မတ်လကုန်ခါနီးက စပြီး ထီရောင်းသည့်လှည်း၊ စားစရာရောင်းသည့် လက်တွန်းလှည်းအစ၊ အသံထွက် စပီကာ များတွင် တူးပို့ တူးပို့ ဟူသော ဆရာမြို့မငြိမ်း တီထွင်သွားခဲ့သည့် သင်္ကြန်ဒိုးဆစ်က လွှမ်းမိုးလာသည်နှင့်အမျှ ရာသီဥတုကလည်း နေပူတလှည့် မိုးအုံ့တခါ ဆိုသလို သင်္ကြန်အငွေ့အသက် ရနံ့သင်း၍ နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ဆီကူး ပြောင်းရန် အရှိန်ယူနေသည့် ကာလဖြစ်ပါသည်။
တနေ့ ကျနော့်မွေးစားသား ဇင်မင်းဝေနှင့် သူငယ်ချင်းတစုတို့သည် သင်္ကြန်နှင့်ပတ်သက်သော မြန်မာရုပ်ရှင်ဇာတ်ကား တိပ်ခွေငှားလာပြီး ကြည့်နေကြပါသည်။ ကလေးတွေသာမကဘဲ အိမ်အနီးအနားရှိ လူကြီးလူငယ် အမျိုးသမီးကြီးငယ်တို့ပါ စုဝေးကြည့်ရှုနေကြရာ ကျနော်နေသော အိမ်ကလေးမှာ ဗီဒီယိုရုံ ကလေးသဖွယ် ဖြစ်နေပါတော့သည်။
သူတို့ စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသည့် မြန်မာရုပ်ရှင် ဇာတ်ကားမှာ “သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ထိုသင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကို (၁၉၈၆-၈၇) ခုနှစ်ခန့်က ကျနော် စင်ကာပူနိုင်ငံတွင် နေထိုင်စဉ်က ကြားသိခဲ့ရဖူးပါသည်။
သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူမှာ ဒါရိုက်တာ မောင်တင်ဦး (ကိုပါ) ဖြစ်ပါသည်။ ကိုပါနှင့် ကျနော်သည် ငယ်ပေါင်းကြီးဖော် ဟူ၍ ပြောလို့ရပါသည်။
သင်္ကြန်မိုး ရုပ်ရှင်ကား ရိုက်ကူးချိန်ကာလသည် ၁၉၈၀ ပြည့်နှစ်ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျနော် ၄ နှစ် ကျော် ၅ နှစ် နီးပါး နေစဉ် ဖြစ်ပါသည်။
ထိုသို့ တိုင်းတပါးတွင် နေပြီး သွားသွားလာလာဖြင့် နေပင်နေငြားသော်လည်း မတ်လကုန် ဧပြီလဆန်း ကာလ ရောက်သောအခါတွင်မူ သင်္ကြန်နတ်သည် စ၍ ဖမ်းစားလာပါတော့သည်။
ထိုင်းနိုင်ငံ၏ တချို့သော နေရာများတွင် သင်္ကြန်နှင့် ခွဲမရသည့် ပိတောက်ပန်းပင်များကို ဂရုတစိုက်ပြုစု စိုက်ပျိုးလေ့ရှိပါသည်။ ထိုင်းနိုင်ငံနည်းတူ စင်ကာပူ နိုင်ငံတွင်လည်း ပိတောက်ပင်များကို အလေးထား စိုက်ကြသည်ကို တွေ့ရပါသည်။
ကျနော်တို့ နိုင်ငံတွင်မူ ပိတောက်ပင်အား အလေးထား၍ စိုက်ပျိုးခြင်းမရှိပါဘဲလျက် အလေ့ကျ ပိတောက်ပင် မြောက်မြားစွာ ပေါက်ရောက်ပြီး ပိတောက်ပန်းများ ဝေဆာစွာ ပွင့်ကြပါသည်။
