိုချစ်ဆန်းအား ဆွေးနွေးကုသမှုပြုလုပ်သည်မှာ ခြောက်လပြီးဆုံးသွားပြီဖြစ်သလို စိတ်ထိခိုက်မှုမှ ထွက်ပေါ်လာသည့် သက်ရောက်မှုများကို ထိန်းသိမ်းဖြေရှင်းနိုင်ပြီဟု ၎င်းက ပြောသည်။

“နှစ်သိမ့်ဆွေးနွေးကုသမှု အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ထူးဆန်းနေပါသေးတယ်။ အခုဆိုရင် ဒီအစီအစဉ်ကြောင့် ကျနော့်အတွက်ရော၊ ကျနော့်မိသားစုအတွက်ရော နေရထိုင်ရ အဆင်ပြေသွားပါပြီ” ဟု ၎င်းက ပြောသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတို့အတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုများ တိုးချဲ့ လုပ်ပေးစေလိုကြောင်း ကိုချစ်ဆန်းက ပြောသည်။

(ယခု ဆောင်းပါးကို Myanmar Now သတင်းဌာန၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading