ဆောင်းပါး

လေးစားအားကျဖွယ် ထက်မြက်သော အမျိုးသမီးများ (၆)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။

မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။

ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။

၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။

အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြ လိုက်ပါသည်။

ဒေါ်အေးအေးဝင်း
ဒေါ်အေးအေးဝင်း (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ)

ဒေါ်အေးအေးဝင်း

ဂျာနယ်လစ်တယောက်အဖြစ် ၂၅နှစ် လုပ်ဆောင်ပြီးနောက် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် အနားယူခဲ့သော ဒေါ်အေးအေးဝင်းက ဂျာနယ်လစ်အလုပ်ကို ရွေးချယ်ခဲ့သည့်အတွက် အမြဲဂုဏ်ယူကြောင်း ပြောသည်။

“ဂျာနယ်လစ်တယောက်အဖြစ် ရင်ထဲမှာ ကျန်ရှိနေပါမယ်” ဟု ဒေါ်အေးအေးဝင်းက အနားယူတော့မည် ဖြစ်ကြောင်း ကြေညာချက်တွင် ပြောခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဒေါ်အေးအေးဝင်းက Associated Press သတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ထိုအချိန်တွင် မြန်မာနိုင်ငံ၏ အနည်းငယ်သော အမျိုးသမီးသတင်းထောက်များ အနက်မှ တယောက်ဖြစ်ခဲ့သည်။ ၎င်း၏ တာဝန်မှာ စစ်အာဏာရှင် အုပ်ချုပ်မှုနှင့် သတင်း အချက်အလက်အပေါ် တင်းကျပ်ချုပ်ကိုင်ခဲ့သော မြန်မာနိုင်ငံတွင်း အဖြစ်အပျက်များကို ကမ္ဘာက သိစေရန် ဆောင်ရွက်ရသောအခါ စွန့်စားမှုများ ကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် ဒေါ်အေးအေးဝင်းသည် တာဝန်ရှိသူများ၏ အကြိမ်ပေါင်းများစွာ အနှောင့်အယှက်ပြုခြင်း ခံခဲ့ရသည်။ ဒေါ်အေးအေးဝင်းသည် တယ်လီဖုန်းလိုင်း ကြားဖြတ် နားထောင်ခံရပြီး အစိုးရ၏ စောင့်ကြည့် စာရင်းတွင်လည်း ပါဝင်ခဲ့သည်။

နှစ် ၂၀ ကျော်ကြာပြီးနောက် ယခုအခါတွင်  မြန်မာနိုင်ငံ၌ အလုပ်လုပ်နေသော အမျိုးသမီး ဂျာနယ်လစ်များအတွက် အကြံပေး လမ်းညွှန်သူတယောက်အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ ဒေါ်အေးအေးဝင်းသည် “life-long dedication to honest and courageous journalism” ဆု ချီးမြင့်ခံခဲ့ရသော အဓိက မီဒီယာဆုကြီး ၄ ဆုကို ရရှိခဲ့သည့် တဦးတည်းသော မြန်မာနိုင်ငံမှ အမျိုးသမီးသတင်းထောက် ဖြစ်ပါသည်။

(ကျော်ဖြိုးသာ ရေးသားသည်)

ဒေါ်မေစပယ်ဖြူ
ဒေါ်မေစပယ်ဖြူ (ဓာတ်ပုံ- ဧရာဝတီ)

ဒေါ်မေစပယ်ဖြူ
လူမှုရေးလှုပ်ရှားမှုများကို ကြိုးပမ်း ဆောင်ရွက်ခဲ့သည့်အတွက် ဒေါ်မေစပယ်ဖြူကို ပြည်တွင်းသာမက နိုင်ငံတကာကလည်း အသိအမှတ်ပြုခဲ့သည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက် (Kachin Peace Network) ကို ပူးတွဲ တည်ထောင်သူတဦးဖြစ်သော ဒေါ်မေစပယ်ဖြူသည် ကချင်ပြည်နယ်တွင် အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ပဋိပက္ခများ ဖြစ်ပွားမှု အဆုံးသတ်ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဒေါ်မေစပယ်ဖြူက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရန် အဓိကထား၍ ကျား၊မ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) ကိုလည်း တည်ထောင်ခဲ့ပြီး ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။

“ရိုးသားဖြောင့်မတ်ခြင်းက သတ္တိတမျိုးပါပဲ” ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပေးအပ်သည့် ၂၀၁၅ ခုနှစ် အတွက် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို လက်ခံရရှိခြင်း မရှိသေးမီက ပြောကြားခဲ့ဖူးသည်။

“တခြားဘက်ကို ကြည့်မယ်ဆိုရင် ကျမတို့ရဲ့လူမှုအသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့ တန်းတူညီမျှခွင့်နဲ့ ပတ်သက်လို့ အနည်းငယ် သတိထားမိလာကြပြီ၊ လက်ခံလာကြပြီလို့ ထင်ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒါက မမှန်ပါဘူး” ဟု သူက ပြောသည်။

ကလေး ၃ ယောက် မိခင်ဖြစ်သော ဒေါ်မေစပယ်ဖြူသည် သူ၏အလုပ်အတွက် ပြစ်တင်ဝေဖန်ခြင်းနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ရင်ဆိုင်ခဲ့ရသော်လည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် အစောပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သရော်ထားသည့်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် ရှယ်ခဲ့သည်ဟုဆိုကာ တရားစွဲဆို ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာခဲ့သည်။

(Sally Kantar ရေးသားသည်)

မဝေဝေနု
မဝေဝေနု (ဓာတ်ပုံ- Reuters)

မဝေဝေနု

ဥပဒေရေးရာနှင့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ မဝေဝေနုသည် မြန်မာအစိုးရက နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခဲ့ပြီး ဖိနှိပ်ခံခဲ့ရသော (နိုင်ငံတကာက ရိုဟင်ဂျာဟု သိကြသော) ဘင်္ဂါလီ လူမျိုးစုအရေး နိုင်ငံတကာက သိအောင် ဆောင်ရွက်နေသူ ဖြစ်သည်။

“ကျမကို ရခိုင်ပြည်နယ်မှာ မွေးတယ်။ အရေးကြီးဆုံး တခုက မြန်မာနိုင်ငံမှာ လူဖြစ်နေပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ကိုယ်တိုင်လည်း ကြုံတွေ့နေရတယ်။ ကိုယ့် လူ့အဖွ့ဲအစည်းအပေါ်မှာ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေဟာ မှားယွင်းနေပါလား ဆိုတဲ့အသိ၊ ပြောင်းလဲဖို့ လိုတယ်ဆိုတဲ့ အသိကြောင့် ဒါတွေကို လုပ်ဆောင်ဖို့ တွန်းအား ဖြစ်စေခဲ့တာပါ” ဟု မဝေဝေနုက ၂၀၁၅ ခုနှစ်တွင် ဧရာဝတီသို့ ပြောခဲ့ဖူးသည်။

ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်ခံရသော အတွေ့အကြုံက သူမကို လူနည်းစု အခွင့်အရေးနှင့် ကျားမ တန်းတူညီမျှရေးကို လုပ်ဆောင်ရန် တွန်းအား ဖြစ်စေသည်။ ၂၀၀၅ ခုနှစ်က သူ အသက် ၁၈ နှစ်အရွယ်တွင် သူမ ဖခင်၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်၌ တမိသားစုလုံးနှင့်အတူ ၁၇ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

ဖခင်ဖြစ်သူသည် ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်တဦး ဖြစ်ခဲ့သော်လည်း အာဏာသိမ်း စစ်တပ်က ၎င်းအား တာဝန်ယူ ဆောင်ရွက်ရန် မည်သည့်အခါမှ ခွင့်မပြုခဲ့ပေ။ ထောင်ထဲတွင် ၇ နှစ်သာ နေခဲ့ရသည်။ သူမဖခင်ကိုလည်း မှတ်ပုံတင်ပြုလုပ်ရာတွင် မမှန်မကန် ဖော်ပြမှုနှင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၄၇ နှစ် ချမှတ်ခဲ့သည်။ သူမ ထောင်ချခံရခြင်းကြောင့် ပညာရေး တဝက်တပျက် ဖြစ်ခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် မဝေဝေနုက အကျဉ်းထောင်အား သူ၏ ဘဝတက္ကသိုလ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်စလင်များအကြား ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် ရည်ရွယ်သည့် ရခိုင် အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက် (Women’s Peace Network Arakan) တွင် မဝေဝေနုက ဒါရိုက်တာတစ်ဦး ဖြစ်သည်။ သူမသည် ဥပဒေအထောက်အကူပြု အဖွဲ့တစ်ခုဖြစ်သည့် Justice for Women အဖွဲ့ကိုလည်း ပူးတွဲ တည်ထောင်ခဲ့သည်။ မဝေဝေနု၏ လှုပ်ရှားဆောင်ရွက်မှုများကို အိမ်ဖြူတော် နှင့် Nobel Women’s Initiative တို့က အသိအမှတ်ပြုခဲ့သည်။

(Sally Kantar ရေးသားသည်)

(ဆက်လက်ဖော်ပြပါမည်)

Did you find apk for android? You can find new Free Android Games and apps.
Loading