ထိုပိတောက်ပန်းသည် သင်္ကြန်ကာလ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ပြောင်းသည့် ရနံ့၊ စက္ခုပသာဒ စသည့် ဂုဏ်အင်္ဂါဖြင့် အလှဆင်သော ပန်းဖြစ်သဖြင့် ရှေးစာဆိုတော် ဦးကြီးကပင် “လမ်းတလျှောက် သင်းပါဘိ၊ ပန်းပိတောက်မင်း” ဟူ၍ ကောင်းချီးပြုခဲ့ပါသည်။
ကျနော်တို့ မြန်မာနိုင်ငံသားများသည် သင်္ကြန်အချိန်ကာလတွင် နိုင်ငံရပ်ခြား ရောက်နေသူများ၊ နိုင်ငံတွင်း တခြား တမြို့ တရွာ ရောက်နေကြသူများသည် “ကိုယ့်ရပ်ဌာနေသို့ ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ ရွှေမန်းမြို့ဌာနေ” ဟု မန္တလေး မြို့မ အသင်း၏ သီချင်းတပုဒ်ကဲ့သို့ပင် သင်္ကြန်ကို လွမ်းတမ်းတလျက် ရှိကြပါသည်။
ကျနော် ဘန်ကောက်မှာနေစဉ် မြန်မာသံရုံးတွင် သင်္ကြန်ပွဲ ကျင်းပပါသည်။ ၁၉၈၀ ပတ်ဝန်းကျင်က ဘန်ကောက်မြို့သည် သင်္ကြန်ကာလ သိပ်ပြီးလှုပ်လှုပ်ရှားရှား မရှိလှပါ။ ထိုင်းနိုင်ငံမြောက်ပိုင်းက ဇင်းမယ်မြို့သည်သာ သင်္ကြန်နှင့်ပတ်သက်ပြီး ဟိုးလေးတကျော် ရှိ၍ တချို့သော အာရှနိုင်ငံသားများသည် လေယာဉ် စင်းလုံးငှား၍ပင် သွားရောက်လည်ပတ်ကြသည်။ ထိုင်းနိုင်ငံ အခြားမြို့များမှလည်း ဇင်းမယ်မြို့ သင်္ကြန်ကို အသွားများသဖြင့် ထိုကာလတွင် ခရီးသွားလာရေး အလွန် မလွယ်ကူလှပေ။
ကျနော် ၁၉၈၅ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ မလေးရှား (ပီနန်) နှင့်စင်ကာပူ နိုင်ငံတွင်သာ နေဖြစ်ပါသည်။ ကျနော် ရောက်လေရာ နိုင်ငံတွင် မြန်မာများ၏ ဘာသာရေး၊ လူမှုရေး စသည့် ကဏ္ဍများကို မကြာခဏ ပါဝင်ပတ်သက်လေ့ ရှိ ပါသည်။ ပီနန်တွင်မူ မြန်မာနှစ်ကူးမှအစ နေ့ထူးနေ့မြတ်များကို ပီနန်မြို့ရှိ မြန်မာဘုန်းကြီးကျောင်းတွင် အစဉ်မပြတ်ပါ။ ဝါဆိုပွဲ၊ ကဆုန် ညောင်ရေသွန်းပွဲ၊ တန်ဆောင်တိုင်ပွဲမှအစ သင်္ကြန်ပွဲတော် အထိ ကျင်းပပါသည်။
ပီနန် သင်္ကြန်ပွဲတော်တခုတွင် ကျနော် စန္ဒရား တီးဖြစ်ပါသည်။ မဝင်းဝင်းနု (မန္တလေးဘီယာ) က ပါဝင် သီချင်းဆိုသည်ကို အမှတ်ရမိပါသည်။ ထိုပီနန် ကျောင်းထိုင်ဆရာတော် ဦးပညာဝံသသည် ရန်ကုန်မြို့ သန္တိသုခကျောင်း ဆရာတော်လည်း ဖြစ်ပြီး စင်ကာပူ ရှိ မြန်မာ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖြစ်မြောက်အောင် ဦးစီးဦးဆောင်သော ဆရာတော်တပါး ဖြစ်ပါသည်။
