အထိန်းသိမ်း ခံနေရစဉ်က တန်ခူးလ တနေ့၌ ဘယ်သူ လာပေးသည် မမှတ်မိ၊ ပိတောက်တခက် ရလိုက်သည်။ ကျနော့် ရင်ထဲ၌ ပီတိလှိုင်း ထလာတော့သည်။ ပိတောက်ပန်းရနံ့မှာ သင်းမြမြ၊ အကျဉ်းထောင်တွင် နေခဲ့ရသော ရက်များ၌ ပိတောက်ပန်းရသည့်နေ့မှာ အကြည်နူးဆုံးသော နေ့တနေ့ ဖြစ်သည်။
မှောင်မိုက်သောည၌ လှပသော ကြယ်တပွင့်ကို မြင်လိုက်ရခြင်းပင် ဖြစ်သည်။ ကျနော်သည် ပိတောက်ခက်ကလေးကို ရေထဲ၌ စိုက်ကာ အိပ်ရာခေါင်းရင်းဘက်၌ အမြတ်တနိုး ထားလိုက်သည်။
ပထမပိတောက်၊ ရွှေရောင်ဖြင့် ရင်ခုန်နေသော ပိတောက်၊ မြန်မာ့အလှ၏ အမှတ်အသား ပိတောက်၊ နှစ်သစ်၏ သင်္ကေတ ပိတောက်၊ ကျနော် လွတ်သည်အထိ ပိတောက်ပန်းခြောက်ကလေးမှာ စာအုပ်ကြား၌ ညပ်လျက်။ အရောင် မှိန်ပျော့သွား သော်လည်း ကျနော်က စိတ်ကူးဖြင့် ကြည့်လိုက်သော အခါ ပိတောက်ပန်းခြောက်ကလေးမှာလည်း လန်းဆန်းလာသည်။ ပိတောက်ပန်းသည် ကျနော့်အား အားသစ်ကို မွေးစေသည်။ ပိတောက်ရနံ့ကြောင့် ကျနော် ရင်ခုန်ရသည်။ မောလျ ရသည်။
ကျနော်သည် ၁၄-၅ နှစ် အရွယ်ကစ၍ ပိတောက်ပန်း ကဗျာများ ရေးစပ်လာခဲ့ဖူးသည်။ ပိတောက်ဝေဝေ၊ တော်လှန်မှု၊ ပထမ ပိတောက်၊ ခံစားမှု တမျိုးစီ ဖြစ်ကြသည်။ အချစ်လည်းပါသည်။ အဘိဓမ္မာလည်း ပါသည်။ အလှအာရုံလည်း ပါသည်။ တော်လှန်ရေးလည်း ပါသည်။ အချိန်အခါ အမျိုးမျိုး၌ စိတ်အခြေအနေ အမျိုးမျိုးကြောင့် ခံစားရာကို စီဖွဲ့လိုက်ခြင်း ဖြစ်သည်။
တခါက ချီလီပြည်မှ ကဗျာဆရာကြီး ပါဗလို နိရူဒါနှင့် တွေ့ရာ သူက “ကျနော် မြန်မာပြည်က ပိတောက်ပန်းကို သတိရနေ ပါတယ်” ဟု ပြောလိုက်သည်။ သူသည် မြန်မာပြည်၌ ၁၉၃၀ ခုလောက်က နေဖူးသည်။ ကဗျာဆရာက ပိတောက်ပန်းကို မြန်မာပြည်၏ အထိမ်းအမှတ်အဖြစ် သတိရနေဟန်ရှိသည်။
ပီကင်း၊ မော်စကိုသွား လေယာဉ်၌ အရှေ့ဥရောပ ပြည်တပြည်မှ ကချေသည် အမျိုးသမီး မာရီယာနှင့် ပန်းအကြောင်း စကားစပ်မိကြရာ သူက “ရှင်ပြောတဲ့ ပိတောက်ပန်းဆိုတာ သိပ်လှသလား” ဟု မေးသည်။
“ရှင် ပိတောက်ပန်းအကြောင်း ရေးထားတဲ့ ရှင့်ကဗျာကို ရွတ်ပြပါလားရှင်”
