ဆောင်းပါး

ငြိမ်းချမ်းရေးအတွက် ငွေတွေ ဘယ်ရောက်သွားလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတဟောင်း ဦးသိန်းစိန်၏ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် နိုင်ငံခြားအစိုးရ များနှင့် အဖွဲ့အစည်းများက ငွေကြေး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ထည့်ဝင်ခဲ့ကြသည်။

စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် အစိုးရနေရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင် သည့် အစိုးရ ဝင်ရောက်လာသည့် အချိန်တွင် ပွင့်လင်းမြင်သာမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် နိုင်ငံတကာမှ ရံပုံ ငွေများ၏ သြဇာလွှမ်းမိုးမှုနှင့် ဆက်နွယ်သော မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ စစ်ပွဲဒဏ်ကို ခံစားခဲ့ရသည့် တိုင်းရင်းသားလူမျိုးစုများမှာ အဆိုပါထောက်ပံ့မှုများမှ အကျိုးအမြတ် အနည်းငယ် သို့မဟုတ် လုံး၀ မရရှိခဲ့ကြဟု ဝေဖန်မှုများ ရှိလာသည်။

၂၀၁၃ ခုနှစ်တွင် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅ သန်း နီးပါး ထောက်ပံ့ရန် ကတိပြုခဲ့သည်။ အဆိုပါ ထောက်ပံံ့မှုမှာ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဂျပန် NGO များကလည်း နောက်လာမည့် ၅ နှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဒေသများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၆ သန်း သုံးစွဲသွားမည့် အစီအစဉ်တခုကို ၂၀၁၄ ခုနှစ်တွင် ကြေညာခဲ့ပါသည်။ သို့သော်လည်း ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်း တခုဖြစ်သည့် Karen Peace Support Network က ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိသည်အထိ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများကို ခေတ္တဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သည်။

ဖော်ပြခဲ့ပြီး ပမာဏများကို ပေါင်းလိုက်လျှင်ပင် ငြိမ်းချမ်းရေးအတွက် သုံးစွဲမှုက အမေရိကန် ဒေါ်လာ သန်း ၁၃၀ နီးပါး ရှိသည်ကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ ရံပုံငွေများကို မည်သို့ သုံးစွဲခဲ့ပါသနည်း။

ရံပုံငွေများသည် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော စီမံကိန်းများ၊ အဖွဲ့အစည်းများကို ထောက်ပံ့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အကူအညီ အများဆုံးရရှိခဲ့သည်မှာ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အစိုးရနှင့် ပူးပေါင်းဆောင် ရွက် သည့် အဖွဲ့အစည်း တခုဖြစ်သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (Myanmar Peace Center – MPC) ဖြစ်သည်။

သူ၏ သမ္မတသက်တမ်း မကုန်ဆုံးမီတွင် ဦးသိန်းစိန်က MPC ကို ဖျက်သိမ်းလိုက်ပြီး MPC ၏ ပိုင်ဆိုင်မှုများကို အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ၂ ခုဖြစ်သော Myanmar Peace Building Dialogue Center နှင့် Peace and Development Foundation တို့သို့ လွှဲပြောင်းပေးရန် အမိန့်ထုတ်ခဲ့သည်။ ၂ ဖွဲ့လုံးကို MPC ဝန်ထမ်းဟောင်းများနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး Peace and Development Foundation ကို ဦးဆောင်မည့်သူမှာ MPC ၏ အကြီးအကဲ အဖြစ်ဆောင်ရွက်ခဲ့သော ဦးအောင်မင်း ဖြစ်သည်။

MPC ၏ အကြီးတန်း အကြံပေးတဦး ဖြစ်သော ဦးလှမောင်ရွှေက ဦးအောင်မင်းကဲ့သို့သော ထိပ်တန်းတာဝန်ရှိသူများ၏ အခန်းကဏ္ဍမှာ ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး မှတ်ပုံတင်ခွင့်ရရှိသည့် အချိန်တွင် အဖွဲ့အစည်းသစ်များ လွတ်လပ်စွာ တည်ထောင်နိုင်ကြောင်း ဧရာဝတီ သို့ပြောသည်။

“ဦးအောင်မင်းက တခြားသူတွေလိုပဲ အဖွဲ့အစည်း ထူထောင်လို့ရပါတယ်။ သူက အခု လွတ်လပ်သွားပါပြီ။ သူက အစိုးရ တာဝန်ရှိသူ မဟုတ်တော့ပါဘူး။ ငြိမ်းချမ်းရေး စကားလုံးပါတဲ့ အဖွဲ့အစည်းတခု တည်ထောင်တဲ့အတွက် သူ့ကို တရားစွဲလို့ မရပါဘူး” ဟု ဦးလှမောင်ရွှေက ပြောသည်။

