ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ၍ ကြိုဆိုခဲ့ကြပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အောင်မြင်မှုများနှင့် ၎င်းတို့ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတွင်မူ အမျိုးသမီးတယောက်သည် တခြားသူများ အားလုံးထက် အမျိုးသားရေး အသိစိတ်အပေါ် လွှမ်းမိုးမှု ရှိနေသည်မှာ ငြင်းစရာမလိုသည့် အချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ပြည်သူ့ ခေါင်းဆောင် အဖြစ် အများက တညီတညွတ်တည်း သတ်မှတ်ထားသလို ပြည်ပတွင်လည်း များစွာ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် နိုင်ငံအား နိုင်ငံရေး နယ်မြေသစ်ဆီသို့ လမ်းပြ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည့် အလျောက် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပေးခဲ့ကြသူ ပြည်သူများ၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည်။
ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရင်း နိုင်ငံ၏ လူမူရေးနှင့် နိုင်ငံရေးဘဝများ တိုးတက်ဖွံ့ဖြိုးရေး ကူညီဖော်ဆောင် ပေးခဲ့သည့် အမျိုးသမီးများ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော်လည်း တခါတရံတွင် ၎င်းတို့သည် အမေ့ခံများ ဖြစ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ ကိုလိုနီအုပ်ချုပ်ရေး လက်အောက်အတွင်း အမျိုးသမီးများသည် အမျိုးသားရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ထိုလှုပ်ရှားမှု၏ ရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သည်။ သိပ်မကြာသေးခင် ကာလတွင်လည်း လူတန်းစားအသီးသီးနှင့် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ အမျိုးသမီးများသည် နိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှုရေးညီမျှရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။
အမျိုးသမီး အများအပြားသည် ကြီးမားသော အတားအဆီးများကို ကျော်လွှား၍ စီးပွားရေး၊ အနုပညာ၊ ပညာရေး၊ ဖျော်ဖြေရေးစသည့် နယ်ပယ် အများအပြားတွင် ဦးဆောင်သူများ ဖြစ်လာခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီ သတင်းဌာန၏ မဂ္ဂဇင်း၊ ဂျာနယ်နှင့် အွန်လိုင်း မီဒီယာတို့တွင် ဖော်ပြခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေသည့် အမျိုးသမီး တချို့ကို မှတ်တမ်းတင် ဖော်ပြ (http://www.irrawaddy.com/burma/inspiring-women-of-burma.html) လိုက်ပါသည်။
ဒေါ်မြစိန်
၁၉၂၀ ခုနှစ်များ နောက်ပိုင်းတွင် အောက်စဖို့ဒ် တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သော ပထမဆုံး မြန်မာအမျိုးသမီး ဒေါ်မြစိမ်းသည် ပညာရေးတွင် ဦးဆောင်သူ၊ စာရေး ဆရာမ၊ သမိုင်းပညာရှင်လည်း ဖြစ်သည်။ ဒေါ်မြစိမ်း ၁၉၃၁ခုနှစ်တွင် League of Nations ၏ ကိုယ်စားလှယ်တဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာအမျိုးသမီးကောင်စီ (Burma Women’s Council) ကို ဦးဆောင်ခဲ့သည်။
၁၉၅၀ မှ ၁၉၆၀ အထိ ရန်ကုန်တက္ကသိုလ်၊ သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဌာနတို့တွင် ကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်၌ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဌာနတွင် ဧည့်ပါမောက္ခ ဖြစ်လာခဲ့သည်။
