အမေတို့ အသက်တော်တော် ကြီးလာတော့ မန္တလေးသင်္ကြန်က ပြောင်းလဲသွားလိုက်တာ။ ဟိုတုန်းကနဲ့ ဘာဆို ဘာကမှ မတူတော့ဘူး။ ပြောင်းသမှ အားလုံးအားလုံးကို ပြောင်းလဲသွားတာ။
ပထမ ပြောင်းတာက နေရာပါ။ ဟိုအရင်ကတော့ သင်္ကြန်ပွဲဟာ အိမ်ရှေ့တွေမှာပါ။ အရပ်က သမီးပျို၊ သားပျိုတွေ ပျော်ချင်လို့ နွှဲကြတဲ့ ရေသဘင်ပွဲမို့ ရွှေဘုန်းရှိန်က အမျိုးသမီးရေပက်အဖွဲ့ချည်း သုံးဖွဲ့ အပြိုင်အဆိုင် လုပ်ကြတယ်။ ပိုက်ကျုံးကတော့ အဝီစိတွင်း ဒကာက ရေအလျှံအပယ် ပေးတာမို့ ရေပက် ဘယ်လိုကြမ်းတယ်၊ ဆေးရုံကြီးနားမှာ ရေခဲနဲ့ ရေပက်တာရှိတယ်၊ ဝါးတန်းက ပွဲစားကုန်သည် သူဌေးတွေက သူတို့ဝါးတန်း လူစည်အောင် ပွဲရုံတရုံငွေ ၁၀၀၀ ကျပ်စီထည့်တာတဲ့ စတဲ့ စတဲ့ သတင်းတွေ။
၈၄ လမ်းမကြီးပေါ်မှာကလည်း နဂါးချည်း မကဘူး၊ မြောက်ဆိုရင် ဒါးတန်းအထိ၊ တောင်ဆိုရင် ဘုရားကြီးကွေ့ အထိ ရေပက်မဏ္ဍပ်တွေက နည်းတာမဟုတ်ဘူး၊ သိပ်များတာဆိုတဲ့ သတင်းတွေနဲ့ နှစ်တိုင်းရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၄-၅-၁၀ နှစ်က တော့ သင်္ကြန်ပွဲဟာ မြို့ထဲကနေ ကျုံးဘေးရွှေ့သွားပါလေရော။
ပြီးတော့ နေရာပြောင်းတာနဲ့အတူ ရေပက်မဏ္ဍပ်ကြီးတွေလည်း ပုံစံတွေက အများကြီးပြောင်းသွားပါတယ်။ ဟိုတုန်းကတော့ ရေပက်မဏ္ဍပ် စတိတ်ခုံဟာ နဂါးပဲ အကြီးကြီးထိုးတယ်။
ဘာလို့လဲဆိုရင် သူက ကမယ့်မိန်းကလေးတွေ များလို့။ တစ်ဖွဲ့ ကနေရင် ကျန်မိန်းကလေးတွေက ဝိုင်းထိုင်နေတာ။ ပြီးတော့ ဒေါ်ဦးတို့ မိုးအလင်းထိုင်တာကလည်း ကစင်ရဲ့ နောက်ဆုံးမှာ ကုလားထိုင်တတန်း ခင်းပြီးထိုင်တာ။ ဒါကြောင့် သူ့ စတိတ်ခုံက သူများထက်ကြီးတယ်။ တခြားခုံတွေက သူ့လောက်မကြီးဘူး။ သင်္ကြန်ပွဲ မြို့ထဲက နေရာရွှေ့သွားတော့ စတိတ်ခုံကြီးတွေက ဧရာမအကြီးကြီး၊ အကျယ်ကြီးတွေ ဖြစ်လာတယ်။
