မြန်မာတို့ရဲ့ ရိုရာပွဲတော်များထဲက နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ပြည်တွင်းက ဒေသအသီးသီးမှာ ဓလေ့ထုံးစံအလိုက် ပုံစံအမျိုးမျိုး ကျင်းပကြလေ့ရှိပါတယ်။
မြို့ကြီးများဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေက ခေတ်နဲ့အညီ တည်ဆောက်ထားတဲ့ မဏ္ဍပ်တွေမှာ မြူးကြွတဲ့ တေးသံများနဲ့ ကခုန် ရေကစား နေကြတဲ့ ရောင်စုံလူငယ်တွေကို တွေ့မြင်နိုင်ပါတယ်။
မြို့ပြမဟုတ်တဲ့ တိုင်းရင်းသား ဒေသတွေမှာတော့ မူလအခြေချ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံ ရိုရာအပြင်အဆင် တွေနဲ့ နှစ်သစ်သင်္ကြန်ကို ကြိုဆိုနေတာ မြင်တွေ့ရမှာပါ။ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြတဲ့ တိုင်းရင်းသားသင်္ကြန်တွေထဲမှာ ရခိုင်၊ မွန်နဲ့ ရှမ်း တိုင်းရင်းသားတွေရဲ့ သင်္ကြန်ပွဲတော်များက ထင်ရှားလှပြီး ရေကစားပုံ၊ သင်္ကြန်မုန့်လုပ်ပုံများက ထူခြားမှုရှိနေတာကို တွေ့မြင်ရ ပါတယ်။
မွန် တိုင်းရင်းသား ရိုးရာသင်္ကြန်
မွန်တိုင်းရင်းသားတွေရဲ့ ထင်ရှားတဲ့သင်္ကြန် အမှတ်အသားက “သင်္ကြန်ထမင်း” ပါ။
သင်္ကြန်ထမင်းဆိုတာ ထမင်းကို ဖယောင်းအနံ့ ထည့်ထားတဲ့အရည်စမ်းပြီး ကြက်သွန်နီကြွပ်ကြော် လှိုင်လှိုင်နဲ့ ကြော်ထားတဲ့ ငါးခြောက်ထောင်းကြော်နဲ့ တွဲဖက်ပြီး စားရတာပဲ ဖြစ်ပါတယ်။ တချို့က ငါးခြောက်ကြော်အစား သရက်သီးစိမ်းတွေကို ငါးပိနဲ့ ချဉ်စပ်စပ် လေးကြော်ပြီး တွဲဖက်စားကြပါတယ်။
သင်္ကြန်ရေကစားထားတဲ့အချိန်မှာ ဖယောင်းနံ့သင်းတဲ့ ထမင်းနဲ့ ငါးခြောက်ထောင်းကြော်က စားလို့အကောင်းဆုံးပါပဲ။ မွန်ပြည်နယ်မှာ သင်္ကြန်ထမင်းကို အလှူမဏ္ဍပ်တွေလုပ်ပြီးတော့လည်း အလှူပေးကျွေးမွေးကြပါတယ်။
ဒါ့အပြင် သင်္ကြန်ကာလမှာ မွန်ပြည်နယ်အတွင်းက မြို့နယ်ကျေးရွာတွေမှာ ဘုရားပွဲတော် ကျင်းပပြီး တရွာနဲ့တရွာ အပြန်အလှန် ညအိပ်ခရီးထွက် လည်ပတ်ကြတယ်လို့ သိရပါတယ်။
သင်္ကြန်ထမင်းဟာ မွန်တိုင်းရင်းသား သင်္ကြန်ရဲ့ အမှတ်အသားတခု ဖြစ်ပေမယ့် ရန်ကုန်မြို့နဲ့ အခြားမြို့တွေမှာလည်း ထင်ရှားလှတဲ့ မွန်တိုင်းရင်းသားတို့ရဲ့ သင်္ကြန်ထမင်းကို ကျွေးမွေးလှူတမ်းကြသလို မိသားစုအလိုက် ချက်စားကြတာတွေလည်း ရှိပါတယ်။
ရခိုင် တိုင်းရင်းသား ရိုးရာသင်္ကြန်
ပင်လယ်နဲ့ မြစ်ချောင်းတွေပေါများတဲ့ ရခိုင်ပြည်နယ်မှာတော့ သင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာဖြစ်တဲ့ လောင်းလှေတွေ အသုံးပြုပြီး ဆင်နွှဲကြတာပါ။
သင်္ကြန်မဏ္ဍပ်ထဲကို လောင်းလှေတွေထည့်ထားပြီး လောင်းလှေတွေထဲမှာ ရေဖြည့်ထားကာ မိမိရေပက်ချင်တဲ့သူကို ဖိတ်ခေါ်ပြီး အပြန်အလှန် ယဉ်ယဉ်ကျေးကျေး ရေကစားကြတာပဲ ဖြစ်ပါတယ်။
ရေကစားကြပုံကတော့ အမျိုးသမီး၊ အမျိုးသား၊ အပျို၊ လူပျိုတွေ လှေရဲ့ တဖက်ခြမ်းစီမှာ နေပြီး ရေကစားကြတာပါ။ အဲဒီလို ရေ ကစားရင်း ရင်းနှီးသွားကြသူတွေလည်း ရှိကြတာကို သိရပါတယ်။
လောင်းလှေထဲမှာ ရေထည့် ရေပက်ကစားကြတာအပြင် ရခိုင့်ရိုးရာဓလေ့တခုဖြစ်တဲ့ နံ့သာသွေးပြိုင်ပွဲ၊ ဘုရားရေသပ္ပာယ် ပွဲတွေကို လည်း သင်္ကြန်ကာလမှာ ကျင်းပကြပါတယ်။ အထူးသဖြင့် နံ့သာသွေးပွဲနဲ့ နံ့သာသွေးပြိုင်ပွဲကို သင်္ကြန်အကြိုနေ့ မတိုင်ခင်ရက်မှာပဲ ကျင်းပကြတာ ဖြစ်ပါတယ်။
ထူးခြားတာက ရရှိလာတဲ့ မွှေးနံ့သာရည်တွေနဲ့ ဘုရားကို ရေသပ္ပာယ်ပြီးမှသာ လူတွေအချင်းချင်း ရေပက်ကစားကြတဲ့ အစဉ်အလာ ပဲ ဖြစ်ပါတယ်။
သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့ ရောက်ရှိချိန်မှာ သက်ကြီးဝါကြီးများကို လှည့်လည်ကန်တော့ကြသလို ဘုရား ပုထိုး စေတီတွေမှာ တံခွန်တိုင် လွှင့်ထူကြတာကိုလည်း ရခိုင်ပြည်နယ်တခုလုံးမှာ ကျင်းပကြပါတယ်။
အဲဒီလို နံ့သာသွေးပွဲ၊ ဘုရား ရေသပ္ပာယ်ပွဲတွေကို ရခိုင်ဒေသတွင်းမှာသာမက မြို့ကြီးတွေမှာပါ ကျင်းပကြတာကို တွေ့ရပါတယ်။
ရှမ်း တိုင်းရင်းသား ရိုးရာသင်္ကြန်
ကမ္ဘောဇဌာနေ ရှမ်းပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ နှစ်ကူးသင်္ကြန်ကာလမှာ ပိတောက်ပန်းတွေအစား ပွင့်ဖူးလာတဲ့ ရွှေအင်ကြင်း ပန်းတွေကို ရှမ်းပျိုဖြူတွေ ရှမ်းလူငယ်တွေက သင်္ကြန်အကြိုနေ့မတိုင်ခင် ခူးဆွတ်ကြပြီး မိမိတို့ ရပ်ကွက်တွေမှာရှိတဲ့ ဘုန်းကြီး ကျောင်းတွေမှာ သွားရောက် လှူဒါန်းကြပါတယ်။ ရွှေအင်ကြင်းပန်းတွေကို ရှမ်းလို မောက်ကိုစွမ့် လို့လည်း ခေါ်ကြပါတယ်။
တချို့ကတော့ ရွှေအင်ကြင်းပန်းတွေကို သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်တွေ ရပ်ကွက်ဓမ္မာရုံတွေမှာ ချိတ်ဆွဲပြီး အလှဆင်ကြပါတယ်။ မြေပြန့်မှာလို ပိတောက်ပန်းတွေ မရှိတာကြောင့် ရွှေအင်ကြင်းပန်းတွေနဲ့ အလှဆင်ကြတာက ကမ္ဘောဇဌာနေက ရှမ်းတိုင်းရင်းသားတို့ရဲ့ သင်္ကြန်ရိုးရာဓလေ့ တခုပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဗမာတိုင်းရင်းသားတွေက သင်္ကြန်ကာလအတွင်း မုန့်လုံးရေပေါ် လုပ်စားသကြလို ရှမ်းတိုင်းရင်းသားတွေက ရှမ်းမုန့်ဖက်ထုပ်တွေ ပြုလုပ်ပြီး ဘုန်းကြီးကျောင်းတွေကို သွားရောက်လှူဒါန်းတာတွေ အိမ်နီးနားချင်းတွေကို ဝေငှပေးတာတွေ ပြုလုပ်ကြ လေ့ ရှိပါတယ်။
သင်္ကြန် အကြို၊ အကျ၊ အတက်နေ့တွေမှာ ရှမ်းတိုင်းရင်းသား လူငယ်လေးတွေဟာ ရပ်ကွက်အလိုက် သီချင်းသီဆိုပွဲတွေနဲ့ ရှမ်းရိုးရာ အကတွေကို ကပြဖျော်ဖြေကြပါတယ်။ လူငယ်၊ လူလတ်ပိုင်း အချင်းချင်းနဲ့ လူပျိုအပျိုများ ခင်မင်ရင်းနှီးမှုရအောင် ပြုလုပ်ကြတာ တွေလည်း ရှိပါတယ်။
သင်္ကြန်တွင်းမှာ ရပ်ကွက်ထဲမှာရှိတဲ့ သက်ကြီးဘိုးဘွားတွေကို ကန်တော့ကြတယ်။ ဘုရားကို ရေသပ္ပာယ်တယ်။ နှစ်ဆန်း တရက် ဆိုရင် ရွာမှာရှိတဲ့ ရွာစောင့်နတ် နတ်ကွန်းကို ပူဇော်ပသတယ်။ မြို့ထဲတွေမှာက လမ်းထိပ်တွေမှာ ပရိတ်ရွတ်လေ့ ရှိပါတယ်။
ဒါ့အပြင် ရှမ်းလူငယ်တွေဟာ နှစ်ဆန်းတရက်နေ့မှာ ကျေးရွာတခုနဲ့တခု သွားရောက်လည်ပတ်ကြပြီး ဘုရားကျောင်းတွေကို ရေသပ္ပာယ်ကြတာကိုလည်း တွေ့ရပါတယ်။