မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားခေါ်ဆိုကြတဲ့ ဧရာဝတီတိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမန်းဂျော်နီ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက် သူဦးဆောင်တဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအတွက် ယခင်အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့တဲ့ လယ်မြေသိမ်းပြဿနာတွေက စောင့်ကြိုနေပါတယ်။
ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့အတူ ဧရာဝတီတိုင်းအစိုးရသစ်ဖြစ်လာတဲ့ ဝန်ကြီးချုပ် မန်းဂျော်နီရဲ့ အစိုးရအဖွဲ့ကို အဓိကစိန်ခေါ်နေတဲ့ကိစ္စကတော့ သိမ်းဆည်းခံ လယ်ယာမြေပြဿနာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းရဲ့ လူဦးရေဟာ ၂၀၁၅ ခုနှစ်ကနောက်ဆုံးကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ
၆ ဒဿမ ၁၈ သန်းကျော်ဖြစ်ပြီး အဲဒီအထဲမှာ ၄ သန်းကျော်က လယ်သမားတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် တိုင်းအတွင်းနေထိုင်သူ ၇၀ ရာခိုင်နှုန်းကျော်ဟာ လယ်သမားတွေ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရလက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရလက်ထက်တွေမှာ ဧရာဝတီ တိုင်းက လယ်သမားအများစုဟာ လယ်ယာမြေအသစ်ဖော်ထုတ်ရေး၊ ရေကြီးကွင်း ရေနက်ကွင်းဖော်ထုတ်ရေးစီမံကိန်းတွေကြောင့် သူတို့လုပ်ကိုင်စားသောက်တဲ့ လယ်ယာမြေ အများအပြား သိမ်းယူခြင်းခံခဲ့ရပါတယ်။
မအူပင်၊ ညောင်တုန်းနယ်ဘက်မှာဆိုရင် ဝါဝါ၀င်း၊ အော့ချက်စ်၊ SI၊ အေးရှားမိုက်၊ ရန်ကုန် မြို့တော်စည်ပင်၊ စစ်မှုထမ်းဟောင်းအဖွဲ့စသဖြင့် အဖွဲ့အစည်းပေါင်းစုံက လယ်တွေကို မြေလွတ် မြေရိုင်းဆိုပြီး ဧကထောင်နဲ့ချီသိမ်းယူခဲ့တာတွေ သိမ်းယူခဲ့သလို ပန်းတနော်မြို့နယ်ဘက်မှာလည်း ဖိုးလမင်းကုမ္ပဏီနဲ့ လုပ်ငန်းရှင် ဦးငြိမ်းမြိုင် အဖွဲ့တွေက ငါးကန်တူးဖို့အတွက် လယ်မြေတွေ သိမ်းယူခဲ့ပါတယ်။
၁၉၉၂ ခုနှစ်ဝန်းကျင်ကာလတုန်းက ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် သူရ ဦးရွှေမန်းရဲ့သား အောင်သက်မန်းနဲ့ ခရိုနီလုပ်ငန်းရှင် ဦးတေဇတို့ ပူးပေါင်းကိုင်တဲ့ ဧရာရွှေဝါ ကုမ္ပဏီဆိုရင် ကျောင်းကုန်း၊ သာပေါင်း၊ ရေကြည်နဲ့ ကန်ကြီးထောင့် မြို့နယ်အတွင်းက မြေဧက ၄ သောင်းကျော် လုပ်ကိုင်ခွင့်ရခဲ့ပြီး ထောင်နဲ့ချီတဲ့ လယ်သမား တွေကတော့ လယ်မဲ့ယာမဲ့ဘဝကို ရောက်ခဲ့ကြပါတယ်။