ဒီလိုကြီးတာက ကမယ့်လူတွေ များလို့မဟုတ်ဘူး။ ကတာကို လူကြီးတွေ လာကြည့်ဖို့၊ လူကြီးရဲ့ ဇနီးမယားသမီးသားတွေ လာကြည့်ဖို့၊ လာကြည့်တဲ့ လူကြီးနဲ့ နောက်ပါတွေကို ဧည့်ခံကျွေးမွေးစရာတွေ တင်ဖို့ စားပွဲတွေ အပါအဝင် ကကွင်းရဲ့ တဖက်တချက်မှာ ကုလားထိုင်တန်းကြီးတွေ၊ စားပွဲတန်းကြီးတွေ ၄-၅-၆ တန်းခင်ထားပေးဖို့ အကြီးကြီးလုပ်ထား ပေးကြရတာ ဖြစ်တယ်။
ပြီးတော့ အရင်က ရေပက်အဖွဲ့ရေခံအဖွဲ့ဆိုတာ လူငယ်တွေ ပျော်ရပါးရအောင် အရပ်က ငွေစုကြ၊ လူငယ်တွေကိုယ်တိုင် ထည့်ဝင်ကြ၊ ရပ်ကွက်ထဲက များများထည့်နိုင်တဲ့လူက များများထည့်၊ နည်းနည်းတတ်နိုင်သူက နည်းနည်းထည့်ပြီး ဘုံငွေနဲ့ ပျော်ကြတာ။ ခုတော့ ဒီနှစ် ကျင်းပသွားတဲ့ မန္တလေးသင်္ကြန်မှာ စီးပွားရေး သတင်းစာတစောင်ဖြစ်တဲ့ “ဝါးလ် (ဒ်) ဂရုပ်’’က ၂၀-၄-၉၅ နေ့မှာ ဘယ်လို သတင်းပေးသလဲဆိုတော့“သင်္ကြန်ရက်များနှင့် ကြော်ငြာပွဲတော်’’ ဆိုတဲ့ ခေါင်းစီးအောက်မှာ …
“ယခုကာလသည် ဈေးကွက် စီးပွားရေးခေတ် ကာလဖြစ်လေရာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ စန်းထချိန်ဖြစ်သည်။ သို့ဖြစ်၍ ယခုနှစ် သင်္ကြန်မဏ္ဍပ်တိုင်းလိုလိုပင် စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီများ၏ ကြော်ငြာများက လွှမ်းမိုးခဲ့သည်။
၁၉၉၅ ခု၊ သင်္ကြန်ရက်များအတွင်း ရေကစားမဏ္ဍပ်များ ၉၀ ရာခိုင်နှုန်း စီးပွားရေး လုပ်ငန်းရှင်များ၏ ကြော်ငြာများက နေရာ ယူထားကြသည်။ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများ၏ ရေကစားမဏ္ဍပ်များကိုလည်း အပြိုင်အဆိုင်တွေ့ရသည်။ ဖျော်ဖြေရေး အစီအစဉ်များတွင် ခေတ်ပေါ်တေးဂီတကို ထည့်သွင်းထားခြင်းသည်လည်း ပရိသတ်က ကြော်ငြာကို သတိထား မိစေသည့် အဓိကအကြောင်းရင်း ဖြစ်ကြောင်းတွေ့ရသည်” လို့ သတင်းပေးထားပြီး၊ Benson & Hedges စီးကရက်ရဲ့ ဧရာမ အင်္ဂလိပ်စာလုံးကြီးတွေ တပ်ဆင်ထားတဲ့ ရေကစားမဏ္ဍပ်၊ Heineken ဘီယာက ဧရာမစာလုံးကြီးတွေနဲ့ နဖူးစီးတပ်ထားတဲ့ ရေကစားမဏ္ဍပ်မှာ ရေကစားနေတဲ့ သတင်းဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။