စာရေးဆရာမ တဦးအဖြစ် ဒေါ်မြစိန်သည် နိုင်ငံတကာ ပုံနှိပ်ထုတ်ဝေမှုများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆောင်းပါးများရေးသားခဲ့ပြီး အထူးသဖြင့် ၁၉၃၈ခုနှစ်တွင် “Administration of Burma” (မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး)၊ ၁၉၄၄ခုနှစ်တွင် “Burma” (မြန်မာ) နှင့် “The Future of Burma” (မြန်မာနိုင်ငံ၏ အနာဂတ်) တို့ကို ရေးသားခဲ့သည်။ ဒေါ်မြစိန်သည် အသက် ၈၄ နှစ်အရွယ် ၁၉၈၈ ခုနှစ်တွင် ကွယ်လွန်သည်။
ဒေါ်ခင်ကြည်
ဒေါ်ခင်ကြည်သည် အမျိုးသားသူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မိခင်တယောက်အဖြစ်လည်း လူသိများ ကျော်ကြားသော်လည်း သူ၏ ကိုယ်ပိုင်စွမ်းရည်ကြောင့်လည်း လေးစားဖွယ်ရာ ကောင်းခဲ့ပါသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့မှ ဒေါ်ခင်ကြည်သည် ၁၉၂၀ ခုနှစ်များတွင် မွေးရပ်မြေရှိ အမျိုးသားကျောင်း တကျောင်း၌ စေတနာဝန်ထမ်း ဆရာမတယောက်အဖြစ် နှစ်အနည်းငယ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံသို့ မရိုက်ခတ်မီ ဒေါ်ခင်ကြည်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်မှတ်ရ သူနာပြု တယောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၁ ခုနှစ်တွင် ရန်ကုန်ကို ဂျပန်က ဗုံးကြဲပြီးနောက် ထိခိုက်ဒဏ်ရာ ရရှိသူများကို ကလကတ္တားမြို့သို့ ပို့ဆောင်ပေးရန် ကူညီခဲ့သည်။
နောက်ပိုင်းနှစ်များတွင် ရန်ကုန် စစ်ဆေးရုံ၌ သူနာပြုခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထိုတွင် ဒေါ်ခင်ကြည်သည် အနာဂတ်တွင် ခင်ပွန်းဖြစ်လာမည့် အလွန်နာမကျမ်းဖြစ်နေသော ကာကွယ်ရေးဝန်ကြီး တာဝန် ယူထားရသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံခဲ့သည်။
၁၉၄၇ ခုနှစ် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဒေါ်ခင်ကြည်သည် လူမှုရေး လုပ်ငန်းများတွင် နှစ်မြှုပ် လုပ်ကိုင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး လူမူဖူလုံရေး ဝန်ကြီးဖြစ်လာခဲ့သည်။ ထို့အပြင် ၎င်းသည် ၁၉၆၀ မှ ၁၉၆၇ ခုနှစ် အထိ မြန်မာသမိုင်းတွင် ပထမဆုံး အမျိုးသမီး သံအမတ်အဖြစ် အိန္ဒိယနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါ်ခင်ကြည်သည် အသက် ၇၆ နှစ်အရွယ်တွင် ရန်ကုန်၌ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ပြုစုနေစဉ်အတွင်း ကွယ်လွန်ခဲ့သည်။
၂၄ နှစ် ကြာသောအခါ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်အမည်ဖြင့် ကျန်းမာရေးနှင့် ပညာရေး ဖောင်ဒေးရှင်းတခုကို ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် တဦးဖြစ်သော ဦးထင်ကျော်သည် နှစ် ၅၀ စစ်အုပ်ချုပ်ရေးပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သားသမ္မတအဖြစ် အရွေးခံခဲ့ရသည်။
(ကျော်ဖြိုးသာ ရေးသားသည်)
လူထုဒေါ်အမာ
ဒုတိယကမ္ဘာစစ်ပြီးခေတ် သြဇာလွှမ်းမိုးသော စာရေးဆရာများအနက် တဦးဖြစ်သော လူထုဒေါ်အမာသည် ခင်ပွန်း ဖြစ်သူ ဦးလှနှင့်အတူ ၁၉၄၅ ခုနှစ်တွင် လူထုအမည်ဖြင့် အပတ်စဉ်နှင့် နေ့စဉ်သတင်းစာများကို ထုတ်ဝေခဲ့ပြီး သတင်းစာ ဆရာမတယောက်အဖြစ် ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုလိုနီစနစ် အုပ်ချုပ်စဉ်အတွင်း လူထုသတင်းစာသည် လွတ်လပ်ရေးကို လိုလားသော ဖက်ဆစ် တော်လှန်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဘက်မှ အခိုင်အမာ ရပ်တည်ခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး မကြာမီ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားလာသည့် အတွက် လူထုဒေါ်အမာနှင့် ဦးလှတို့က ငြိမ်းချမ်းရေးအတွက် လှုံ့ဆော်ခဲ့ကြသည်။ နောက်ပိုင်းရလဒ်မှာ အစိုးရက လူထုဇနီးမောင်နှံအား အနှောင့်အယှက်ပြုခြင်း၊ သတင်းစာထုတ်ဝေမှု ဆိုင်းငံ့ခိုင်းခြင်းနှင့် ထောင်ချခြင်းတို့ ပြုလုပ်ခဲ့သည်။
