မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း အသက် ၁၅ နှစ်နှင့်အထက် HIV ကူးစက်ခံရသူ ခန့်မှန်းဦးရေ ၂၁၆၀၀၀ ခန့် ရှိပြီး တရက်လျှင် လူ ၃၀ ခန့် ကူးစက်ခံရမှု ရှိသည်ဟု ကုလသမဂ္ဂ AIDS တိုက်ဖျက်ရေးအဖွဲ့(UNAIDS)၏ HIV တားဆီး ကာကွယ်ရေးအဖွဲ့က ခန့်မှန်း တွက်ချက်ထားသည်။
ထို ၂၀၁၅ ခုနှစ် ခန့်မှန်းဦးရေ စာရင်းများအနက် ART ကုထုံးဖြင့် ARV ဆေး တိုက်ကျွေးနိုင်မှု ဦးရေ ၁ သိန်း ၁ ထောင်ရှိပြီး HIV ကူးစက် ခံရသူ ၁ သိန်း ၁ သောင်း ၅ ထောင် ခန့် ARV ဆေး ရရှိရန်လိုအပ်နေကြောင်း၊ ဆေးလုံလောက်စွာ ရှိနေသော်လည်း ဆက်သွယ် လာမှု နည်းပါးနေသေးကြောင်းလည်း ပါဝင်သည်။
အရွယ်ရောက်ပြီးသူများ အနက် HIV အသစ်တိုး ကူးစက်ခံရသူ ၁၁၀၀၀ ခန့်ရှိပြီး AIDS နှင့်ဆက်နွယ်သည့် ရောဂါများကြောင့် သေဆုံး ရသူ ခန့်မှန်းဦးရေ ၁၀၀၀၀ ခန့် ရှိသည်ဟုလည်း ဆိုသည်။
HIV/AIDS ကို ကုသပျောက်ကင်းနိုင်သည့် ဆေးဝါးနှင့်ကုသနည်း မတွေ့ရှိသေးသော်လည်း ART ကုထုံးဖြင့် ကျန်းမာစွာ နေထိုင် အသက်ရှင်စေနိုင်ပြီး ARV ဆေးရရှိနိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် INGO၊ NGO များက ဆောင်ရွက်ပေးလျက် ရှိသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ART Center ၈၀ နှင့် Decentralized ART Sites (ARV ဆေးပေးသည့် ဌာနခွဲ) ၇၀ ကျော်ရှိ လာပြီဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ HIV ကူးစက်ခံရမှု လျှော့ချနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်နေကြတယ်။ လျှော့ချနိုင်ဖို့ဆိုတာက လူထုကြား မှာ အသိပညာတွေရှိလာဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ARV ဆေးရရှိနိုင်ဖို့ နေရာတွေ၊ မြို့နယ်တွေကို တိုးချဲ့ပေးထားပါတယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ထက်လင်းက ပြောသည်။
၎င်းက ဆက်လက်၍“ပြီးခဲ့တဲ့နှစ်အတွင်းက HIV ကူးစက်ခံရမှု လျှော့ချနိုင်ဖို့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ်၂၈ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သလို ARV ဆေး ရရှိနိုင်ဖို့ ART Centerတွေ၊ ARV ဆေးပေး ဌာနခွဲတွေကိုလည်း တိုးချဲ့ပေးနိုင်ခဲ့ ပါတယ်”ဟုလည်း ပြောပြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ART Center နှင့် ARV ဆေးပေးသည့် ဌာနခွဲများမှာ –
ကချင်ပြည်နယ်၌ ဗန်းမော်၊ မြစ်ကြီးနား၊ နမ္မတီး၊ ပူတာအို၊ ဖားကန့်၊ လိုင်ဇာ၊ ဟိုပင်၊ ဝိုင်းမော် နှင့် မိုးကောင်းမြို့နယ်။
ကရင်ပြည်နယ်တွင် ဘားအံ နှင့် မြဝတီမြို့နယ်။
ကယားပြည်နယ်၌ လွိုင်ကော်မြို့နယ်။
ချင်းပြည်နယ်တွင် ဟားခါးမြို့နယ်။
မွန်ပြည်နယ်တွင် မော်လမြိုင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ် နှင့် ရေးမြို့နယ်။
ရခိုင်ပြည်နယ်၌ စစ်တွေ ၊ ကျောက်ဖြူ ၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်။
ရှမ်း ပြည်နယ်တွင် တောင်ကြီး၊ လွယ်လင်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ လာရှိုး၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း နှင့် ကလောမြို့နယ်။
