ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်(ဇင်းမယ်မြို့)က Songkran လို့ခေါ်တဲ့ မဟာသင်္ကြန်ပွဲဟာ လူသိများစည်ကားတဲ့ သင်္ကြန်ပွဲ တခုဖြစ်ပြီး ချင်းမိုင်ရောက် မြန်မာတွေလည်း ဝင်ရောက်ဆင်နွဲကြပါတယ်။
သင်္ကြန်ရက်ဆို ချင်းမိုင်ကျုံးဘေး ပတ်လည်မှာ လမ်းလျှောက်လို့ တဖုံ ဆိုင်ကယ်တွေနဲ့ တမျိုး ရေပက်ခံထွက်ကြသလို၊ တချို့က လည်း ကားပေါ်မှာ ရေတိုင်ကီတင်ကာ ရေခဲတုံးတွေထည့်ပြီး ရေကစားထွက်ကြပါတယ်။ လမ်းလျှောက်လာသူတွေကတော့ ကျုံးရေကို ပလတ်စတစ် ပုံးလေးတွေနဲ့ ခပ်ပြီးပက်၊ ဒါမှမဟုတ် ရေပြွတ်သေနတ်တွေအသုံးပြုပြီး ကိုယ်ကြိုက်တဲ့သူကို ရွေးပြီး ရေပက်ကြပေါ့၊ ကျုံးထဲမှာလည်း ရေဆင်းကူးသူတွေကလည်းကူးနဲ့ စည်ကားလှပါတယ်။
ဒီနှစ်ချင်းမိုင်သင်္ကြန်ထူးခြားချက်က ဇင်းမယ်မြို့တည်တာ နှစ်ပေါင်း ၇၂၀ ပြည့်တဲ့အထိမ်းအမှတ်နဲ့ တိုက်ဆိုင်နေတဲ့အပြင် ရိုးရာ ယဉ်ကျေးမှု ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ အကမယ် ၇၂၀ဟာ ပရိတ်သတ်ကို ကပြဖျော်ဖြေမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
ဒါကြောင့်လည်း ချင်းမိုင်အာဏာပိုင်တွေဟာ အခုလို ထူးခြားတဲ့ နှစ်ပေါင်း ၇၂၀ ပြည့်တဲ့နှစ်မှာ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့နဲ့ ပြသဖို့ ဆန္ဒရှိနေတဲ့အတွက် သရုပ်ပျက်သင်္ကြန်မဖြစ်ရေး တင်းကျပ်တဲ့ စည်းကမ်းထုတ်လိုက်တာကြောင့် သင်္ကြန် လည်ပတ်ဖို့ပြင် ဆင်နေကြတဲ့ ထိုင်းလူငယ်တွေ ကတော့ စိတ်ပျက်နေကြပါတယ်။
တင်းကြပ်တဲ့ တားမြစ်ချက်တွေ
ဒီနှစ် ထိုင်းသင်္ကြန်ရဲ့ စည်းကမ်းချက်တွေဟာ ခါတိုင်းနှစ်တွေထက် ပိုမိုတင်းကြပ်လိုက်တာကိုတွေ့ရပါတယ်။ ထိုင်းအစိုးရက နိုင်ငံအတွင်း သင်္ကြန်ကာလ ယာဉ်မတော်တဆမှုတွေ ထိန်းသိမ်းနိုင်ဖို့ဆိုကာ ဧပြီလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့ အတွင်း ယာဉ်မောင်းသူတွေအနေနဲ့ အရက်သောက်မောင်းနှင်ကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအတွက် သင်္ကြန်ကာလ သတ်မှတ်ရက်ဖြစ်တဲ့ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း နေရာအနှံ့အပြားမှာ စစ်ဆေးရေး ဂိတ် တွေ ချပြီး မွန်းလွဲ ၃ နာရီကနေ ည ၁၀ နာရီအတွင်း အရက်သေစာသောက်စားထားမှုကို တားဆီးစစ်ဆေးမှု တွေပြုလုပ်သွား မယ်လို့ ဆိုပါတယ်။ စစ်ဆေးတဲ့ အခါ အရက်သောက်ပြီး မောင်းနှင်လာသူကို ဖမ်းဆီးပြီး ထောင် ၆ လ ပြစ်ဒဏ်ပေး အရေးယူ မှာဖြစ်သလို ကားကိုလည်း သိမ်း ဆည်းသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ချင်းမိုင်မြို့ရေသဘင်ပွဲ အစည်ကားဆုံးနေရာဖြစ်တဲ့ ကျုံးပတ်လည်မှာ သင်္ကြန်ကာလ အရက်သေစာ ရောင်းချတာကို ခွင့်မပြု သလို အရက်သေစာ သောက်စားတာကိုလည်း တားမြစ်ထားပြီး တွေ့ရှိရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အမိန့်တွေထုတ်ပြန်ထားပါတယ်။
အရင်နှစ်တွေတုန်းကလည်း ကျုံးဘေးမှာ အချုပ်ကားတွေကိုပါ အဆင်သင့်ရပ်ထားပြီး အရက်သေစာ သောက်စားပြီး မူးယစ် ရမ်းကားမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်တာနဲ့ ဖမ်းဆီးခဲ့ပါတယ်။