ကျနော်က ပထမပိတောက် ကဗျာကို ရွတ်ပြသည်။
“ကျမတို့ဆီမှာလည်း ဒေစီပန်းဟာ သိပ်လှတယ်၊ ရှင်တို့ ရွှေပိတောက်လိုပဲ၊ အဝါရောင်ပဲ၊ ပိတောက်ပန်းနဲ့ ဒေစီပန်း ဘယ်ဟာက လှမလဲဟင်”
“ကျနော် ဒေစီကို မြင်ဖူးပါတယ်၊ တမျိုးစီ လှကြတာပါပဲ၊ နှိုင်းယှဉ်လို့ မရပါဘူး၊ အထူးသဖြင့် အလှဗေဒပညာတွေမှာ အရှေ့ နဲ့ အနောက် မတူကြပါဘူး၊ မတူတဲ့အတွက်လည်း နှိုင်းယှဉ်လို့ မရဘူးလို့ သဘောရပါတယ်”
ပြောရင်း မွန်ဂိုလျမြို့တော် အူလန်တာတော လေဆိပ်သို့ လေယာဉ်ပျံဆင်းနေသဖြင့် စကားမဆက်နိုင်တော့။ သူမလည်း ကျနော့်အား ရီရီဝေဝေ ငေးကြည့်နေသည်။ နားလည်လေသလား၊ မလည်လေသလား မသိ။
တခါက အနောက်နိုင်ငံ တေးသီချင်းများကို နှစ်သက်သော လူရွယ်တဦးက “ကျနော်တို့ မြန်မာ့ဂီတက အင်္ဂလိပ် ဂီတကို မမီဘူးဗျ၊ အင်္ဂလိပ်မှာက Chord (မိတ်ဖက်သံတွဲ) တို့ Bass (ဘယ်လိုက်သံ) တို့ ပါတယ်၊ မြန်မာမှာ မရှိဘူးဗျ” ဟု ပြောသည်ကို ကြားရဖူးသည်။ သူသည် အင်္ဂလိပ်တေးကို မတောက်တခေါက် တီးတတ်၍ မြန်မာသီချင်းကိုမူ မတတ်ချေ။
နောက်တယောက်မှာ မြန်မာရှေးသီချင်းကြီးများကို နှစ်သက်သော လူလတ်တယောက် ဖြစ်သည်။ သူက “ကျနော်တို့ မြန်မာသီချင်းကြီးက သိပ်အထက်တန်းကျတာဗျ၊ ဘယ်လိုလူမှ လိုက်မမီဘူး၊ သူတို့ အင်္ဂလိပ်မှာက သီချင်းကြီးဆိုတာမှ မရှိဘဲ” ဟု ပြောလိုက်သည်။
ပထမ အယူအဆ ရှိသူမှာ မြန်မာသီချင်းလည်း မသိ၊ အနောက်နိုင်ငံ သီချင်းလည်း သိပ်မသိသူ ဖြစ်သည်။ ဒုတိယ အယူအဆ ရှိသူမှာ အနောက်နိုင်ငံ သီချင်းဂီတကို မသိသူဖြစ်သည်။ မြန်မာသီချင်းဂီတကိုမူ သိသလား၊ မသိသလား မပြောတတ်။ သို့သော် သိသယောင် မှတ်ရသည်။ သူ၏ အယူအဆမှာ ကျဉ်းမြောင်းသော လူမျိုးစွဲဝါဒမှ အခြေခံသည်။
ယင်း အယူအဆ နှစ်ရပ်စလုံးသည် ဂီတကို အခြေခံကျကျ၊ သဘာဝကျကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်ခြင်း မဟုတ်ဟု သဘောရပေသည်။
