မကြာသေးခင်ကမှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ အစိုးရသစ်လက်ထက် ပထမဆုံး ကျင်းပတဲ့ မဟာသင်္ကြန်ပွဲတော်ကြီး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်လို့ ဆိုရာမှာ သမိုင်းအစဉ်အလာရှိရှိ သင်္ကြန်ပွဲနဲ့အတူ ယှဉ်တွဲ ဖြစ်ထွန်းခဲ့တဲ့ သံချပ် ဖျော်ဖြေ မှုဟာလည်း ယဉ်ကျေးမှု တခုအနေနဲ့ ရှိခဲ့ပါတယ်။
သံချပ်ဟာ ပြည်သူကို ဖျော်ဖြေရုံတခုတည်း မဟုတ်ဘဲ အသိပညာပေးတာတွေ၊ မျက်မှောက်ခေတ် တိုင်းပြည်ရဲ့ အမြီးအမောက် မတည့်တဲ့ အဖြစ်အပျက်တွေကို ဖော်ထုတ်ပြတာတွေ ၊ အုပ်ချုပ်သူအစိုးရရဲ့ အားနည်းချက်တွေကို ဝေဖန် ထောက်ပြတာတွေ ပြုလုပ် ပါတယ်။
“သံချပ်တွေက မင်းတုန်းမင်း ခေတ် စာရေးတော်ကြီး ဦးသာဇံ လက်ထက် ကတည်းက စခဲ့တာလို့ မှတ်သားဖူးတယ်၊ မူရင်းကို ဖတ်ရှှုလေ့လာတဲ့အခါ သံချပ်က အလုပ်သမားတွေက စခဲ့တာလို့သိရတယ်၊ သူတို့က အားတခုအနေနဲ့ တိုင်ပင်ခေါ် လုပ်ရာကနေ သံချပ်ဖြစ်လာတာပဲ”လို့ အပြာရဲ့ အနီ သံချပ်အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့သူ ကဗျာဆရာ မောင်စိမ်းနီက ပြောပြပါတယ်။
ရန်ကုန်မှာတော့ သံချပ်ဖျော်ဖြေမှုတွေဟာ လွတ်လပ်ရေးရပြီးစ ခေတ်ဦးကတည်းက အပြိုင်အဆိုင်ရှိနေခဲ့တာ ဖြစ်ပြီး အစိုးရအဖွဲ့တွင်း တဖက်နဲ့ တဖက် ဝေဖန်မှုတွေကိုပင် သံချပ်ထိုးရင်း ပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။
သံချပ်အဖွဲ့တွေအနေနဲ့ အဲဒီ ကာလတွေမှာ လွတ်လွတ်လပ်လပ် ထုတ်ဖော်ဖျော်ဖြေခွင့် ရခဲ့ကြပြီး ၁၉၅၈ ခုနှစ် ဝန်ကျင်ရောက်လာ တဲ့အခါ ကဗျာဆရာတွေ ဦးဆောင်ပါဝင်တဲ့ မြင်းပြိုင်၊ ခွပ်ဒေါင်းနီ၊ သစ္စာနီ စတဲ့ သံချပ်အဖွဲ့ တွေလည်း ပေါ်ပေါက်လာခဲ့ကြပါတယ်။
ပေါ်ပေါက်လာတဲ့ သံချပ်အဖွ့ဲတွေဟာလည်း ခေတ်ကာလအခြေအနေအရ နိုင်ငံရေးပြောင်းလဲမှုတွေကို ဇောင်းပေးခဲ့ကြပြီး နိုင်ငံရေး ဖြစ်ပျက် ချွတ်ချော်နေမှုတွေကို လွယ်ကူထိရောက်ဆုံးဖြစ်တဲ့ သံချပ်ဖျော်ဖြေမှုနဲ့ ဖော်ပြခဲ့ကြတယ်လို့ သံချပ်အဖွဲ့ ဦးဆောင်သူတွေက ဆိုပါတယ်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းကစလို့ သံချပ်အဖွဲ့တွေကို တင်းကျပ်မှုတွေ ပြုလုပ်ခဲ့ပြီး သံချပ် စာသားတွေကိုလည်း စိစစ်ဖြတ်တောက်တာတွေ၊ ပိတ်ပင်တာတွေ ပြုလုပ်လာခဲ့ပါတယ်။
သံချပ်အဖွဲ့တွေကတော့ တင်းကျပ်မှုတွေ ကြားကပင် နိုင်ငံရေးဖြစ်ပျက်နေမှုတွေကို ပညာသားပါပါ ပြောကြားမှု တွေကြောင့် လူထု ရဲ့ အားပေးနှစ်သက်မှု ရရှိခဲ့ကြပါတယ်။