ပုသိမ်နဲ့ မြောင်းမြခရိုင်အတွင်းက လယ်သမားတွေကျတော့လည်း စစ်တပ်တိုးချဲ့တည်ဆောက်ဖို့၊ အစိုးရဌာနဆိုင်ရာရုံးဆောက်ဖို့၊ မြို့သစ်စီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ သီဟိုဠ်စီမံကိန်း။ ရာဘာစိုက်ခင်း စီမံကိန်း၊ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေဘက်မှာဆိုရင် ဟိုတယ်ဇုန် စီမံကိန်းစသဖြင့် အကောင် အထည်ဖော်ဖို့အတွက် လယ်မြေ၊ ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေ အမြောက်အမြား အသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသမှာလည်း ဒီရေတောစီမံကိန်းဆိုပြီး ကုက္ကိုကျေးရွာ အုပ်စုမှာရှိတဲ့ ရွှေကျွန်းသာကျွန်းပေါ်က လယ်ဧက ၈၀၀၀ ကျော်ကို သစ်တောဌာနက သိမ်းဆည်း ခဲ့တာတွေ ရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ လယ်ယာမြေစုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့စာရင်းတွေအရ ဧရာဝတီတိုင်းမှာ သိမ်းဆည်းခံ လယ်ယာ မြေ ဧက ၃ သိန်းကျော် ရှိကြောင်း သိရပါတယ်။
လယ်ယာမြေစုံစမ်းရေးကော်မရှင်က အစီရင်ခံစာ အပိုင်းလိုက် ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့သလို ပြည်ထောင်စုလွှတ်တော်ကလည်း အစီရင်ခံစာထဲမှာပါတဲ့ မြေသိမ်းမှုတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုအစိုးရကတဆင့် ဧရာဝတီတိုင်းအစိုးရအပါအဝင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရတွေထံကို ညွှန်ကြားခဲ့ပါတယ်။
သို့သော် ယခင်ဝန်ကြီးချုပ် ဦးသိန်းအောင်ဦးဆောင်တဲ့ ဧရာဝတီတိုင်းအစိုးရအနေနဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှုပြဿနာတွေရဲ့ ၅၀ ရာခိုင်နှုန်းကိုတောင် အောင်မြင်အောင် ဖြေရှင်းမပေးနိုင်ခဲ့ဘူးလို့ လယ်သမားအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုပါတယ်။
“ဧရာဝတီတိုင်းအစိုးရအဖွဲ့က လယ်ယာမြေပြဿနာတွေကို ဖြေရှင်းရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ ညှိုနှိုင်းတာလောက်ကိုပဲ စတိသဘောလုပ်ပေးတယ်။ မကျေနပ်ရင် တရားရုံးမှာရှင်းဆိုတဲ့ ပုံစံမျိုးတွေ လုပ်တယ်။ အဲတော့ လယ်ယာမြေပြဿနာတွေက မအောင်မြင်ဘဲ အသိမ်းခံထားရတဲ့ လယ်သမားတွေက နစ်နာမှုတွေဖြစ်နေဆဲပဲ”လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက် HRAN အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးက ပြောပါတယ်။