သင်္ကြန်ကာလအတွင်း ကားဂိတ်၊ ရထားဘူတာတွေအပါအဝင် ကားနဲ့ ရထားတွေပေါ်မှာ အရက်သေစာရောင်းဝယ်ခြင်း၊ သောက်စားခြင်းတွေကို ပိတ်ပင်ထားပြီး သင်္ကြန်ကာလ အရက်ရောင်းချမှုကိုလည်း နေ့လည် ၁၁ နာရီမှ နေ့လည် ၂ နာရီအထိ တကြိမ်၊ ညနေ ၅ နာရီမှ ည ၁၂ နာရီ အထိ တကြိမ် တရက်ကို နှစ်ကြိမ်သာ အကန့်အသတ်နဲ့ရောင်းချခွင့် ပြုသွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ရေပက်တဲ့အခါမှာလည်း အင်အားပြင်း ရေပိုက်တွေကို သုံးစွဲခွင့်မပြုတော့သလို ၁၀ လီတာ အထက်ရှိတဲ့ ရေဗူးတွေကို အသုံးပြုမှု ပိတ်ပင်လိုက်ပါတယ်၊ မြို့တည်နှစ် ၇၂၀ ပြည့်ပွဲတော်ကျင်းပရာနေရာတွေမှာ ရေပုံးတွေ တင်ပြီး ရေပက်ခံ ထွက် တဲ့ကားတွေ သွားလာခွင့် ပိတ်ပင်ထားပါတယ်။
အရင်နှစ်တွေကတော့ ကျုံးပတ်လည် စီးပွားရေး ကုမ္မဏီကြီးတွေရဲ့ မဏ္ဍပ်တွေမှာ ကုန်ပစ္စည်း ကြော်ငြာအတွက် လိင်စွဲဆောင်မှု ဆန်တဲ့ အဝတ်အစားတွေ ဝတ်ကာ ကပြ ကြော်ငြာခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ခွင့်မပြုတော့ဘဲ ရိုးရာယဉ်ကျေးမှု အဝတ်အစား တွေနဲ့သာ ကပြဖျော်ဖြေခွင့် ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။
အစိုးရက ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင် ရွက်မယ်လို့သိရပါတယ်။
ဒါတင်မကနိုင်ငံတွင်း မိုးခေါင်ရေရှားမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာမို့ ဒီနှစ် သင်္ကြန်ပွဲ တော်ကာလတွင်းမှာ ရေကို ချွေတာသုံးစွဲကြဖို့လည်း ဆော်သြထားပါတယ်။
ဒီလို တင်းကျပ်တဲ့ ထုတ်ပြန်ချက်တွေကြောင့် ထိုင်းခရီးသွားလုပ်ငန်းတွေကိုထိခိုက်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ ခုနှစ်က သင်္ကြန် ၅ ရက်တာကာလအတွင်း ခရီးသွား လုပ်ငန်းကနေ ဘတ် သန်း ၁ ထောင်ကျော် ရရှိခဲ့တယ်လို့ သင်္ကြန်အပြီးမှာ ထိုင်းခရီးသွားလုပ်ငန်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်သင်္ကြန် တင်းကျပ်တဲ့စည်းကမ်းတွေကြောင့် ချင်းမိုင်သင်္ကြန် ဘယ်လိုအပြောင်း အလဲတွေဖြစ်မလဲဆိုပြီး လူတွေ စိတ်ဝင် စား နေကြပေမယ့်လည်း ချင်းမိုင်ကျုံးနံဘေးက ပိတောက်တွေ၊ ငုဝါပန်းတွေနဲ့ ပျဉ်းမပန်းတွေကတော့ သင်္ကြန်ကို ကြိုနေကြပါပြီ။
ရွှေ့ပြောင်း မြန်မာလုပ်သားတွေနဲ့ ဇင်းမယ် သင်္ကြန်
ချင်းမိုင်မြို့မှာ မြန်မာရွှေ့ပြောင်း လုပ်သား စုစုပေါင်း တသိန်းကျော်ရှိပြီး နှစ်တိုင်းစည်စည်ကားကား ကျင်းပတဲ့ ချင်းမိုင်သင်္ကြန်ကို သူတို့လည်း ပါဝင်ဆင်နွှဲကြပါတယ်။ ဒီနှစ် ထိုင်းအစိုးရက ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေက မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေအတွက်တော့ ရိုက်ခတ်မှု ကြီးကြီးမားမား ရှိမှာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုရင် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းတွေလိုပဲ ချင်းမိုင်ကျုံးပတ်လည်မှာ ရေကစားထွက်ကြတွေ ပေမယ်လို့ တားမြစ်ထားတဲ့ စည်းကမ်း ချိုးဖောက်မှုတွေနည်းပါတယ်။ တချို့လည်း သူငယ်ချင်းတွေ အိမ်မှာ စုပေါင်းပြီး ချက်ပြုတ်စားသောက်ကြသလို၊ ဘုန်းကြီး ကျောင်းတွေမှာ ဒုလ္လဘ ရဟန်းခံကြတာ၊ သီလရှင်ဝတ်တာ၊ တရားစခန်းဝင်တာ၊ သီလ ဆောက်တည်ကြတာ များပါတယ်။