အရှုပ်များကို ခွဲဝေခြင်း

MPC တွင် ခွဲဝေပေးစရာ ပိုင်ဆိုင်မှုမရှိဟု ဦးလှမောင်ရွေက ပြောသည်။ အဖွဲ့၏ အဆောက်အဦးအတွင်းတွင် ရှိသမျှ မှာလည်း ယခင်အစိုးရဟောင်းနှင့်သာ သက်ဆိုင်သည်ဟု သိရသည်။

“MPC က ဘာမှ မပိုင်ပါဘူး” ဟု သူက ပြောသည်။ MPC ထိပ်တန်းတာဝန်ရှိသူများက ရုံးနေရာ၊ အစည်းအဝေးခန်းနှင့် မော်တော်ကား၊ ကွန်ပျူတာ အစရှိသည့် အသုံးအဆောင်များ အပါအဝင် အဖွဲ့ပိုင်ဆိုင်မှုများကို ခွဲခြမ်းနေကြသည် ဆိုသည့် စွပ်စွဲမှုများကိုလည်း ငြင်းပယ်လိုက်သည်။

ဝေဖန်သူများကမူ MPC ၏ ပိုင်ဆိုင်မှုများသည် နိုင်ငံတကာ အလှူရှင်များက ကျခံပေးခဲ့ခြင်း ဖြစ်သည့်အတွက် အဆိုပါ ပိုင်ဆိုင်မှုများ MPC တာဝန်ရှိသူများ တည်ထောင်သည့် NGO များသို့ ရောက်ရှိသွားပါက မသင့်တော်ကြောင်း ပြောကြသည်။

“တကယ်လို့ ဦးအောင်မင်းက MPC ရဲ့ ပိုင်ဆိုင်မှုတွေကို သူ့ရဲ့ ကိုယ်ပိုင်အဖွဲ့အစည်း တည်ထောင်ဖို့ အသုံးပြုမယ်ဆိုရင် လုံး၀ မှားသွားပါလိမ့်မယ်။ သူ့မှာ တာဝန် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက သူ့ကို ငြင်းပယ်ခဲ့ကြပါတယ်” ဟု အင်္ဂလန်အခြေစိုက် Burma Campaign UK အဖွဲ့မှ ဒါရိုက်တာ Mark Farmaner ကပြောသည်။ “ပိုက်ဆံတွေက အစိုးရဟောင်းဆီကိုလည်း ရောက်မသွားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ညှိနှိုင်းဆွေးနွေးမှုမှာ ဘက်တဘက်သာ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့၏ အကြံပေးတဦး ဖြစ်သော Valerie Zirl က MPC မှ ကိုယ်စားလှယ်များနှင့် NLD က နိုင်ငံတကာ၏ ထောက်ပံ့မှုဖြစ်သော MPC ၏ ပိုင်ဆိုင်မှုများကို နိုင်ငံပိုင်ကဲ့သို့ အစိုးရက စီမံခန့်ခွဲသွားမည် ဖြစ်ပြီး MPC သို့မဟုတ် ၎င်းကို ဆက်ခံမည့် မည်သည့် အဖွဲ့အစည်းအတွက်မဆို ဥရောပသမဂ္ဂက အသင့်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mark Farmaner က MPC အနေဖြင့် ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှုများကို ပထမနေရာမှ မရရှိခဲ့သင့်ဟု စောဒက တက်ခဲ့သည်။ MPC သည် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော အစိုးရနှင့် ပတ်သက်နေသည့်အတွက် ကြားနေ အဖွဲ့အစည်းတခု မဖြစ်ခဲ့ဟု သူက ထောက်ပြသည်။ MPC ကို သမ္မတဟောင်း ဦးသိန်းစိန်က နိုင်ငံတကာ အသိုင်းအဝိုင်းမှ အရေးယူပိတ်ဆို့မှုများ ပယ်ဖျက်ပေးရန်နှင့် အထောက်အပံ့များ ပိုမိုရရှိနိုင်ရန် နိုင်ငံရေး အစီအစဉ်တရပ် အနေဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု Mark Farmaner က ဆိုသည်။

“EU က MPC ကို ယူရိုငွေ သန်းနဲ့ ချီပြီးကျောထောက်နောက်ခံပေးခဲ့တာ အစိုးဘက်ကနေဖို့ ဖြစ်တယ်လို့ တိုင်းရင်းသားတွေက မြင်ခဲ့ကြတယ်” ဟု သူက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၉ ခုပေါင်းစပ်ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဒုတိယ ဥက္ကဌ နိုင်ဟံသာကလည်း MPC ၏ ပိုင်ဆိုင်မှုများကို MPC ခေါင်းဆောင်ဟောင်းများက တည်ထောင်သော NGO များသို့ လွှဲပြောင်းပေးပါက မသင့်တော်ကြောင်း ပြောသည်။