ဧရာရွှေဝါကုမ္ပဏီဆိုရင် ၂၀၁၂ ခုနှစ်ကတည်းက သူတို့လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေဧက ၄ သောင်း ကျော်ကို ပြန်လည်စွန့်လွှတ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန် ကြေညာခဲ့ပေမယ့် ၄ နှစ်ကျော်ကြာတဲ့အထိ ဧရာရွှေဝါစွန့်လွှတ်မြေတွေဟာ မူလပိုင်ရှင် လယ်သမားတွေလက်ထဲ ပြန်မရောက်ဘဲ မြေအများစုဟာ ဧရာရွှေဝါနဲ့ အကျိုးတူ လုပ်ကိုင်ခဲ့တဲ့ လယ်သမား (ဒေသအခေါ် ယူနစ်လယ်သမား) တွေလက်ထဲမှာရှိနေဆဲပဲ ဖြစ်ပါတယ်။
မအူပင်၊ ညောင်တုန်းနဲ့ ပန်းတနော်မြို့နယ်တွေက ကုမ္ပဏီသိမ်းဆည်းမြေတွေကလည်း
အခုချိန် အထိ မူလပိုင်ရှင်လယ်သမားအများစု ပြန်မရသေးဘဲ ကုမ္ပဏီတွေကပဲ ဆက်လက် ရယူထားသလို တချို့မြေတွေဆိုရင် လုပ်ငန်းရှင်အချင်းချင်း လုပ်ပိုင်ခွင့် လက်လွှဲရောင်းချ ထားတာတွေ ရှိနေပါတယ်။
ဒါ့အပြင် လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စုမှာရှိတဲ့ ရွှေကျွန်းသာဒေသမှာလည်း သစ်တောဌာနက
၁၉၉၁ ခုနှစ်မှာ ဒီရေတောစီမံကိန်းအဖြစ် မြေတွေသိမ်းခဲ့ပြီး နောက်ပိုင်းမှာ စီမံကိန်းမလုပ်ဖြစ်ဘဲ ဖျက်သိမ်းသွားခဲ့ပေမယ့် တောတွေခုတ်ထွင်ရှင်းလင်းပြီး လယ်တည်တဲ့ မူလလယ်သမားတွေ (ဒေသအခေါ်လယ်သမားကြီး)ကို ပြန်မပေးဘဲ သစ်တောဌာန တာဝန်ရှိသူတွေနဲ့ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး လယ်သမားအသစ်တွေကို အခကြေးငွေ ယူပြီး သီးစားချလယ်လုပ် စေခဲ့မှုတွေ ရှိပါတယ်။
၂၀၁၂ ခုနှစ်ကစတင်ပြီး မူလပိုင်ရှင် လယ်သမားတွေက မြေတွေပြန်တောင်းရာမှာ ဧရာဝတီတိုင်း အစိုးရက ပြေလည်အောင် ဖြေရှင်းမပေးခဲ့တဲ့အတွက် လက်ရှိ လယ်လုပ်နေတဲ့ လက်ငုပ်လယ်သမား (ဒေသအခေါ် လယ်သမားလေး)နဲ့ မူလပိုင်ရှင် လယ်သမားကြီးတွေကြား ပြဿနာတွေဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ လက်သမားလေးတွေ တိုက်ခိုက်မှုကြောင့် လယ်သမားကြီးဘက်က လူ ၁ ဦး သေဆုံးပြီး ၁ ဦးက အပြင်းအထန်ဒဏ်ရာရတဲ့အထိ ပြဿနာတွေ ကြီးထွားလာခဲ့ပါတယ်။
လက်ရှိမှာလည်း ရွှေကျွန်းသာလယ်ယာမြေပြဿနာဟာ မပြေလည်ဘဲ လိပ်ခဲတည်းလည်း အခြေအနေမှာ ရှိနေပြီး လယ်သမားကြီးနဲ့ လယ်သမားလေးတွေကြားမှာ တင်းမာမှုတွေ မြင့်တက် နေပါတယ်။ လက်ရှိ သီးစားရယူ လယ်လုပ်ကိုင်နေတဲ့ လယ်သမားလေးအဖွဲ့ဘက်ကလည်း လယ်ထဲကနေ ဖယ်ပေးမှာမဟုတ်ဘူးလို့ ပြောနေကြသလို လယ်သမားကြီးဘက်ကလည်း သူတို့ ဆုံးရှုံးခဲ့တဲ့ လယ်မြေတွေကို မရမက ဝင်ရောက်ထွန်ယက်မယ်လို့ ပြောဆိုနေကြတာတွေ ရှိနေပါတယ်။
ယခင်ဝန်ကြီးချုပ် ဦးသိန်းအောင်လက်ထက်မှာ အစိုးရရဲ့လယ်ယာမြေပြဿနာ ဖြေရှင်းပေးမှုတွေ နှောင့်နှေးခဲ့တဲ့အတွက် မြေသိမ်းခံလယ်သမားတွေဟာ အစိုးရကိုမစောင့်တော့ဘဲ ထွန်တုံးတိုက်ပွဲတွေ လုပ်ဆောင်ပြီး သူတို့ဆုံးရှုံးခဲ့တဲ့လယ်တွေကို ပြန်ထွန်ကြတာတွေ ဧရာဝတီတိုင်းအနှံ့အပြား ဖြစ်ပွားခဲ့ပါတယ်။