ကျနော် နိုင်ငံရပ်ခြားတွင် ဆယ်စုနှစ်ကျော် နေပြီးနောက် မြန်မာပြည်သို့ ပြန်လာခဲ့ပြီး သင်္ကြန်ကာလများကို ဖြတ်သန်း ခဲ့ပါသည်။ ယခင်ကာလ သင်္ကြန်ပွဲများနှင့် ကွားခြားသွားပါသည်။ သင်္ကြန် ယဉ်ကျေးမှု၊ သင်္ကြန် ရသ၊ သင်္ကြန် အတွေး အခေါ်များ ပြောင်းလဲသွားသည်ကို သိရှိခဲ့ရပါသည်။
သင်္ကြန် အတွေးအခေါ်နှင့် ပတ်သက်ပြီး ဟိုတချိန် ပြည်တွင်း ငြိမ်းချမ်းရေးကာလ ဆရာမြို့မငြိမ်းက သင်္ကြန်သီချင်း တပုဒ် ရေးဖွဲ့ခဲ့သည်ကို အမှတ်ရမိပါသည်။
“ငြိမ်းချမ်းရေး ရေသဘင်” အမည်ရှိ သီချင်း ဖြစ်ပါသည်။ “ငြိမ်းချမ်းရေး” ဟူသော အမည်ဖြင့် နောက်ထပ် သီချင်း တပုဒ်လည်း ရှိပါသေးသည်။
ထိုသီချင်းများ ရေးစဉ်အချိန်က မြန်မာပြည်တွင်း၌ တိုင်းရင်းသားအဖွဲ့များ အပါအဝင် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့များ အပြန်အလှန် တိုက်ခိုက်နေသည့် တော်လှန်ရေး ကောင်စီလက်ထက် မတိုင်ခင်က ဖြစ်ပါသည်။ ဆရာငြိမ်း သည် မြန်မာပြည်သူပြည်သားများ ငြိမ်းငြိမ်းအေးအေး နေစေလိုသော စိတ်စေတနာ ထက်သန်စွာဖြင့် ထိုသီချင်းများကို ရေးဖွဲ့ခဲ့သည်ဟု ဆိုချင်ပါသည်။
ဆရာမြို့မငြိမ်း မကွယ်လွန်မီ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက ရေးဖွဲ့ခဲ့သည့် ထိုသီချင်း ၂ ပုဒ်တွင် “ငြိမ်းချမ်းရေး” သီချင်းမှာ ငြိမ်းချမ်းရေးကို ပျားသကာကဲ့သို့ တင်စားထားခြင်း ဖြစ်ပါသည်။ ၁၉၅၀ မှ ၁၉၅၄ အတွင်း ပြည်တော်သာ စီမံကိန်းခေတ် ကာလများသည် မြို့မငြိမ်း ဦးဆောင်သည့် မြို့မတူရိယာအဖွဲ့၏ ရွှေခေတ်ဟု ဆိုရမည့်ကာလများ ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေး သင်္ကြန်ပွဲတော်များတွင် ထိုငြိမ်းချမ်းရေး သီချင်းများကို ဖျော်ဖြေခဲ့ကြသည်။
ထိုစဉ်က ယခုလောက် အချင်းချင်း ပဋိပက္ခ မရှိသေးသော်လည်း ရှိသည့် ပဋိပက္ခပင် မကြားလို မမြင်လိုခြင်းကြောင့် ထိုငြိမ်းချမ်းရေး တေး၂ ပုဒ် ကို ဆရာငြိမ်း ရေးသားသွားခဲ့ခြင်းဖြစ်ပါသည်။