ဒီနှစ်ချင်းမိုင်သင်္ကြန် ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ စီတန်းလှည့်လည်ပြသမယ့် အထဲမှာ ချင်းမိုင်ကျုံးထောင့်က “ဝပ်ဆိုင်းမွန်း”လို့ ခေါ်တဲ့ မြန်မာ ဘုန်းတော်ကြီး ကျောင်းကို ကိုယ်စားပြုတဲ့ မြန်မာ့ အတာသင်္ကြန်ယိမ်းအဖွဲ့လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ချင်းမိုင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၄၈ ကျောင်းကို ကိုယ်စားပြုတဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စုံတွေနဲ့ လှည့်လည် ပြသမှာဖြစ်တောကြောင့် မြန်မာဘုန်းကြီးကျောင်းကို ကိုယ်စားပြုတဲ့ အဖွဲ့တွေကတော့ ငွေငန်းဖြူနဲ့ သင်္ကြန်ယိမ်း ပါမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က စပြီး ၅ နှစ်ဆက်တိုက် ပါဝင်ဆင်နွှဲတဲ့ မြန်မာ သင်္ကြန်ယိမ်းအဖွဲ့ဟာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ထိုင်းတွေအတွက် စိတ်ဝင် စားစရာတခုဖြစ်ပြီး စီတန်းလှည့်လည်တဲ့ အဖွဲ့ထဲမှာ စိတ်ဝင်စားခံရဆုံးအဖွဲ့လည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကဆိုရင် ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ရပ်ဝေးမြေခြား တိုင်းတပါးကိုရောက်ရှိနေပေမယ့် ထိုင်းနိုင်ငံမှာလည်း သင်္ကြန်ပွဲတော် ရှိတာကြောင့် ပါဝင်ဆင်နွှဲခွင့်ရကြပါတယ်။ ထိုင်းအစိုးရက ဒီနှစ်အသစ်ထုတ်လိုက်တဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေက မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကို ကြီးကြီးမားမား ရိုက်ခတ်မှု ရှိမှာ မဟုတ်ပေမယ့် တကယ်လို့ လိုအပ်ချက်တွေရှိနေမယ် ဆိုရင်လည်း အမိ မြန်မာပြည်က တူးပို့ သင်္ကြန်သီချင်းတွေနဲ့ မုန့်လုံးရေပေါ်ပဲဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၁၆ ခုနှစ်ရိုးရာ အတာသင်္ကြန် ကာလအတွင်း စီးပွားဖြစ် မဏ္ဍပ်တွေ ဆောက် လုပ်ခွင့်မပေးတော့ပဲ၊ မိသားစုနဲ့ ကုမ္ပဏီ မဏ္ဍပ်တချို့ကိုသာ ဆောက်လုပ်ခွင့်ပေးမယ်လို့ ထုတ်ပြန်လိုက်တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ ကန့်သတ်မှုအပေါ်မှာ ဝေဖန်သူတွေရှိနေကြသလို စီးပွားဖြစ် မဏ္ဍပ်တွေဟာ မူးယစ်ဆေးဝါး၊ အရက်သေစာ၊ လိင်မှုကိစ္စတွေ၊ သရုပ်ပျက်မှုတွေကို မြင့်တက်စေတယ်လို့ အမြင်ရှိသူ တွေကလည်း ပိတ်ပင် ကန့်သတ်လိုက်တဲ့အပေါ် ထောက်ခံကြိုဆိုကြတာလည်းတွေ့ရပါတယ်။
ဘယ်လိုပဲ ဝေဖန်မှုတွေရှိနေပါစေ ၂၀၁၆ ခုနှစ် အတာသင်္ကြန်ကတော့ မြန်မာနဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့ ရိုးရာယဉ်ကျေးမှု ပုံသဏ္ဍန် ပြန်လည် ပီပြင်လာစေဖို့ လုပ်ဆောင်နေတာကို တွေ့နေရပြီလို့ ဆိုနိုင်ပါတယ်။