ဒီလို ကြော်ငြာမဏ္ဍပ်တွေပေါ်မှာ ဘယ်သူတွေက ဆိုကြကကြသလဲလို့ မေးတော့ အရပ်တကာက မိန်းကလေးတွေပါပဲ။ ယူနီဖောင်းဖိုး တယောက်တထောင်စီ ပေးပြီး ထမင်းကျွေးခေါ်တာပဲလို့ ဆိုပါတယ်။ တချို့ကြော်ငြာ မဏ္ဍပ်ကလည်း ကမယ့် အကအဖွဲ့ကို တညတဖွဲ့ ပြောင်းပြီး ငှားကကြတယ်။
ဒီလို အငှားလိုက်ကမယ့် အကအဖွဲ့တွေကို ထောင်စားတဲ့ လုပ်ငန်းတခု ဒီနှစ်မှာမှ ပေါ်လာသတဲ့။ ၄-၅-၁၀ ယောက်လောက် ပါတဲ့ အဲဒီအဖွဲ့ကို သင်္ကြန်မတိုင်ခင် တပတ်လောက်ကြိုပြီး ကတတ်တဲ့ လူတယောက်က သီချင်းသုံးပုဒ်လောက်နဲ့ ယိမ်း တိုက်ထားတယ်။ ဒီသီချင်းသုံးပုဒ်က ဘယ်မဏ္ဍပ်မဆို ဆိုကြကကြတဲ့ သီချင်းများပါပဲ။ “မြနန္ဒာ”၊ “တူးပို့တူးပို့” နဲ့ “တပ်မ တော်ကြီးကို အင်အားရှိဖို့” ဆိုတဲ့ သီချင်းတွေဟာ ကျုံးတပတ်လုံး ကြားနေရတဲ့ သီချင်းတွေပါပဲ။
စီးပွားရေး သတင်းလွှာကလည်း သတင်းပေး၊ မြင်ရ ကြားရတာတွေကလည်း သင်္ကြန်မဏ္ဍပ်ကြီးတွေက ကုန်ပစ္စည်းတွေချည်း ကြော်ငြာထလိုက်တာ သိပ်ပေါ်ထင်တာ။ ကြော်ငြာမဏ္ဍပ် မဟုတ်ရင် ဌာနဆိုင်ရာ မဏ္ဍပ်တွေသာ ရှိတာကိုး။ အမေတို့ အရင်က တွေ့ရတဲ့ အရပ်ထဲက မိန်းကလေး ယောကျာ်လေးတွေ စုထောင်ကြတဲ့ “ပိတောက်ရွှေဝါ” တို့၊ “မေသင်္ကြန်” တို့လို ရေပက်သင်းမဏ္ဍပ်မျိုးက ပါမှမပါတော့ဘဲကွဲ့။
မဏ္ဍပ်တွေတင် အဲဒီလို ပြောင်းသွားကြတာမှ မဟုတ်ဘဲ၊ အရင်က အမေတို့ ကြည့်ခဲ့ မြင်ခဲ့ကြတဲ့ သင်္ကြန် အလှပြကားကြီး တွေလည်း ပုံစံပြောင်းသွားကြပြီ။ အရင်က မန္တလေးသင်္ကြန်မှာ လူကြိုက်များခဲ့တဲ့ သံချပ်အသင်းကြီးတွေလည်း ကွယ်ပျောက်သွားခဲ့ပါပြီ။
ဒီလိုဖြစ်ရတာ အမေတို့ ကလေးတွေ၊ လူငယ်တွေက ဟိုတုန်းကလို မပျော်ချင်လို့တော့ မဟုတ်ပါဘူး။ လူမျိုးရဲ့ ဉာဉ်က မပျောက်ပါဘူး။ ပျော်ချင်ပါးချင်စိတ် ရာနှုန်းပြည့်ရှိပါတယ်။ ဒါပေမယ့် ကားတစီးတနေ့ ၃၀၀၀ ကျပ်၊ ဓာတ်ဆီ တဂါလန် ၂၀၀ ကျပ်ဆိုတဲ့ ပေါက်ဈေးမျိုးမှာ တတ်နိုင်တဲ့ အရေအတွက်က အင်မတန် လျော့နည်းသွားတယ်လေ။ ပျော်ချင်စိတ် ရှိပေမယ့် လက္ခဏာက မရှိဘူး။ အဲဒီတော့ ပုဆိုး၊ ထဘီ ဝတ်သူများထက် ဘောင်းဘီဝတ်ပြီး ကားစီး၊ ဆိုင်ကယ်စီး ရေပက်ခံ လည်နိုင်သူတွေက အများစုကြီးအဖြစ်နဲ့ သင်္ကြန်ပွဲထဲ တွေ့ရတော့တာပေါ့။