အဲ့လို ပြန်ထွန်ကြလို့ မြို့နယ်အသီးသီးကလယ်သမား ၅၀၀ ကျော်ဟာ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု တွေနဲ့ တရားစွဲခံခဲ့ရသလို လယ်သမားပေါင်း ၁၀၀ ကျော် ထောင်ဒဏ် တွေကျခံခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
မကြာခင်မှာ မိုးရာသီကျရောက်တော့မှာပါ။ လယ်သမားဆိုတာ မိုးသံလေသံကြားတာနဲ့ လယ်ထွန်၊ စပါးစိုက်ချင်စိတ် ရှိကြသူချည်းဖြစ်ပါတယ်။ ဧရာဝတီတိုင်းအစိုးရသစ်အနေနဲ့ မိုးမကျခင်မှာ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကို မူလပိုင်ရှင်လယ်သမားတွေ မနစ်နာစေဘဲ အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ လယ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ မိုးရာသီရောက်တာနဲ့ အငြင်းပွားနေတဲ့ လယ်ယာမြေတွေပေါ်မှာ မူလ လယ်သမားတွေနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ လက်ငုပ်လယ်သမားတွေ အလုအယက် ထွန်ယက် ကုန်ကြရင် လယ်ယာမြေကိုအကြောင်းပြုပြီး လယ်သမားတွေ တဖက်နဲ့တဖက် တရားစွဲတာတွေ၊ တိုက်ခိုက်သတ်ဖြတ်တာတွေအထိ ဖြစ်ပွားလာနိုင်တယ်လို့ လယ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။
“အရင်အစိုးရလက်ထက်ကလည်း မြေသိမ်းခံရတဲ့ကိစ္စတွေကို အကြိမ်ကြိမ်တင်ပြတယ်။ အောင်မြင်အောင် လုပ်မပေးဘူး။ အခု အစိုးရသစ်ကတော့ ကျနော်တို့ကို ပစ်မထားဘူးလို့ ယုံကြည်ပါတယ်။ တကယ်လို့ အစိုးရသစ်ကမှ ကျနော်တို့ လယ်သိမ်းခံရမှုတွေကို ဖြေရှင်းမပေးဘူး ဆိုရင်တော့ လယ်သမားတွေက ထွန်တုံးတိုက်ပွဲလုပ်ဖို့ စဉ်းစားထားတယ်”လို့ လယ် ၂၄ ဧက သိမ်းဆည်းခံခဲ့ရတဲ့ ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းကျေးရွာက ကိုမော်စီက ပြောပါတယ်။
သူတို့အစိုးရသစ်အနေနဲ့ လယ်ယာမြေပြဿနာတွေကို တရား ဥပဒေနဲ့အညီ ဖြေရှင်းပေးမယ်လို့ ဝန်ကြီးချုပ်သစ် မန်းဂျော်နီက ဧရာဝတီကို ပြောပါတယ်။
“တို့အစိုးရအနေနဲ့ ဧရာဝတီတိုင်းကို တရားဥပဒေစိုးမိုးရေးအတွက် ပထမဦးစားပေးအနေနဲ့ လုပ်သွားမယ်။ လယ်ယာမြေပြဿနာတွေကိုလည်း ဥပဒေနဲ့အညီ ဖြေရှင်းပေးမယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အငြင်းပွားမြေဧက ၃ သိန်းကျော်ရှိနေတဲ့ ဧရာဝတီတိုင်းက လယ်ယာမြေပြဿနာတွေဟာ ဝန်ကြီးချုပ် မန်းဂျော်နီရဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတရပ်အဖြစ် ရှိနေပြီး အစိုးရသစ်အနေနဲ့ ဒီစိန်ခေါ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်မလားဆိုတာတော့ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။