“MPC ရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ ဆက်လုပ်ဖို့ အသုံးပြုသင့်တယ်လို့ ကျနော်ထင်ပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

 ပိုက်ဆံတွေ ရောက်သွားရာ

နိုင်ငံတကာမှ ငွေကြေးထောက်ပံ့မှုများက MPC အပြင် ဘရပ်ဆဲလ် အခြေစိုက် Euro-Burma Office၊ နော်ဝေမှ Myanmar Peace Support Initiative (MPSI)၊ ဗြိတိန်မှ Inter-mediate၊ ဂျပန်မှ Japan Platform၊ The Nippon Foundation နှင့် အခြား အဖွဲ့အစည်းများ NGO များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်း တဒါဇင်ကျော်ဆီသို့ ရောက်ရှိသွားခဲ့သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေး ရံပုံငွေများထဲမှ အချို့ကို ကျောင်းများ၊ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ထိခိုက် ခံစားနေရသည့် ပြည်သူများထံသို့ အစားအစာနှင့် အခြားထောက်ပံ့မှုများ ပေးပို့ခြင်းများတွင် အသုံးပြုခဲ့သည်။

သို့သော်လည်း နိုင်ငံတကာ ရံပုံငွေများထဲမှ အများစုကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး အစီအစဉ်တွင် ပါဝင်သူများ၏ နိုင်ငံခြားခရီးစဉ်များ၊ ဟိုတယ်ခများ၊ ဝန်ထမ်းလစာများနှင့် နိုင်ငံတကာ အတိုင်ပင်ခံများအတွက် အခကြေးငွေများအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ယုံကြည်ထားကြသည်။

အလှူရှင်များ၏ ငွေကြေးဖြင့် မြန်မာစစ်တပ်မှ တာဝန်ရှိသူမျုား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် ငြိမ်း ချမ်းရေး ညှိနှိုင်းဆွေးနွေးသူများက ဥရောပ သို့ ခရီးသွားခဲ့ကြသလို ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ကိုလံဘီယာ ကဲ့သို့သော ပဋိပက္ခလွန်ဒေသများသို့ နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် အစိုးရ စနစ်များကို လေ့လာရန် သွားရောက်ခဲ့ကြ သည်။

MPC တာဝန်ရှိသူများကို ထိုင်းနိုင်ငံ၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် သီးသန့် ငှားရမ်းထားသော လေယာဉ်များနှင့် အတူ ပုံမှန်မြင်တွေ့ခဲ့ရသည်။ အစည်းအဝေးပွဲများအတွက် ခရီးထွက်သည်ဟု ယူဆရပါသည်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရင့်စာနယ်ဇင်းသမားတယောက်ဖြစ်ေသာ Bertil Lintner က “ဒီပိုက်ဆံတွေ ဘယ်ရောက် သွားသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာ ကျနော် စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းက အကျိုး အမြတ် များပြားတဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်လာတယ်။ တိုင်းပြည်ရဲ့ စစ်ပွဲဒေသတွေမှာ ထိခိုက်နစ်နာနေတဲ့ သာမန် ပြည်သူတွေကို လုံး၀ အလေးမထားဘူး။ ဒါမှမဟုတ်လည်း နည်းနည်းပဲ အလေးထားတယ်” ဟုပြောသည်။

ထို့ပြင် MPC ကဲ့သို့ အဖွဲ့အစည်းမျိုးတွင် လုပ်ကိုင်နေသူများ၏ ၁ လ ဝင်ငွေက သာမန်ပြည်သူတဦး ၅ နှစ်ကျော် ရှာဖွေရမည့် ပမာဏနှင့် တူညီနေသည်ဟု Bertil Lintner က ထောက်ပြသည်။ အနောက်တိုင်း NGO များမှ အရင်းအမြစ် အများအပြား ၏ အဆိုအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်နေသော အကြီးတန်းအရာရှိများ၏ ဝင်ငွေက တလလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့် အထိရှိသည်ဟု ယူဆရကြောင်း သိရသည်။

ငြိမ်းချမ်းရေးရံပုံငွေရဲ့ အနာဂတ်

Burma Campaign UK မှ Mark Farmaner က ငြိမ်းချမ်းရေးလုပ်ငန်းမှ အကူအညီများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု နည်းပါနေခြင်းက နိုင်ငံတကာမှ အလှူရှင်များအနေဖြင့် ၎င်းတို့၏ ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ရမည့် အချိန်ဖြစ်ကြောင်း ညွှန်ပြနေသည်ဟု ပြောသည်။