ဒါပေမယ့် စစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ဖျက်သိမ်းခဲ့ရတဲ့ သံချပ် အဖွဲ့တချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး မတိုင်ခင် နှစ်တွေအထိ အပြာရဲ့အနီ၊ မဟာနေ ကမ္ဘာသား၊ သခွပ်ပင်က မီးတကျီကျီ၊ ဒို့နိုင်ငံကို ဒို့ချစ် သည်၊ ပြီးပါပြီ၊ သာဓုပါဗျာ၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ သုံးပွင့်ဆိုင် စတဲ့ သံချပ်အဖွဲ့ပေါင်းများစွာဟာ ပြည်သူနဲ့ တသား တည်း ရှိနေပြီး ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
“အရေးတော်ပုံမှာ သံချပ်တွေက အုတ်တချပ်၊ သဲတပွင့်အနေနဲ့ ပါခဲ့တယ် ပြောလို့ရတယ်၊ ပြည်သူအပေါ် ဦးဆောင်နိုင်တဲ့ သံချပ်ရဲ့အင်အားက စနစ်တခု၊ အစိုးရတခုကို ပြိုကွဲစေနိုင်တယ်”လို့ ကဗျာဆရာ မောင်စိမ်းနီက ပြောပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံအပြီး ၁၉၈၉ ခုနှစ်၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်ရှေ့မှာ သင်္ကြန်သံချပ်ပြိုင်ပွဲ ကျင်းပခဲ့ရာမှာ ပုဇွန်တောင် မြို့နယ် သံချပ်အဖွဲ့က ပထမရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သံချပ်အဖွဲ့တွေအားလုံး ပိတ်ပင်ခံခဲ့ရပြီး စစ်အစိုးရရဲ့ ဖိအားပေးမှုအောက်မှာ သင်္ကြန်သံချပ်တွေရဲ့ ကဏ္ဍဟာလည်း မှေးမိန်ခဲ့ရပါတယ်။
ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ သံချပ်အဖွ့ဲတွေဟာ စိစစ်မှုတွေရှိနေဆဲဆိုပေမယ့် အခွင့်အရေး အနည်းငယ် ပြန်လည်ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်လောက်မှာ သာဓုပါဗျာ၊ အပြာရဲ့အနီ သံချပ်အဖွဲ့တွေအပြင် အွန်လိုင်း လေထန်ကုန်း ဝိုင်းတော်သားများ သံချပ် အဖွဲ့ စတဲ့ လူငယ် သံချပ်အဖွဲ့တွေလည်း ပြန်လည်ထွက်ပေါ်လာခဲ့ ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ “လူထုပဲ့တင်သံ” သံချပ်ပြိုင်ပွဲကြီးကို ကျင်းပနိုင်ခဲ့ပြီး စိစစ်မှုတွေရှိခဲ့ပေမယ့် သံချပ်အဖွဲ့တွေရဲ့ အခွင့်အရေး တခုကို ပြန်လည်ရရှိခဲ့ပါတယ်။
“သာဓုပါဗျာ” သံချပ်အဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ လူရွှင်တော် ဦးမေတ္တာ က “ပိတ်ထားတာကြာပြီဖြစ်တဲ့ သင်္ကြန်တံခါးကို ရိုက်ဖွင့် လိုက်နိုင်တာပါပဲ၊ သံချပ်ဆိုတာ ပြည်သူတွေရဲ့ အသံပဲဖြစ်တယ်”လို့ ပြောပါတယ်။
အဲဒီအထဲမှာ လူငယ်ကျောင်းသား မျိုးဆက်သစ်တွေရဲ့ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့လို မျိုးဆက်သစ်လူငယ် သံချပ်အဖွဲ့တွေလည်း ပါဝင်လာခဲ့ပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ မရှားယမုံ က “တနှစ်ပတ်လုံး ဖြစ်ပျက်ခဲ့တာတွေကို ပြည်သူတွေသိအောင်လို့ သံချပ်ထိုးရင်း ပြောပြ ထောက်ပြသွားမှာပါ”လို့ အခုနှစ်အတွက် သူတို့ရဲ့ အစီအစဉ်ကို ပြောပြပါတယ်။
သံချပ်အဖွဲ့တွေကို စစ်အစိုးရလက်ထက်တလျှောက်လုံ စိစစ်ပိတ်ပင်မှုတွေ လုပ်ခဲ့ပေမယ့် အခု အစိုးရသစ် ကတော့ အဖွဲ့တာဝန်ရှိသူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့သာ လွတ်လပ်စွာ ဖျော်ဖြေခွင့်ပေးမယ် လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆို ထားပါတယ်။