အဲဒီ ကျုံးပတ်လည် သင်္ကြန်ရပ်ကွက်ကနေပြီး မြို့ထဲရောက်လာတဲ့ သတင်းတပုဒ်မှာတော့ သင်္ကြန်တွင်းမှာ အရက်ဆိုင်တွေ ရောင်းလို့ကောင်းတယ်၊ ယောကျာ်လေးတွေက ဘီယာအသောက် များတယ်၊ မိန်းမတွေက ရမ်သောက်ကြတယ်။ မော်တော်ဆိုင်ကယ် တစီးပေါ်မှာများ ဘောင်းဘီဝတ် အမျိုးသမီး (၃) ယောက် ရမ်ပုလင်းပြားကလေးတွေကို ခါးထိုးပြီး ကျုံးပတ်လည် ရေခံလည်နေကြတယ် ဆိုတာမျိုးတွေ ကြားရပါတယ်။ ပွဲနေရာသာ ပြောင်းတာမဟုတ်ဘဲ ပရိသတ်ပုံစံလည်း ပြောင်းသွားပြီထင်ပါရဲ့။
ဟိုတုန်းကတော့ မြို့အသင်းက ဆရာငြိမ်း ရေးစပ်ပေးလိုက်တဲ့ သင်္ကြန်သီချင်းဟာ တနှစ်တပုဒ်မက တခါတလေ နှစ်ပုဒ်လောက် ရေးပေးလိုက်လို့ လူငယ်မိန်းမငယ်တွေ ပါးစပ်ဖျားမှာ ဆရာငြိမ်း သီချင်းလေးတွေကို စုံရေမက်ရေ သီဆိုကြရတာက အမော။ မန္တလေးသင်္ကြန်က ဆရာငြိမ်းသီချင်းနဲ့ ခွဲလို့ရခဲ့တာ မဟုတ်ဘူး။
မြို့အဖွဲ့က တီးမှုတ်ပြီးလို့ တမဏ္ဍပ်က တမဏ္ဍပ်ကို ကူးတော့မယ်ဆိုရင် …
တခြားသီချင်းတွေ ဆိုအပြီးမှာ –
“နောင်နှစ်တွင်လည်း ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်၊ လာပါမယ်၊ ဒီနှစ်လိုပဲ ဆီးလို့ကြိုမယ်၊ မောင်ကြီးလာပါမယ်၊ လာပါမယ်၊ ပြန်ပါဦးမယ်၊ ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ်” ဆိုတဲ့ နှုတ်ဆက်သီချင်းလေးနဲ့ ခွဲတာ။
ဒီသီချင်းဟာ သင်္ကြန်အတက်နေ့မှာ မဏ္ဍပ်တိုင်းလိုလိုမှာ ကြားနေရတယ်။ သူတို့သူတို့တတွေ ရှေ့နှစ်ခါသင်္ကြန်မှာလည်း ပြန်ပြီးတွေ့ကြဦးမယ်၊ ဆုံကြဦးမယ်ပေါ့။
ဒီလိုဒီလိုနဲ့ လူငယ်တို့ဘာ၀ သံယောဇဉ်တွေ ငြိကြ၊ တွယ်ကြတာလည်း နည်းမယ်မဟုတ်ဘူး။ ဒါ လူငယ်တို့ဘာ၀ မဟုတ်လား။
ခုခေတ်မှာ တချို့လူငယ်တွေက “မြနန္ဒာ ရေညိုညို ရစ်ဝိုက်သန်း၊ ရွှေမန်းတောင်ထိပ် တူစုံမောင်မယ် ပျော်ချင်ပါတယ်” ဆို တဲ့ သီချင်းကိုသာ ဆိုနေကြတာ။ နန္ဒာရေညိုက ဘယ်က နန္ဒာရေမှန်းတောင် သိကြတာမဟုတ်ဘူး။ တယောက်သော လူငယ်ကတော့ “အမေရယ်၊ နန္ဒာကန်ဆိုတာ ဘယ်မှာလဲ၊ မန္တလေးတောင်ရဲ့ အနောက်ဘက်ကလား” တဲ့။