အနုပညာ၌ အရှေ့နှင့် အနောက်သည် သဘာဝချင်း မတူကြပေ။ အနုပညာ သဘောတရားရေး ဆရာများသည် အရှေ့တိုင်း ပန်းချီပညာ၊ အနောက်တိုင်း ပန်းချီပညာဟု မတူခြားနားချက်ကို ဖော်ပြကြသည်။ အရှေ့တိုင်းပန်းချီသည် ကောက်ကြောင်းဟန်ဖြင့် အနီးအဝေးကို အရေးမထားဘဲ အပြား ပုံသဏ္ဌာန် ဖော်သည်။ ပုံတူထက် သဘော၌ ကဲသည်။ စိတ်ကူးကို အသားပေးသည်။ ဆေးရောင်နည်းနည်း သုံးသည်။ အနောက်တိုင်း ပန်းချီကား အနီးအဝေးကို အခြေခံကာ အလုံးအဝန်း ပေါ်အောင် ပုံတူဖော်သည်။ အလင်းအမှောင်ကို ဂရုထားသည်။ ဆေးရောင်များများ သုံးသည်။
အကဘက်၌လည်း အရှေ့အနောက် ခြားနားကြသည်။ အရှေ့တိုင်းအကသည် ပျော့ပျောင်းခြင်းကို လိုက်၍ အနောက်တိုင်း အကက အရှိန်အဟုန်ကို လိုက်သည်။ ယင်းသို့ မတူကြသဖြင့် ကိုယ့်အနုပညာမှ ကောင်းသည်။ သူတို့ အနုပညာက တို့လောက် မကောင်း စသည်ဖြင့် မတူခြားနားခြင်းကို စွဲ၍ ကောင်း မကောင်း မိမိဘက်က ထင်မြင်ယူဆ၍ မဖြစ်ပေ။ ယင်းသို့ မတူခြင်းကိုပင်လျှင် အသိအမှတ် ပြုရပေမည်။ အပြန်အလှန် လေးစားရပေမည်။
ဂီတ၌လည်း ထို့အတူ၊ အရှေ့တိုင်း ဂီတနှင့် အနောက်တိုင်း ဂီတသည် သဘာဝချင်း မတူကြ၊ အရှေ့တိုင်းက Melody ဟု ခေါ်သော တသံချင်း ဆင်းတက်လှုပ်ရှားမှု (ဝါ) အသံလှိုင်းတွန့်များကို အသားပေး၍ အနောက်တိုင်း ဂီတမှာ Harmony ဟု ခေါ်သော အသံစုံတွဲများကို အသားပေးသည်။ ယင်းသို့ သဘာဝချင်း ခြားနားကြသည်။
မြန်မာဂီတနှင့် အနောက်တိုင်းဂီတ ခြားနားမှုမှာလည်း ယင်းသဘောတရားအရ ဖြစ်သည်။ အသံစဉ်များ ဘယ်ညာ စီရရီ ထားသော တူရိယာများ၏ တီးနည်း နိဿယတို့ကို ကြည့်က ထင်ရှားသည်။ ပတ္တလားကို လက်နှစ်ဖက်ဖြင့် လက်ခတ်ကိုင်ကာ တီးသည်။ ယင်း၌ အများဆုံး သံစုံနှစ်သံကိုသာ တပြိုင်နက် တီးနိုင်သည်။
စန္ဒရား၌ကား လက်ဆယ်ချောင်းဖြင့် တီး၍ ရသဖြင့် အများဆုံး သံစုံ ဆယ်သံကို တပြိုင်နက်တည်း တီးနိုင်သည်။ အနောက် နိုင်ငံ တူရိယာဝိုင်းကြီးများ၌ လူပေါင်း ရာကျော်ပါသော တီးဝိုင်းများဖြင့် တီးမှုတ်ကြသော အခါ၌လည်း မြန်မာတူရိယာ တခုချင်း အစွမ်းပြမှုပေါ်၌ အသားပေးတတ်သည်။