လူထုသတင်းစာတိုက်အား ၁၉၆၇ ခုနှစ်တွင် ဦးနေဝင်း ဦးဆောင်သော စစ်အာဏာရှင်က ပိတ်ခဲ့သည်။
သတင်းစာတိုက် အပိတ်ခံရပြီးနောက် ဒေါ်အမာသည် မြန်မာယဉ်ကျေးမှုနှင့် လက်မှုအနုပညာ လက်ရာများအကြောင်း ရေးသားခြင်းနှင့် ခေတ်သစ်မြန်မာ လူအဖွဲ့အစည်းတွင် လူမှုရေး အပြောင်းအလဲများနှင့် ပတ်သက်၍ ပြည်တွင်း မဂ္ဂဇင်းများ၌ ဝေဖန်သုံးသပ်ချက်များ ရေးသားခဲ့သည်။ ထို့အပြင် ဒေါ်အမာသည် မြန်မာအငြိမ့်နှင့် ခရီးသွား မှတ်တမ်းစာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။
၁၉၃၆ ခုနှစ် ဗြိတိသျှ ကိုလိုနီစနစ်ကို ဆန့်ကျင်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့ဖူးသော ဒေါ်အမာသည် မြန်မာအစိုးရ အဆက်ဆက်မှာ ဦးနေဝင်း၏ အုပ်ချုပ်ရေးနှင့် မကင်းဟု ယုံကြည်သောကြောင့် ခပ်ခွာခွာနေခဲ့သည်။
လူထုဒေါ်အမာသည် ၂၀၀၈ ခုနှစ်တွင် မန္တလေး၌ ကွယ်လွန်သည်။
ဒေါ်ခင်ဥမ္မာ
ဒေါ်ခင်ဥမ္မာ၏ နိုင်ငံရေးလှုပ်ရှားမှုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလိုလားသည့် ကျောင်းသားများ ဦးဆောင်သော ဆန္ဒဖော် ထုတ်မှုအတွင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တယောက်အဖြစ်မှ စတင်ခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စစ်တပ်က နှိမ်နင်းမှုတွင် ဒေါ်ခင်ဥမ္မာသည် အမိမြေမှ ထွက်ခွာရန် ဖိအားပေးခံခဲ့ရ၍ ထိုင်း မြန်မာနယ်စပ်မှ စစ်အစိုးရအား ဆန့်ကျင်မှုများကို ဆက်လက်လုပ်ဆောင်သည်။
လက်ရှိတွင် ဒေါ်ခင်ဥမ္မာသည် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ Burma Partnership ၏ တာဝန်ခံ ဖြစ်သည်။ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့သည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအခွင့်အရေးတို့ ဆောင်ရွက်နေသော အဖွဲ့အစည်းများ ချိတ်ဆက်ထားသည့် ဒေသတွင်း ကွန်ရက်တခုဖြစ်သည်။
ယခုနှစ် မတ်လတွင် ဒေါ်ခင်ဥမ္မာသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့်၊ တိုင်းရင်းသားဒေသများရှိ လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့် မတူညီသော ကိုးကွယ်ရာ ဘာသာများအကြား ခွဲခြားဆက်ဆံမှုများ ရပ်တန့်ရန် တောင်းဆိုမှုများကို လူ့အခွင့်အရေးနှင့် ဖံွ့ဖြိုးတိုးတက်မှုဆိုင်ရာ အာရှဖိုရမ် (FORUM-ASAI) ကိုယ်စား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီလည်း တက်ရောက်ခဲ့သော ဆွေးနွေးပွဲ၌ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့၊ သတင်းထောက်တွေ အတွက် လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်နဲ့ ဒီမိုကရေစီနည်းကျ ဖြစ်ဖို့ ဥပဒေကြောင်းအရ ပြောင်းလဲမှုတွေ၊ ပြန်လည်သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တယ်” ဟု သူက ပြောကြားခဲ့သည်။