ဟုတ်တာပေါ့။ မြန်မာမင်းတွေ လက်ထက်ကရှိခဲ့တဲ့ မဟာနန္ဒာကန်တော်ကြီးကို ဗြိတိသျှအစိုးရကရေတွေ ဖောက်ထုတ်ပြီး လယ်မြေတွေ လုပ်ပစ်လိုက်တော့ မန္တလေးတောင်ထိပ်ပေါ်က မြောက်ဘက်လှည့်ပြီး လှမ်းကြည့်လိုက်တဲ့အခါ မြင်ရတဲ့ နန္ဒာကန်ရေတွေက ရှိမှ မရှိတော့ဘဲကိုး။ အခု မန္တလေး-မတ္တရာ-မိုးကုတ် ကားလမ်းကြီးဟာ တဖက်ဆည် မဟာနန္ဒာကန်တော် ကြီးရဲ့ အနောက်ဘက် ဆည်ဘောင်ကြီးပါပဲ။ ကားလမ်းဘေးမှာ မဟာနန္ဒာကန်ရဲ့ ကျောက်စာကို ကျောက်စာဂူကလေးနဲ့ မြေထဲ မြုပ်လုမြုပ်ခင် ရှိနေတာ မြင်ရပါသေးတယ်။
ဒီသီချင်းအကြောင်းပြောတော့ အမေငယ်ငယ်က ကြုံရပုံကလေး သတိရလို့ ပြုံးမိပါသေးရဲ့။ အမေငယ်ငယ်က “မြနန္ဒာ၊ ရေညိုညို ရစ်ဝိုက်သန်းတော့ ရွှေမန်းတောင်ထိပ် (ဘူနိမ်ဗြောင်နိမ်၊ ဘူနိမ်ဗြောင်နိမ်)” လို့ စိတ်ပါလက်ပါ ကျေကျေနပ်နပ် သီဆိုနေတုန်း အမေနဲ့ အတူနေ အဒေါ်က “ညည်းသီချင်းကလည်း အေ၊ အရူးသီချင်းနဲ့ တူလိုက်တာ၊ ဘာသီချင်းလဲတဲ့”
အမေ့အဒေါ်နဲ့ အမေတို့နဲ့က ခေတ်တခေတ် ကွာဟနေတာကိုး။ အခုခေတ် စင်မြင့်တွေပေါ်က အသံချဲ့ခွက်ကိုကိုင်ပြီး သီဆိုနေကြတဲ့ ခေတ်ပေါ် သီချင်းတွေကိုများ အမေ့အဒေါ်တို့ကြားရရင် ဘယ်လိုများပြောမှာပါလိမ့်။
“ဟဲ့ … ဘယ်သူနဲ့ ဘာဖြစ်လို့ ဒီလောက် ဒေါသကြီးနေရတာလဲ။ ဒါသီချင်းတဲ့လား၊ ငါဖြင့် ရန်ဖြစ်ပြီး ကြိမ်းမောင်းနေတယ် ထင်တာပဲ’’ လို့များ ပြောမလားမသိဘူး။ သြော် … ခေတ်၊ ခေတ်။
ဆရာ စိန်ဗေဒါသုံးတဲ့ စကားအတိုင်းပြောရရင် “သူ့ခေတ်နဲ့ သူ့နား’’ တော့လည်း ကောင်းကြမှာပေါ့လေ။
ကဲ … မန္တလေးသင်္ကြန်ကတော့ အမေ့တသက်မှာပဲ အပြောင်းအလဲတွေ အမျိုးမျိုး တွေ့မြင်နေရတယ်ကွယ်။
(အမေ့ရှေးစကား (ပထမတွဲ) မှာထည့်တော့ စာပေစိစစ်ရေးက ဖြုတ်ခိုင်းလို့ ဖြုတ်ရတဲ့ စာမူ)
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ကျွန်မတို့ မန္တလေးစာအုပ်မှ ကူးယူဖော်ပြပါသည်။