ယခုလည်း မကြာမီ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတော့မည်ဖြစ်ရာ မငြိမ်းချမ်းသော ပဋိပက္ခများသည် နှစ်ဟောင်းတွင် ကုန်ဆုံးခဲ့၍ နှစ်သစ်ကူးတွင် ငြိမ်းချမ်းရေးနှင့် အတူ ဆရာမြို့မငြိမ်း ရဲ့ ငြိမ်းချမ်းရေး ရေသဘင်ထဲက “ ပိတောက်တွေ ဝေဝေလွင်လွင် ရွှေစင် အိအိဖူး ပွင့်တဲ့ … သည်ချိန်တွင် ဗမာပြည်တခွင် ဘေးအပေါင်း ရန်အပေါင်း လွင့်ကြွေ ငြိမ်းချမ်းရေး ရွက်သစ်နုတို့လို ခါတော် ရေစင်မှီးလို့ ဝေစည်လွင်လွင် ငွေငန်း ဆုတောင်း အောင်ကြောင်းကိုဆင် ခါတော် ရေသဘင်…” ဆိုသကဲ့သို့ နှစ်သစ်သည် ငြိမ်းချမ်း သာယာ ရှိကြပါစေကြောင်း ဆုတောင်း လိုက်ရပါသည်။
“ငြိမ်းချမ်းရေး ရေသဘင်”
ရေး – မြို့မငြိမ်း
သဘာ၀ ရွှင်မြူး နှစ်ကူး ဗမာ့ရေသဘင်
ထာဝစဉ် လန်းကြည်လင် ချမ်းတယ်ရှင် စိမ့်တယ်ခင်
စိမ့်စိမ့်ချမ်းချမ်း အေးအေး လောင်းပေး
လောင်းလေ အေးလေ အေးလေ လောင်းလေသူတွေမို့
ချစ်မိတ်ဆွေဖြစ်ကြောင်း အခွင့်ကောင်း ယူလို့ပင်
ကျေးဇူးတင်လျက် ငန်းငွေယာဉ် မန်းရေသဘင်
နှမတွေ အစ်မတွေ ဒေါ်ဒေါ်လေးတို့
ရွှေမန်း ငွေငန်း မောင်တို့ ရေယာဉ်
ရွှေဂုံသူတို့ ဖြတ်လတ်ဖြူစင် ရှင်းကျော်ယဉ်ယဉ်
မာပါစေဆုထူးဆင် ပိတောက်တွေ ဝေ ဝေလွင်လွင် ရွှေစင်အိအိ
ဖူး ပွင့်တဲ့…သည်အချိန်တွင်
ဗမာပြည်တခွင် ဘေးအပေါင်း ရန်အပေါင်း လွင့်ကြွေ
ငြိမ်း ချမ်း ရေး ရွက်သစ်နုတို့လို
ခါတော် ရေစင် မှီးလို့ ဝေစည်လွင်လွင်
ငွေငန်း ဆုတောင်း အောင်ကြောင်းကိုဆင်
ခါတော် ရေသဘင်။
“ငြိမ်းချမ်းရေး”
ရေး – မြို့မငြိမ်း
ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်
တမာပင် သရက်ပင် ဘာပင် စွဲစွဲ ချိုမြဲအရသာ မစွန့်သည်သာပင်
ကမ္ဘာသား လူအများ မျက်နှာထားချိုကြည် ပျော်စေသည် ထာဝစဉ်
စစ်ရန်မီး ကွင်းရှောင် မလောင်မီ ကြိုတင်။
ရွံစရာ မုန်းစရာ စစ်ရန်မီး တားဆီးဖို့တွင်
အိုးကြီး အိုးငယ် သယ်ဆောင်ကာ ယူငင်
လက်ခုပ်နဲ့ပဲ ဖြစ်စေ ကိုယ်တိုင် ပါဝင်
ဖျန်းပက်ကြ ကိုယ်စီ ညီညီပင်
ငြိမ်းချမ်းရေး အေးမြသော ရေစင်….
ကမ္ဘာ့လူသားတွေ တွေးပူ ကြိုတင်
ရန်သူ မိတ် မရွေးသူ ငါပင်
ရန်စစ်မီးကို မလောင်စေချင်
စုဆောင်းခဲ့သော ယဉ်ကျေးမှု အဆက်အစဉ်
အနုအယဉ် အမွန်အမြတ်တွေ သုဉ်းဆိတ်မှာမြင်
ငြိမ်းချမ်းရေးမြတ်နိုး အိုးအိမ်သာယာ သူငါပျော်ရွှင်
ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်…။။