ဒေါ်ခင်ဥမ္မာသည် အမျိုးသမီးများ လုပ်ပိုင်ခွင့်ပိုမိုရရှိရေး (Women Empowerment) အတွက် လှုပ်ရှားတက်ကြွသူ တဦး ဖြစ်သည်။ သူ၏ လှုပ်ရှားဆောင်ရွက်မှုများအတွက် Anna Lindh Prize ဆု နှင့် Vital Voices Global Leadership Award ဆုတို့ကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။
(Sally Kantar ရေးသားသည်)
ဒေါက်တာ မသီတာ (စမ်းချောင်း)
လူသိများထင်ရှားသော စာရေးဆရာမ မသီတာ (စမ်းချောင်း) သည် PEN Myanmar ၏ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင် နေပါသည်။ ဆရာဝန်တယောက်၊ လူ့အခွင်အရေး တက်ကြွလှုပ်ရှားသူတယောက်၊ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သော မသီတာ၏ ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေသော “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်” စာအုပ်မှာ လူသိများသည်။ လက်ရှိတွင် ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနေပြီး ယခုနှစ် ဇွန်လတွင် ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။
မသီတာသည် ဝတ္ထုတိုနှင့် ဆောင်းပါးများစွာ ရေးသားခဲ့ပြီး ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံရေး အခင်းအကျင်းကို အခြေခံရေးသားထားသည့် “The Roadmap” စာအုပ်က အကျော်ကြားဆုံးဖြစ်ခဲ့သည်။ အဆိုပါစာအုပ်ကို အင်္ဂလိပ်ဘာ သာပြန်ဆိုခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
မသီတာသည် ၁၉၉၃ ခုနှစ်တွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်မှုအတွက် လှုပ်ရှားမှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ကျခဲ့ရပြီး တရားမဝင် စာပေရေးသား ဖြန့်ချိသည်ဟုဆိုကာလည်း တရားစွဲဆိုခံခဲ့ရသည်။ မသီတာသည် ထောင်ထဲတွင် ၅ နှစ်ကျော်ကြာ အချိန်ကုန်ခဲ့ရာတွင် ကျန်းမာရေး အားနည်းခဲ့သည်။ နိုင်ငံရေး ဖိအားကြောင့် ၁၉၉၉ ခုနှစ် ပြန်လည် မလွတ်မြောက်ခင်အထိ များသောအားဖြင့် တိုက်ပိတ်ခံခဲ့ရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ််ဖော်မှု အခြေအနေပေါ်တွင် မသီတာက “လွတ်လပ်စွာ ရေးသားထုတ်် ဖော်မှုအတွက် ကျမတို့ တိုက်ပွဲဝင်နေရဆဲပါပဲ” ဟု ပြောကြားခဲ့ပြီး တနေ့တွင် တရားဝင် အာမခံချက်တရပ် ထွက်ပေါ်လာ နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
အသက် ၅၀ အရွယ် မသီတာသည် လက်ရှိတွင် Info Digest Journal နှင့် ရွှေအမြုတေ မဂ္ဂဇင်းတို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်နေပြီး လူမှုအပြောင်းအလဲအတွက် ဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင်နေပါသည်။
(ငြိမ်းငြိမ်းရေးသားသည်)
ဒေါ်နန်းဖြူဖြူလင်း
ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ရှမ်း-ကချင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်နန်းဖြူဖြူလင်းသည် အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးနှင့် ကျား၊မ တန်းတူ ညီမျှရေးအတွက် ဆယ်စုနှစ်ကျော် လှုပ်ရှားဆောင်ရွက်နေသူ တဦးဖြစ်သည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့များဖြင့် စုဖွဲ့ထားသော “ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့” (AGIPP) ဥက္က ဖြစ်သူ ဒေါ်နန်းဖြူဖြူလင်းသည် လူ့အခွင့်အရေး အကြောင်းအရာများ သင်ကြားပို့ချသူ၊ ပံ့ပိုးသူတဦးလည်း ဖြစ်သည်။
ဒေါ်နန်းဖြူဖြူလင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလက ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပံ့ပိုးကူညီသူ အမျိုးသမီးများထဲမှ တဦး ဖြစ်သည်။
