ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။
ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။
အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။
ဒေါ်နော်အုန်းလှ
ဒေါ်နော်အုန်းလှသည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်ပြီး မြေယာအခွင့်အရေး အတွက်လည်း ကူညီ လုပ်ဆောင်ပေးနေသူ တယောက်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဒေါ်နော်အုန်းလှသည် တရုတ်သံရုံးရှေ့၌ လယ်သမား ဒေါ်ခင်ဝင်း သေဆုံးမှုတွင် တရားမျှတမှုအတွက် တောင်းဆိုဆန္ဒပြမှုကို ဦးဆောင်ခဲ့ခြင်းကြောင့် လက်ရှိတွင် အကျဉ်းကျ ခံနေရသည်။ ဒေါ်ခင်ဝင်းသည် စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြနေစဉ် လုံခြုံရေးဝန်ထမ်းများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် သေဆုံးခဲ့သည်။
အသက် ၅၃ နှစ်အရွယ် ကရင်အမျိုးသမီး ဒေါ်နော်အုန်းလှသည် စစ်အုပ်ချုပ်ရေးအောက်တွင် ပထမဆုံး ထောင်ကျခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုမှု၊ ၂၀၀၇ ခုနှစ်တွင် ဆုတောင်းဆန္ဒပြသူများကို ဦးဆောင်ခဲ့ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွင် တရားမျှတမှုကို တောင်းဆိုခဲ့ခြင်းတို့အတွက် ဆယ်စုနှစ် တခုအတွင်း ထောင်ထဲသို့ ထွက်ချည်ဝင်ချည် ဖြစ်ခဲ့သည်။
ဒေါ်နော်အုန်းလှသည် Democracy and Peace Women Network (DPWN) ၏ ပူးတွဲတည်ထောင်သူ တဦးလည်း ဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် တောင်သူလယ်သမားအကြား လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်သော အသိပညာများ ဖြန့်ဖြူးလျက်ရှိပြီး အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ကွင်းဆင်းစည်းရုံးရေး လုပ်ငန်းများ ပြုလုပ်လျက်ရှိသည်။
ရန်ကုန်မြို့အခြေစိုက် DPWN အဖွဲ့အစည်းသည် ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် “Thinking Outside the Box” ခေါင်းစဉ်အောက်တွင် N-Peace Award ဆု ချီးမြှင့်ခံခဲ့ရသည်။
(ငြိမ်းငြိမ်း ရေးသားသည်)
ဒေါ်သန်းမြင့်အောင်
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နာမကျန်းဖြစ်မှုနှင့် သက်ကြီးရွယ်အိုများ လူနေမှုအခြေအနေ မြှင့်တင့်ရန် လှုပ်ရှားဆောင်ရွက်မှုများတွင် နှစ်မြှုပ် လုပ်ကိုင်ခဲ့သည့်အတွက် လူသိများခဲ့သည်။
ဒေါ်သန်းမြင့်အောင်သည် ၂၀၀၁ ခုနှစ်တွင် တည်ထောင်ခဲ့သော အခမဲ့ ဈာပ နာဝန်ဆောင်မှုပေးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ပူးတွဲတည်ထောင်သူ တဦးဖြစ်သည်။
ထို့အပြင် HIV/AIDS ကြောင့် မိဘများ ဆုံးပါးသွားသည့် ကလေးငယ်များကို စောင့်ရှောက်သော သုခရိပ်မြုံ မိဘမဲ့ ကလေးကျောင်းကိုလည်း ဖွင့်လှစ်ခဲ့သည်။ ဒေါ်သန်းမြင့်အောင်သည် ၂၀၁၀ ခုနှစ်တွင် ခိုကိုးရာမဲ့သော သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှုပေးသည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကိုလည်း တည်ထောင်ခဲ့သည်။
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် စာပေဆုတချို့နှင့် ၎င်း၏ ပရဟိတ လုပ်ငန်းများအတွက် လူသားအကျိုး ဆောင်ရွက်သော ဆုများကိုလည်း ချီးမြှင့်ခံခဲ့ရသည်။ အမေရိကန် အခြေစိုက် အဖွဲ့အစည်း၏ ၂၀၁၄ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ကိုလည်း ရရှိခဲ့သည်။