အသံလှိုင်းတွန့် များသောကြောင့်လည်း ယင်းသို့ တူရိယာတခုချင်း အစွမ်းပြသော သဘာဝရှိခြင်း ဖြစ်ပေမည်။ အနောက် နိုင်ငံ တူရိယာဝိုင်းများကမူ စုပေါင်းစည်းလုံး၍ တီးမှုတ်ကြရသည်။ ယင်းသည်မှာလည်း အနောက်ဂီတသည် သံစုံတွဲများကို အသားပေးသော သဘာဝရှိသောကြောင့် ဖြစ်မည်။ အနောက်တိုင်းဂီတ၌ ဂီတသင်္ကေတဖြင့် တီးမှုတ်ကြသောကြောင့်လည်း စနစ်ကျခြင်း ဖြစ်သည်။
မြန်မာဂီတ၌မူ အနောက်တိုင်းဂီတ သင်္ကေတကဲ့သို့သော သင်္ကေတမျိုး မရှိပေ။ ယင်းသို့ မြန်မာဂီတ၌ သင်္ကေတ မရှိခြင်း သည်ပင်လျှင် သူ့သဘာဝကြောင့် ဖြစ်ပေသည်။ မြန်မာ့ဂီတ၌ ဘယ်သံလိုက် လုံးဝ မရှိမဟုတ်၊ ရှိသည်။ ခြောက်လုံးပတ်၊ ပတ်မစသည်များဖြင့် ဘယ်သံ သဘောမျိုး လိုက်ပေးကြသည်။
မြန်မာဂီတနှင့် အနောက်တိုင်းဂီတ သဘာဝမတူကြသည် များစွာရှိသည်။ အနောက်ဂီတ၌ တူရိယာသက်သက် တီးမှုတ်ခြင်းများ ရှေးကတည်းက ရှိခဲ့ကြသည်။ စန္ဒရားတီးလုံး သက်သက်များကို အနောက်ဂီတ ဆရာများစွာ ရေးစပ်ခဲ့ကြသည်။ မြန်မာဂီတ၌ကား အဆိုကို အဓိကထားကြသည်။ အဆိုကို မူတည်၍ အတီးက အဆိုကို တန်ဆာ ဆင်ပေးရစမြဲ ဖြစ်သည်။ အနောက် ၌ Modulation ခေါ်သော သံစဉ်ပြောင်း၍ တီးခြင်းများရှိသည်။
မြန်မာဂီတ၌ကား အသံစဉ်ပြောင်းခြင်းမျိုး လုပ်လေ့မရှိကြ၊ မြန်မာ၌ ရှိသော ဂီတအလှ အနောက်၌ မရှိ၊ အနောက်၌ ရှိသော ဂီတအလှ မြန်မာ၌ ရှိမည် မဟုတ်ပေ။ ကိုယ့်အလှနှင့်ကိုယ် လှနေကြခြင်း ဖြစ်သည်။
ယနေ့ခေတ်၌ကား အရှေ့နှင့် အနောက် ကူးယှက်စပြုနေပြီ။ အနောက် ခေတ်သစ် ပန်းချီ၌ အရှေ့ပန်းချီဟန်များ ရောက်နေသည်။ အင်ဒိုနီးရှား၊ ဂျပန် ခေတ်သစ် ဂီတ၌ အနောက်ဟန်နှင့် စပ်သော အလှတမျိုး ပွင့်နေကြပြီ။
ပိတောက်ရွှေဝါနှင့် ဒေစီတို့သည် သူ့အလှနှင့်သူ လှပကြပေသည်။
(၁၉၆၉ ခုနှစ်က ဂီတပဒေသာတွင် ရေးသားခဲ့သော ဆရာ ဒဂုန်တာရာ၏ ယခု ဆောင်းပါးကို “စာလုံး၊ စောင်းကြိုး၊ ဆေးစက်နှင့် ကတ္တီပါ ကားလိပ်” စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။)