အသက် ၄ နှစ်အရွယ် သမီးငယ်ကို ထိန်းကျောင်းရင်း အလုပ်ခွင် ဝင်ရောက်နေသော ဒေါ်နန်းဖြူဖြူလင်းက လုပ်ငန်းခွင် အတွင်း အောင်မြင်မှုအတွက် ခင်ပွန်း၊ မိဘများနှင့် ခင်ပွန်းသည်၏ ဆွေမျိုးများ စသူတို့၏ မိသားစုအကူအညီနှင့် ပံ့ပိုးမှု များစွာ လိုအပ်ကြောင်း ပြောသည်။
အမျိုးသမီးဦးဆောင်မှု ကဏ္ဍမြှင့်တင်ရေးအတွက် ကြိုးပမ်းသူလည်းဖြစ်၊ ပံ့ပိုးကူညီသူလည်း ဖြစ်သည့် ဒေါ်နန်းဖြူဖြူလင်းက ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍများတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရန် တောင်းဆိုသော အယူအဆကို ထောက်ခံသည်။
၎င်းတို့ကို “၃၀ ရာခိုင်နှုန်း မမတွေ” ဟု ခေါ်လေ့ရှိသူ အမျိုးသားများကြောင့် ထိုစိန်ခေါ်မှုက လှုပ်ရှားမှုတွင် ဆက်လက် ပါဝင်နေရန် လှုံ့ဆော်ပေးနေသကဲ့သို့ ဖြစ်ပြီး တန်းတူညီမျှရေးအတွက် ဆက်လက် လှုပ်ရှားရန် တွန်းအားတခု ဖြစ်ရသည်ဟု သူက ဆိုသည်။
အမျိုးသမီးများအသံ ပိုမို ထွက်ပေါ်လာရေး လှုပ်ရှားမှုတွင် အကောင်းဘက် ဦးတည်သော တိုးတက်မှုများ မြင်တွေ့ လာရကြောင်း သူက အသိအမှတ်ပြုပြီး “တန်းတူအခွင့်အရေးကို တန်ဖိုးထားတာကြောင့် နည်းနည်းလုပ်ရင် နည်းနည်း တင်ကျန်တယ်။ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေကလည်း အရာမထင်ဘူးလို့ ထင်ရပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ တဖြည်းဖြည်းချင်း တိုးတက်မှု ရှိလာပါတယ်” ဟု သူက မှတ်ချက်ပြုသည်။
(ငြိမ်းငြိမ်း ရေးသားသည်)
မနန်းလိုင်ခမ်း
မနန်းလိုင်ခမ်းသည် ပရဟိတ လုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် လူငယ် ဖွံ့ဖြိုးတိုးတက်မှုများကို ထောက်ပံ့ပေးသည့် အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်ပြီး ထိုဖောင်ဒေးရှင်းကို ပူးတွဲတည်ထောင်သူ ဖြစ်သည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပီးနောက် ပေါ်ပေါက်ခဲ့သည့် ပရဟိတအဖွဲ့သည် ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအနှံ့ ရေကြီးမှုများတွင် ဒုက္ခသည်များအား အကူအညီပေးခဲ့သည့်အတွက် ချီးကျူးခံရသည့်အဖွဲ့ ဖြစ်သည်။
ယခင် စစ်အာဏာရှင်များနှင့် နီးစပ်သော သူ၏ဖခင် ဦးအောင်ကိုဝင်း တည်ထောင်ထားသော စီးပွားရေး လုပ်ငန်းစုဖြစ်သည့် ကမ္ဘောဇအုပ်စုတွင် မနန်းလိုင်ခမ်းက အမှုဆောင် ဒါရိုက်တာဖြစ်သည်။
စီးပွားရေးတွင် အမျိုးသမီးများ ဦးဆောင်မှုနှင့် စပ်လျဉ်း၍ မနန်းလိုင်ခမ်းက ယမန်နှစ် ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူး တခုတွင် အမျိုးသမီးများ စွမ်းရည်မြှင့်ရေးဆိုင်ရာ “မူဝါဒထက် စွမ်းဆောင်ရည်မြှင့်ရေး ယဉ်ကျေးမှုတရပ် ရှိရေးကို ဦးစားပေး ပြောလိုကြောင်း” ပြောဆိုခဲ့ဖူးသည်။ ထို့အပြင် ၎င်းက စီးပွားရေးကဏ္ဍ အားလုံးတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို အားပေးထောက်ခံသည်။
မနန်းလိုင်ခမ်းသည် ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့က ဟောင်ကောင်တွင် Fortune မှ ပြုလုပ်သော တတိယ အကြိမ်မြောက် နိုင်ငံတကာမှ သြဇာအကြီးမားဆုံး အမျိုးသမီးများ အစည်းအဝေးကို တက်ရောက်ခဲ့သည်။
(ငြိမ်းငြိမ်းရေးသားသည်)
အင်္ဂလိပ်ဘာသဖြင့် ဖတ်ရှုရန်
http://www.irrawaddy.com/burma/inspiring-women-of-burma.html