နော်ဝေနိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Norwegian Burma Committee မှ ဒါရိုက်တာ Audun Aagre ကလည်း ထိုအချက်ကို ထောက်ခံသည်။ နိုင်ငံတကာ အလှူရှင်များ၏ မညီမျှသော ထောက်ပံ့မှုက လက်ရှိ ငြိမ်းချမ်းရေး ရန်ပုံငွေနှင့် ပတ်သက်၍ အမြန်ဆုံးဖြေရှင်းရမည့် ပြဿနာဖြစ်သည်ဟု သူက ဧရာဝတီသို့ပြောသည်။

“နိုင်ငံတကာက ငြိမ်းချမ်းရေး ရံပုံငွေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပေါ်လစီရေးရာ ဆုံးဖြတ်ချက်သူ အချို့ရဲ့ နားလည်မှု နည်းပါးခြင်းတွေကြောင့် ကျနော် အလွန် အံ့သြခဲ့ရပါတယ်။ သူတို့ အများစုက စီးပွားရေး အကျိုးအမြတ်အတွက် လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး ရည်ရွယ်ချက်အတွက် အဓိကထားပြီး လုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ရောထွေးနေကြတယ်” ဟုသူက ပြောသည်။

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့မှ Valerie Zirl က ငြိမ်းချမ်းရေး ဆောင်ရွက်မှုများအတွက် ဥရောပမှ ထောက်ပံ့ငွေများသည် မြန်မာနိုင်ငံမှ လူမျိုးစုအလိုက်၊ ဒေသအလိုက် အဖွဲ့အစည်းအလိုက် ပျံ့နှံ့သွားခဲ့သည်ဟု ပြောသည်။ MPC သို့ EU ၏ ထောက်ပံ့မှုသည် အမေရိကန် ဒေါ်လာ ၄.၂ သန်း တန်သည့် စီမံကိန်းတခုမှ တဆင့်ဖြစ်ပြီး ဥရောပ၏ ငြိမ်းချမ်းရေး ဘတ်ဂျက် စုစုပေါင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်ဟုလည်း ဆိုသည်။

“EU က အစိုးရသစ်ရဲ့ ဆန္ဒနဲ့ သူတို့ရဲ့ ဦးစားပေးမှုတွေပေါ်မှာ မူတည်ပြီး ဆက်လက် ထောက်ပံ့သွားဖို့ အသင့် ရှိနေပါ တယ်” ဟု Valerie Zirl က ပြောသည်။

နိုင်ငံတကာ၏ ငွေကြေးထောက်ပံ့မှုသည် ပြီးခဲ့သည့် နှစ်များအတွင်းက မြင်တွေ့ခဲ့ရသလို မဟုတ်ဘဲ အစိုးရဆီကိုရော တိုင်းရင်းသားများထံကိုပါ ရောက်ရှိသွားသင့်သည်ဟု Audun Aagre ကဆိုသည်။

မြန်မာနိုင်ငံ စစ်အစိုးရ လက်အောက်တွင်ရှိနေစဉ်က ပညာရေးနှင့် ကျန်းမာရေး စနစ်များသည် အစိုးရထိန်းချုပ်မှုအောက် ရှိနေသည့် ဒေသများထက်စာလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများတွင် များစွာပို၍ အလုပ်ဖြစ်ခဲ့ကြောင်း သူက ထောက်ပြသည်။ ယင်းကိုပင် “အသင့်ပြုလုပ်ပြီးသား ဖက်ဒရယ်စနစ်တခု” ဟုလည်း သုံးနှုံးခဲ့သည်။

“ကွဲပြားတဲ့ ဖွဲ့စည်းမှုတွေကို ဖက်ဒရယ်ပြည်ထောင်စု တခုအတွင်းမှာ ပေါင်းစည်းပေးဖို့ ရေရှည် ရည်မှန်းချက်တခုနဲ့ ဒီစနစ် တွေကို အားကောင်းလာအောင် မလုပ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းက အထောက်အပံ့ ဖြတ်တောက်ခဲ့တယ်။ MPC တံခါးစောင့်လုပ်နေတဲ့ အစိုးရက တဆင့် ဒီရံပုံငွေတွေကို ပေးခဲ့တယ်” ဟု Audun Aagre က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Saw Yan Naing ၏ Where Has Burma’s Peace Money Gone? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်ယင်းဆောင်းပါးကို လဝီဝမ် ပူးပေါင်းရေးသားသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading