ဆောင်းပါး

အပြောင်းအလဲတွေထဲမှာ မန္တလေးသင်္ကြန်လည်း ပြောင်းလဲကြမှာလား

This article has been converted from Zawgyi One to Unicode

တပို့တွဲလပြည့်ကျော်… အအေးဓာတ်လျော့…။ စောစောနေထွက်… နောက်ကျနေဝင်ကာ ရွက်ဝါလေးတွေ ဖြုတ်ဖြုတ် ကြွေပြီး… တောင်လေလေးဝှေ့လာတော့ “သြော်… တနှစ်၊ တနှစ် ဘာမှမကြာလိုက်ပါလား…၊ မကြာခင် သင်္ကြန် ရောက်ဦးမှာပေါ့လေ…” ဟု သံဝေဂလိုလို…၊ စိတ်ပျက်ငြီးတွားသံလိုလိုနှင့် ဝတ္တရားမပျက် ငြီးငြူမိပြန်ပါ၏။

ဟုတ်သည် …၊ တပို့တွဲလပြည့်ကျော်ပြီးတာနှင့် ဖေဖေါ်ဝါရီလ ကုန်တော့မှာပေါ့ …။ မန္တလေးစည်ပင်သာယာရုံး ရှေ့ မှာ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကြီး စတင်ဆောက်ရန် ဧရာမ သံမဏိဟင်းဂလိုင်းကြီးတွေကို ဝန်ချီစက်ကြီးတွေနှင့် ချကြပြီ။

ငယ်ငယ်ကဆိုလျှင်တော့ မတ်လဆန်း၊ ၁၀ တန်းစာမေးပွဲကြီးတွေ ပြီးတာနှင့် သင်္ကြန်ရနံ့နှင့်အတူ သင်္ကြန်မိုးက မြို့လုံးကျွတ် ထန်လာတော့၏။ ပြတိုင်းပြတိုင်းမှာ သင်္ကြန်ကြော်ငြာပိုစတာတွေ ပလူပျံလာသည်။ ဝင်းတွေ၊ ဓမ္မာရုံတွေထဲ တူးပို့တူးပို့ ဒိုးသံနှင့် သင်္ကြန်သီချင်း၊ သင်္ကြန်တီးလုံး၊ သင်္ကြန်ယိမ်းတိုက်သံတွေ ကြားလာရပြီ။

အချို့ဝင်း၊ အချို့ရပ်ကွက်၊ အချို့ဓမ္မာရုံတွေမှာလည်း စည်တိုသံလင်ကွင်းသံစည်းချက်ကျကျဖြင့် သင်္ကြန်သံချပ်တွေ တိုက်ကြဖို့ပြင်ဆင်လာကြ၏။ သင်္ကြန်တီးလုံး၊ သင်္ကြန်သီချင်း၊ သင်္ကြန်သံချပ်ကိုတော့ သိုသိုသိပ်သိပ်ဖြင့်သာ မိမိတို့ သံချပ်အသင်းသားများ သီးသန့်ဖြင့် အချိန်ကပ်မှ တိုက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် သင်္ကြန်သံချပ်အပါအကြောင်း အရာအသစ်အဆန်းတွေကို ပြိုင်ဘက်အသင်းတွေ ကြိုတင် မသိ စေချင်လို့ဖြစ်သည်။ ထို့ကြောင့် ငယ်စဉ်ကဆိုလျှင်ဖြင့် အခုလို ဆောင်းဆုတ်ချိန်တွင် သံဝေဂတွေ၊ ငြီးငြူ စိတ်ပျက်မှုတွေ အလျဉ်းအသံမထွက်ဘဲ ရင်တလှပ်လှပ်ဖြင့် အပျော်ဓာတ်တွေပဲ စတင် ဥဖွဲ့ကြီးထွားလာသည်ချည်း ဖြစ်သည်။ ဟုတ် သည်… ။ အဲသည်တုန်းက ပြည်သူ့သင်္ကြန်၊ လူထုသင်္ကြန်၊ ယဉ်ကျေးမှုသင်္ကြန်၊ အယုတ်အလတ်အမြတ်မရွေး အားလုံး ကိုယ်စားပြုသင်္ကြန် ဖြစ်သည်။

ထိုစဉ်ကာလ… ညောင်းရွက်ကျ၊ တောင်လေမြူးစ ဆိုလျှင်ပင်…၊ တီးလုံးကွက်ဝါသနာပါသူတိုင်း၊ နှုတ်ဖျားတွင် သင်္ကြန် တီးလုံးတီးကွက်ကို ရွတ်ဆိုကြည့်ကာ အနားရှိ မယ်ဒလင်၊ တယော၊ ပတ္တလားတို့ဖြင့် တို့ခတ်ကြည့်မိသည်ချည်း ဖြစ်၏။ သီချင်းကဗျာဝါသနာပါသူတိုင်းလည်း သင်္ကြန်တေးတစကို စိတ်ထဲပေါ်သည်နှင့် ဗလာစာအုပ်၊ စာရွက်ထဲချက်ချင်း ရေးချ သီကုံးမိကြသည်ချည်း ဖြစ်သည်။

အလားတူ လက်မှုပညာနှင့် ပန်းချီဝါသနာပါသူကလည်း စာရွက်လွတ်တရွက်မှာ အလှပြမဏ္ဍပ်ပုံစံ၊ အလှပြရေသဘင်ကား ပုံစံကောက်ကြောင်းတွေခြစ်ကြည့်နေကြသည်။ အတီးအမှုတ်ဝါသနာပါသူကလည်း စန္ဒရား၊ တယော၊ ဂစ်တာ… နီးစပ်ရာ ဖြင့် အသံညှိ၊ တို့ထိ တေးတစ ဖန်တီးနေကြပြီ။

သံချပ်ဝါသနာပါသူတွေက အချင်းချင်း ခေါင်းချင်းဆိုင်ပြီး၊ အကြောင်းအရာတခုအပေါ် ပုဂ္ဂိုလ်ရေးလား၊ အမျိုးသားရေး လား။ သာမညလား၊ အဓိကလား။ ပဋိပက္ခလား၊ သမူဟလား။ ရန်တိုက်တာလား၊ စံကိုက်တာလား…။ ငြင်းခုန်ဆွေးနွေးပြီး မှတ်စုထုတ်နေကြပြီ။

တကယ်တော့ သင်္ကြန်ဆိုတာ မြန်မာပြည်တွင်း၌ နေထိုင်သော ပုပုရွရွ လူမှန်သမျှနှင့် သက်ဆိုင်သည်။ ဦးတည်ချက်က အမျိုးသားရေးဆိုင်ရာ ယဉ်ကျေးမှု ပြယုဂ်…။ သင်္ကြန်ကို လက်ဝါးကြီးအုပ်လို့မရ…။ သင်္ကြန်ကို သံဆူးကြိုးခတ် ကန့်သတ် လို့မရ…။

သင်္ကြန်ကို ဆိုဖာခုံ၊ ဆက်တီ၊ အပူအအေး စားသောက်ဖွယ်ရာနှင့် အခွင့်ထူးခံလို့မရ …။ သင်္ကြန်ကို ကော်ဇောနီခင်း၊ ဝင်ခွင့် လက်မှတ်ဖြင့် ဗီအိုင်ပီ သီးသန့်လုပ်လို့မရ …။ သင်္ကြန်ကို စိတ်တော်သိ ဗောင်းတော် … မူဖြင့် အမှတ်ပေး အကဲဖြတ်လို့ မရ … ။ သင်္ကြန်ကို ငွေအရင်းအနှီးထုတ်၊ နေရာအပိုင်စားဝယ်…၊လက်မှတ်ပြန်ရောင်း  အမြတ်ထုတ် စီးပွားဖြစ် လုပ်လို့ မရ။ သင်္ကြန်ကို လက်ဝါးရိုက်စည်းဝေးဆုံးဖြတ်၊ ငွေသိန်းရာချီသုံးပြီး ပျော်တော်ဆက်ခံလို့မရ။

သင်္ကြန်ကို ခေတ်ပေါ်လက်ညှိုးထိုး၊ အဟောင်းနှာခေါင်းရှုံ့…၊ လူ့တော်သလင်းပွဲ တရားဝင်ကျင်းပလို့ မရ…။ သင်္ကြန်ကို အစဉ်အလာရွှေမျက်နှာဖုံး စက္ကန့် ၃၀ စာ တီဗီရိုက်လွှင့်ပြီး… တချိန်လုံး ပျော်သလိုသာနေကိုယ့်လူရေ … ထင်ရာကဲလို့ မရ …။

မန္တလေးသည် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်များနှင့်ပတ်သက်၍မူ အစဉ်အလာမှတ်တိုင်များကို သမိုင်းတန်ဖိုး ရှိရှိစိုက် ထူနိုင်ခဲ့သည်။ ထိုမှတ်တိုင်များက သမိုင်းတန်ဖိုးရှိခဲ့၏။ အမျိုးသားရေးဆိုင်ရာ အမှတ်အသားများလည်း ဖြစ်ခဲ့၏။ ဂုဏ်ပုဒ် ဝိသေသများလည်းဖြစ်ခဲ့၏။

သာမန်တဦးနှင့် တဦးရေပက်ကစားကြရာမှ … ၁၉၂၀ ဝန်းကျင်တွင် ကုန်တိုက်၊ ကုမ္ပဏီများ သုံးသောထရပ်ကားကြီး တွေပေါ် ရေစည်ပိုင်း၊ ရေပုံးများတင်ကာ တစ်ပြဝင် တစ်ပြထွက် ရေပက်ကစားကြသည့် အစဉ်အလာတွေ ပေါ်ပေါက် လာသည်။

တနှစ် နှစ်နှစ်အတွင်း ထိုရေပက်ခံကားကြီးတွေပေါ်မှာ ရေစိုခံတူရိယာပစ္စည်းတွေ ပါဝင်လာကာ တီးမှုတ်သီဆို ဖျော်ဖြေမှု တွေ တိုးလာသည်။ ဒီလို ရေပက်ခံကားတွေလာရောက် ရေပက်ကစားသီဆိုတီးမှုတ်ကြလျှင် ရေပက်အဖွဲ့တွေကလည်း ပြန် လည်ဧည့်ခံကြဖို့ ရေပက်မဏ္ဍပ်တွေမှာ တီးဝိုင်းအဖွဲ့တွေပါဝင်လာကြသည်။ နောက်တော့ ဝါသနာရှင်အသီးသီး၏ ကိုယ်ပိုင် သီချင်း၊ ကိုယ်ပိုင်တီးလုံးတွေပါလာတာပေါ့။ ကားတွေ မဏ္ဍပ်တွေ အလှဆင် ပသာဒ အသွင်ခြယ်မှုန်းဖန်တီးမှုတွေ ပါလာ တာပေါ့။

“မိုး… မိုး… မိုးလားမောင်တို့
လေ… လေ… လေလားမောင်တို့
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ…
အမောပြေအောင် သောက်ပါ့ မမ…”
“သူများပျော်လို့ မပျော်နိုင်…
ရည်းစားပျောက်လို့ မှိုင်…”ဟူသော သမရိုးကျ သံချပ်များအစား အမြင်မတော်တာ သရော်သည့် သံချပ်တွေထိုး လာကြ သည်။

ဤသို့ဖြင့် နိုင်ငံ၏ နောက်ခံကားချပ်များက သင်္ကြန်မှာ မဖြစ်မနေ ပုံရိပ်ထင်လာတော့သည်။ လွတ်လပ်ရေး တိုက်ပွဲအရှိန် အဟုန်မြင့်လာသည့် ၁၃၀၀ပြည့်နှစ် သင်္ကြန်မှာ မန္တလေး သင်္ကြန်အဖွဲ့သားများကလည်း ခေတ်ကို ထင်ဟပ်သည့် သင်္ကြန် သီချင်းများရေးစပ်လာကြသည်။ အထူးသဖြင့် မျိုးရိုးဇာတိဝံသာနုစိတ်ဓာတ်ကို ပြန်လည်ဖေါ်ထုတ် သတိရစေလိုမှုကို ဦးစား ပေးလာကြ၏။

ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ဒဏ်ကြောင့် ပျက်စီးနေသော မန္တလေးမြို့ကြီး၏ ၁၉၄၅ခုနှစ် သင်္ကြန်အကြိုကာလတွင် ‘ဖြစ် ဟဲ့ဆို … ဖြစ်ရမယ်တဲ့ တက်ခေတ် လူငယ်များ၊ အားအင်တောင့်တင်းစေ…’ ဟုလှုံ့ဆော်ကာ ပြည်တော်ဝင် သင်္ကြန် ဆင်နွဲ ခဲ့ကြသည်။

၁၉၄၇ခုနှစ်မှာတော့ သင်္ကြန်အရှိန်ကို ပြန်လည်မြှင့်တင်ခဲ့ကြသည်။ အသင်းအဖွဲ့များအားလုံး နီးနီးက လွတ်လပ်ရေး တိုက် ပွဲနှင့် အမျိုးသားနိုင်ငံတော်သစ်ထူထောင်ရေး ပြယုဂ်၊ ပုံရိပ်များကို ဦးတည်ခဲ့ကြသည်။ ထိုနှစ်မှာပဲ ယခုထက်တိုင် နာမည် ကျော် သင်္ကြန်သီချင်းတပုဒ်အဖြစ် ခိုင်မာဆဲဖြစ်သည့် ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းကို ဆရာမြို့မငြိမ်းက ရေးစပ်ကာမြို့မ အလှပြယာဉ်က စတင်သီဆိုခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီးကြောင့်မငြိမ်မသက်ဖြစ်ကာ နိုင်ငံထူထောင်ရေးနှောင့်နှေးခဲ့မှုကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းဦးဆောင်ပြီး တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များစုစည်း၍ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အရှိန်အဟုန်ကြီးမားခဲ့ သည်။ ထို့ကြောင့် ၁၉၅၀ခုနှစ် (၁၃၁၁ ခု မှ ၁၃၁၂ ခုနှစ်အကူး) သင်္ကြန်ကို ‘ငြိမ်းချမ်းရေးသင်္ကြန်’ဟု ကမ္ပည်းတင်ကာ မန္တ လေးသင်္ကြန်ကို ‘ငြိမ်းချမ်းရေး’သို့ ဦးတည်၍ မြို့လုံးကျွတ် ဝှဲချီးကျင်းပခဲ့ကြ၏။

‘ပိတောက်တွေ ဝေဝေလွင်လွင်…၊ ရွှေစင်အိအိ
ဖူးပွင့်တဲ့… သည်ချိန်တွင်
ဗမာပြည်တခွင်… ဘေးအပေါင်း ရန်အပေါင်း လွင့်ကြွေလွင့်
ငြိမ်းချမ်းရေး ရွက်သစ်နုတို့လို
ခါတော်ရေစင်မှီးလို့ ဝေစည်လွင်လွင်
ငွေငန်းဆုတောင်း၊ အောင်ကြောင်းကိုဆင်…’ ဟု လည်း မြို့မငြိမ်းက သင်္ကြန်တေးတပုဒ်ရေးစပ်ခဲ့သည်။

ထိုနှစ်ပြီး နောက်နှစ်တွင်လည်း ပင်လုံစိတ်ဓာတ်ဖြင့် ဖွဲ့စည်းရယူခဲ့သောလွတ်လပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံတော်ပြယုဂ်အဖြစ်‘ ပြည်ထောင်စုသင်္ကြန်’ကို မန္တလေးတွင် ခမ်းနားစွာ ဆင်နွဲခဲ့ပြန်သည်။ ၁၉၅၁ခု (သက္ကရာဇ် ၁၃၁၂ခု မှ ၁၃၁၃ခုနှစ်အကူး) သင်္ကြန်ပွဲတော်ဖြစ်သည်။

ထိုစဉ်က နိုင်ငံတော်သမ္မတနှင့် ဝန်ကြီးချုပ်အပါအဝင် အကြီးအကဲများနှင့်ရာချီ၍ရှိသော အလှပြယာဉ်၊ အလှပြ မဏ္ဍပ်၊ သံချပ်အသင်း၊ ရေပက်အသင်းများနှင့် မြို့လုံးကျွတ် ဆင်နွဲကြသည့်သင်္ကြန်မို့ ပြည်သူ့သင်္ကြန်၊ လူထုသင်္ကြန်အသွင် အပီ ပြင်ဆုံးဖြစ်ခဲ့သည်။ သင်္ကြန်၏ ပြယုဂ်များကလည်း ရိုးရာယဉ်ကျေးမှုကိုအခြေခံပြီး လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ပြည် ထောင်စု စိတ်ဓာတ်ခိုင်မြဲရေးကို ပြဆိုခဲ့ကြသည်။

နောက်ပိုင်း မန္တလေးသင်္ကြန်များတွင်တော့ နိုင်ငံရေးကို နောက်ခံပြုသည့် အထိမ်းအမှတ်များမရှိခဲ့သောလည်း အမျိုးသား ယဉ်ကျေးမှုမဏ္ဍိုင်ကိုတော့ ခိုင်ခိုင်ကြီး စိုက်ထူခဲ့ကြသည့် ‘လူထုသင်္ကြန်’များက အများစု ဖြစ်ခဲ့သည်။

ရာချီရှိသော အလှပြယာဉ်များ၊ ရာချီရှိသော အလှပြမဏ္ဍပ်များ၊ ပြတိုင်းစေ့ ရပ်ကွက်တိုင်းစေ့ ရေပက်မဏ္ဍပ်များ၊ နိုင်ငံ ရေးသဘောထားခိုင်မာမှု တခု ဦးတည်သည့်သံချပ်အသင်းများ…စသည်ဖြင့် အယုတ်အလတ်အမြတ်မရွေး ပျော်ရွင်ကြည် နူးခဲ့ကြသည့် သင်္ကြန်များ ဖြစ်ပါ၏။ ၁၉၈၀ကျော် ကာလများအထိဆိုပါ တော့…။ထိုကာလများ၏ အသီးအပွင့်အဖြစ် နာ မည်ကျော် ‘သင်္ကြန် မိုး’ရုပ်ရှင် ဇာတ်ကားကြီးက ၁၉၈၄ခုနှစ်တွင် ပေါ်ထွက်ခဲ့ပြန်သည်။

၁၉၉၀ ကျော်မှ ပြီးခဲ့သည် ၂၀၁၅ခုနှစ်သင်္ကြန်အထိ မြင်ကွင်းများကိုတော့မပြောပါရစေနှင့်တော့…။ မြင်ကြ၊ ကြားကြ၊ သိ ကြ၊  ကြုံကြ၊ ခံစားခဲ့ကြပြီးဖြစ်ပါ သည်။ ကျနော်လည်း အဖန်တလဲလဲ ရေးခဲ့၊ ပြောခဲ့ပြီးပါပြီ။ ‘တန်ဖိုး’ဟူသော စံဖြင့်ပဲ တိုင်း ကြရပါမည်။ ဘာတန်ဖိုးလည်း ငွေကြေး၊ စီးပွားရေး၊ အရေအတွက် မဟုတ်…။ ‘အမျိုးသားရေးတန်ဖိုး’ကို ဆိုလိုပါသည်။ ကိုင်း… ဒါဖြင့် …။

မကြာတော့ပါ…။ လပိုင်းရက်ပိုင်းအတွင်း ၂၀၁၆ခုနှစ် (သက္ကရာဇ် ၁၃၇၇မှ ၁၃၇၈ခု အကူး) မဟာသင်္ကြန်ကြီး ရောက်လာပါ တော့မည်။ တိုင်းပြည် ၏ အဓိကပင်စည် နိုင်ငံရေးကြီး ပြောင်းလဲသွားပြီတဲ့…။ အမျိုးသားကြီးပွားတိုးတက်ရေးကို အဓိက အခြေခံသော ပြောင်းလဲမှုတဲ့…။ အမျိုးသားနိုင်ငံရေး၊ အမျိုးသားစီးပွားရေး၊ အမျိုးသားယဉ်ကျေးမှု…။

ကိုင်း… ဒါဖြင့်… အမျိုးသား ပြယုဂ်တစ်ခုအဖြစ် တစ်ချိန်က ထင်ရှားခဲ့တဲ့ မန္တလေးသင်္ကြန်ကရော အခုနှစ်မှာ အခါတိုင်း နှစ်တွေလို… နေရာ မဲနှိုက်၊ စပွန်ဆာတောင်း၊ လက်မှတ်ရောင်း၊ ကျုံးရေဖြုန်း၊ စလီဘယ်ရီတွေ သိန်းရာချီပေး၊ အများပြည် သူဆိုင်ရာဌာန မဏ္ဍပ်ကြီးတွေက သိန်းထောင်ချီသုံး၊ ပြည်သူဆီက သင်္ကြန်ကြေးဖြတ်…၊သင်္ကြန်အကြိုနေ့ စက္ကန့်ပိုင်းလေးပဲ ‘မြူမှောင်ဝေကင်း၊ ငွေအဆင်း စန္ဒာ့…’ ပြီးတာနဲ့ စည်းမရှိ၊ ကမ်းမရှိ…ထင်တိုင်းကျဲကြဦးမှာလား…။

လာမည့် မန္တလေးသင်္ကြန်၊ သင်္ကြန်အကျနေ့မှ ရေစပက်၊ ညနေ၅နာရီထိုးတာနှင့် ရေပက်ရပ်…၊ အပြတိုင်း ရပ်ကွက်တိုင်း ရေသဘင်မဏ္ဍပ်တွေရာချီ၊ အလှပြယဉ်တွေရာချီ…၊ တူးပို့ တူးပို့ ရိုးရာသင်္ကြန်သီချင်းအသစ်တွေရာချီ…၊ ခေတ်ကို ထင် ဟပ်တဲ့ သံချပ်သံတွေ ဝေစည်တဲ့ ‘လူထုသင်္ကြန်’ ‘ပြည်သူ့သင်္ကြန်’ အသွင် အားလုံးပါဝင်ပြောင်းလဲရင်ဖြင့်…။

လောလောဆယ်တော့  (၂၉-၂-၂၀၁၆) နေ့မှာပဲ မန္တလေးစည်ပင်သာယာရေးကော်မီတီက သင်္ကြန်နှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်လိုက်သည်။ ဒီနှစ်သင်္ကြန်ကလည်း အရင်နှစ်တွေလိုပဲ မပြောင်းမလဲ ကျုံးနံဘေးမှာ မဏ္ဍပ်တွေ တင်ဒါ ခေါ် နေရာချပေးပြီး မဏ္ဍပ်တစ်လုံး ရေပိုက်ခေါင်းတွေ ရာချီသုံးကာ ရေတွေ ဒလကြမ်းသုံးကြဦးမှာတဲ့။

မန္တလေး စည်ပင်သာယာရေး ကော်မီတီကဖြင့် အစိုးရသစ်ကို စိန်ခေါ်နေလေပြီ။

Loading