(စမ်းယမင်းအောင်ရေးသားသည်)
လဖိုင်ဆိုင်းရော်
လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများကို ဆောင်ရွက်နေသော ကချင်အမျိုးသမီး မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကို ပူးတွဲတည်ထောင်သူ လဖိုင်ဆိုင်းရော်သည် ၂၀၁၃ ခုနှစ်တွင် အာရှ၏ အမြင့်ဆုံး ဂုဏ်ပြုဆုတခုဖြစ်သော ရေမွန်မက်ဆေးဆေးဆုကိုလည်း ရရှိခဲ့သည်။
လက်ရှိတွင် လဖိုင်ဆိုင်းရော်သည် Irrawaddy Social Association အဖွဲ့နှင့်အတူ လုပ်ဆောင်နေသည်။ Irrawaddy Social Association သည် မြန်မာနိုင်ငံ ဧရာဝတီမြစ်တလျှောက်တွင် အမျိုးမျိုးသော နေထိုင်ကြသူများ၏ အသက်မွေးမှု၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဖြန့်ဝေခြင်း၊ ယဉ်ကျေးမှုဆိုင်ရာတို့ကို အကြံပြုဆောင်ရွက်ပေးသည့် အဖွဲ့အစည်း ဖြစ်သည်။
အသက် ၆၇နှစ်အရွယ် မိခင်တဦးဖြစ်သူ လူမှုဝန်ထမ်း လဖိုင်ဆိုင်းရော်သည် ယနေ့ခေတ် လူငယ်နှင့် အမျိုးသမီးများ အတွက် စံပြပုဂ္ဂိုလ်တဦး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတခု ထည့်သွင်းဆောင်ရွက်မည့် အစီအစဉ်ကို ကြိုဆိုကြောင်းလည်း လဖိုင်ဆိုင်းရော်က ဧရာဝတီသို့ ပြောသည်။
“ဝန်ကြီးဌာနအသစ်ကို ဖော်ဆောင်တာက အနိုင်ရပါတီရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ်ချက်လို့ ကျမထင်ပါတယ်” ဟု လဖိုင်ဆိုင်းရော်က ပြောသည်။
၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် ကချင်ပြည်နယ် မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းရန် လှုပ်ရှားမှုကို မြင်တွေ့ရပြီးနောက် တိုင်းရင်းသား အဖွဲ့များတွင် လူထုအင်အားကို ခံစားမိခဲ့ကြောင်း လဖိုင်ဆိုင်းရော်က ပြောသည်။
“လူမှုဒုက္ခတွေကို အဖြေရှာဖို့အတွက်နဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ အတွက် ကျမတို့ အတူတူ ပူးပေါင်းဆောင်ရွက်ရပါမယ်။ တဦးတယောက်တည်း ဆောင်ရွက်တာက မအောင်မြင်နိုင်ပါဘူး” ဟု လဖိုင်ဆိုင်းရော်က ပြောသည်။
(ငြိမ်းငြိမ်းရေးသားသည်)
နန်းချန်တောင်း
အသက် ၆ နှစ်အရွယ်တွင် နန်းချန်တောင်း၏ မွေးရပ်မြေ ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားရာမှ မိသားစု နှင့်အတူ လွတ်မြောက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းခဲ့သည်။ ၁၀ နှစ်ကြာသောအခါ နန်းချန်တောင်းသည် တက်ကြွလှုပ်ရှားသူ တယောက်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြင်တွေ့ခဲ့ရသည်။
နန်းချန်တောင်းသည် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေး အသင်း (SWAN) ၏ တည်ထောင်သူအဖွဲ့ဝင် တယောက်ဖြစ်ပြီး တိုင်းရင်းသားဒေသတွင် မြန်မာစစ်တပ်မှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုစနစ်ကို ထုတ်ဖော်သော ၂၀၁၁ ခုနှစ် “License to Rape” အစီရင်ခံစာကို ပါဝင် ရေးသားခဲ့သူလည်း ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် နန်းချန်တောင်းသည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှမ်းပြည်ကျောင်းသား လူငယ်များကျောင်း Shan State Nationalities Youth မှ တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ လူငယ်များအတွက် ပညာရေး၊ တရားမျှတမှုတို့ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။
နန်းချန်တောင်းသည် ရှမ်းပြည်ကျောင်းသား လူငယ်များကျောင်းတွင် ၁၅ နှစ်ကျော်တိုင်အောင် ဦးစီးလုပ်ဆောင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ရှမ်းလူမှုအခြေစိုက် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ စစ်ပုံသွင်းခြင်း သဘာဝအရင်းအမြစ်များကို အလွွဲသုံးစားပြုခြင်းများ မြင့်တက်လာမှုနှင့် စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဆန့်ကျင်သည့် ပြောရေးဆို ခွင့်ရှိသူတယောက်အဖြစ် မကြာခဏ တာဝန်ယူ ဆောင်ရွက်ပေးပါသည်။
“ကျမတို့ လူတွေအတွက် ငြိမ်းချမ်းရေး မရှိဘူးဆိုတာ ရှင်းပါတယ်။ တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ မြန်မာစစ်တပ်က ဆက်ပြီး တိုက်ခိုက်နေတုန်းပါပဲ။ ဒါက လက်ခံနိုင်စရာ မရှိပါဘူး” ဟု နန်းချန်တောင်းက မြန်မာနိုင်ငံ၏ တနိုင်ငံလုံးဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ်ဟု သတ်မှတ်သော ထိုစာချုပ်ကို လက်မှတ်ရေးထိုးသည့်နေ့က ဧရာဝတီသို့ ပြောခဲ့သည်။
“အောက်ခြေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မြင်သာအောင် ပြုလုပ်ချင်ပါတယ်” ဟု နန်းချန်တောင်းက ပြောသည်။ ထိုထဲတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထောင်ပေါင်းများစွာသော ပြည်သူများ ရွှေ့ပြောင်းကြရသည့် အကြောင်းအရာလည်း ပါဝင်သည်။
နန်းချန်တောင်းသည် ၎င်း၏ ဆောင်ရွက်မှုများအတွက် Student Peace Prize ဆု၊ Reebok Human Rights Award ဆုနှင့် Time မဂ္ဂဇင်း၏ “Asian Heroes” ဆု စသည့် ဆုပေါင်းများစွာကို ချီးမြှင့်ခံခဲ့ရသည်။
(Sally Kantar ရေးသားသည်)
ဒေါ်ဖြူဖြူသင်း
ဒေါ်ဖြူဖြူသင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် ကိုယ်စားပြု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တယောက်ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် HIV ဝေဒနာရှင်များအတွက် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ NLD ပါတီက တည်ထောင်ခဲ့သော HIV/AIDS Prevention and Care Centre တွင်လည်း တာဝန်ယူ လုပ်ဆောင်နေပါသည်။
လက်ရှိတွင် ထိုစင်တာသည် ကလေးနှင့် အရွယ်ရောက်ပြီးသူများ အပါအဝင် လူနာပေါင်း ၂၀၀ နီးပါးကို စောင့်ရှောက်မှု ပေးနေပါသည်။ ကလေးနှင့် အရွယ်ရောက်ပြီးသူများကို ကျောင်းထားပေးခြင်း၊ ကျူရှင်ထားပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်နှင့် အသံလေ့ကျင့်ပေးခြင်း သင်တန်းများကိုလည်း ထောက်ပံ့ပေးထားသည်။
အသက် ၄၄ နှစ်အရွယ် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းသည် လွန်ခဲ့သောအခါက စစ်အုပ်ချုပ်မှုကို ပြစ်တင် ဝေဖန်ခဲ့ခြင်း နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျဉ်းကျနေစဉ် လွွှတ်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းအတွက် တကြိမ်ထက်မနည်း ထောင်ကျခဲ့သည်။
(တင်ထက်ပိုင်ရေးသားသည်)
(ဆက်လက် ဖော်ပြပါမည်)