သံချပ်တွေရဲ့ တာဝန်ခံမှုနဲ့ ပတ်သက်လို့တော့ ဘယ်လောက်အထိ ပြောဆို ထောက်ပြခွင့်ရှိမလဲ၊ နောက်ဆုံးအဆင့် အရေးယူမှုတွေရှိလာရင်တောင် ဘယ်လိုအရေးယူမလဲဆိုတာတွေကတော့ တိတိကျကျ ပြောကြားထားခြင်း မရှိပါဘူး။
သံချပ်အဖွဲ့တွေအနေနဲ့ကတော့ အစိုးရသစ်လက်ထက်မှာ လွတ်လပ်စွာပြောဆို ဖျော်ဖြေခွင့်ရဖို့ မျှော်လင့်ထားပြီး သံချပ်ထိုးဖျော်ဖြေ မှုကို အပြည့်အဝ တာဝန်ခံကြောင်း ဆိုကြပါတယ်။
သင်္ကြန်သံချပ် ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ရန်ကုန်မြို့တွင်း ခရိုင် ၄ ခုမှာ တည်ဆောက်မယ့် ဗဟိုမဏ္ဍပ် တွေမှာသင်္ကြန်သံချပ်ပြိုင်ပွဲတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
အရင်အစိုးရ အဆက်ဆက် အပြုသဘောဝေဖန်မှုတွေ တလျှောက်လုံးပြုလုပ်သလို အစိုးရသစ်လက်ထက်မှာလည်း လွဲချော်ဖြစ်ပျက် နေတာတွေကို သံချပ်ကတဆင့် မေးခွန်းထုတ် ဝေဖန်ထောက်ပြမှုတွေ ပြုလုပ် ကြဦးမယ်လို့ ဆိုကြပါတယ်။
“ပြည်တွင်းစစ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးအကြောင်း ပြောမယ်၊ ခံစားခဲ့ရတာတွေကို မမေ့ကြဖို့လည်းပြောမယ်၊ အစိုးရသစ်ကိုလည်း မေး စရာ တွေရှိပါတယ်၊ မေးမှာပါ”လို့ အပြာရဲ့အနီ သံချပ်အဖွဲ့ ခေါင်းဆောင် ကိုခန့်မင်းထက်က ဖျော်ဖြေမယ့် အစီအစဉ်ကို ပြောပါတယ်။
မကြာခင်ရောက်လာတော့မယ့် သင်္ကြန်ပွဲတော်ကြီးမှာ သံချပ်အဖွဲ့ ၂၀ လောက်က ပါဝင်ဖျော်ဖြေဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့အနေနဲ့ မဏ္ဍပ်တွေမှာ ဖျော်ဖြေသလို ဖိတ်ခေါ်တဲ့ ရပ်ကွက်တွေ လမ်းတွေမှာလည်း ဖျော်ဖြေပေးကြဦးမယ်လို့ သိရပါတယ်။
သံချပ်တွေ၊ ကဗျာတွေ၊ သရုပ်ဖော်တွေနဲ့ တင်ဆက်ကြတဲ့ဲ သံချပ်တွေမှာ အဖွဲ့ဝင်ဦးရေ ၄၀ ခန့် ပါဝင်တတ်ပြီး အကောင်းဆုံး စွယ်စုံ သံချပ်ဆုကို ရရှိနိုင်ဖို့ အက၊ အလှ၊ သဘာ၀ ဆိုတဲ့ အချက်သုံးချက် ပြည့်စုံဖို့ လိုအပ်တယ်လို့လည်း သံချပ်ထိုးသူတွေက ဆိုပါတယ်။
“အရင်ကလို သံချပ်အဖွဲ့တွေ ညလုံးပေါက် ပြိုင်ရတဲ့ သင်္ကြန်အခါ ပွဲတော်ကြီးကို ပြန်ရောက်ချင်တယ်”လို့ ကဗျာဆရာ မောင်စိမ်းနီ က သူ့ရဲ့ ဆန္ဒကို ပြောပြပါတယ်။
သင်္ကြန်ပွဲတော်မှာ သံချပ်အဖွဲ့တိုင်းက တိုင်ပြည်မှာလိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး စတဲ့ ကဏ္ဍအသီးသီးရဲ့ လွဲချော် မှုတွေကို ထောက်ပြကြဖို့ တာစူနေကြပါပြီ။
“အပြာရဲ့ အနီ” သံချပ်အဖွ့ဲကတော့ –
ပြည်သူသည်သာ အက္ခရာ ….အရာရာကိုပြောင်းလဲနိုင်မှာ….
အရေး အရေး အရေး ငြိမ်းချမ်းရေးက
ငါတို့အရေး……ဒို့အရေး ဒို့အရေး….
ဆိုတဲ့ စာသားတွေပါဝင်တဲ့ သံချပ်တွေထိုးရင်း အများပြည်သူတွေကို ဖျော်ဖြေတင်ဆက်သွားမယ်လို့ ဆိုပါတယ်….။ ။