စစ်ကိုင်းတိုင်းဒေသကြီး၌ ဟုမ္မလင်း၊ ကလေး၊ ရွှေဘို၊ တမူး၊ မုံရွာ၊ ကောလင်း၊ ခန္တီး နှင့် စစ်ကိုင်းမြို့နယ်၊
တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ ကော့သောင်း နှင့် မြိတ်မြို့နယ် တို့ပါဝင်သည်။
နေပြည်တော် ကောင်စီနယ်မြေတွင်မူ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်။
ပဲခူးတိုင်းဒေသကြီး၌ ပဲခူး၊ ပြည် နှင့် တောင်ငူမြို့နယ်။
မကွေးတိုင်း ဒေသကြီးတွင် မကွေး၊ ချောက်၊ အောင်လံ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင် နှင့် ရေနံချောင်းမြို့နယ်။
ဧရာဝတီတိုင်း ဒေသကြီး၌ ဟင်္သတ၊ မအူပင်၊ မြောင်းမြ၊ ပုသိမ်၊ လပွတ္တာ၊ ကျိုက်လတ်၊ ညောင်တုန်း၊ ဘိုကလေး နှင့် ဖျာပုံမြို့နယ်။
မန္တလေး တိုင်းဒေသကြီးတွင် ကျောက်ဆည်၊ မတ္တရာ၊ သာစည်၊ ပျော်ဘွယ်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိတ္ထီလာ၊ မြင်းခြံမြို့နယ် နှင့် မန္တလေး ခရိုင်အတွင်းရှိ ဆေးရုံကြီးများ။
ရန်ကုန်တိုင်းဒေသကြီး၌ မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ သာကေတမြို့နယ် နှင့်
ရန်ကုန်တိုင်း အတွင်းရှိ ခရိုင် ဆေးရုံကြီးများတွင် ART Center များ ဖွင့်လှစ်ပေးထားပြီး ၂၀၁၅ ခုနှစ်အတွင်း ART Center ၁၀ ခုနှင့် ARV ဆေး ပေးသည့်ဌာနခွဲ ၂၆ ခုကို တိုးချဲ့ ဖွင့်လှစ်ပေးနိုင်ခဲ့သည်ဟု သိရသည်။
“ကူးစက် ခံထားရသူတွေ အတွက် ARV ဆေးသောက်နိုင်ဖို့ ART Center ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေမှာ အထူးကု ဆရာဝန်ကြီး တွေ နဲ့ ဆေး စသောက်နိုင်အောင် စီစဉ်ပေးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုး ခံစားရမှု မရှိတော့ဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ်ဆေးခန်း တွေမှာရှိတဲ့ ARV ဆေးပေး ဌာနခွဲတွေမှာ ဆေးဆက်သောက်နိုင်အောင် စီစဉ်ပေးပါတယ်”ဟု မန္တလေးခရိုင် ချမ်းအေးသာစံ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ လင်းလင်းချစ်က ပြောသည်။
မြန်မာနိုင်ငံတဝန်းလုံးရှိ ကူးစက်ခံရသူများအားလုံး ART ကုထုံးဖြင့် ARV ဆေး တိုက်ကျွေးနိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ စောစီးစွာ ရောဂါရှာဖွေပေးခြင်းနှင့်ကုသရေး ဝန်ဆောင်မှုလုပ်ငန်းများသို့ ရောက်ရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအသီးသီးနှင့် INGO၊ NGO များ ပူးပေါင်းပါဝင်၍ ARV ဆေး စွဲစွဲမြဲမြဲသောက်သုံးနိုင်ရန် ကူညီပံ့ပိုးခြင်း၊ အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်ပေးခြင်း၊ ကူးစက်နိုင်ခြေမြင့် အုပ်စုများအား အမူ အကျင့် ပြောင်းလဲစေရန် အသိပညာပေးခြင်းများကို ဝိုင်းဝန်း လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အစိုးရ၏ ဦးဆောင်မှုကြောင့် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ၅ နှစ်အတွင်း HIV/AIDS နှင့် သက်ဆိုင်သည့် ပြုစု ကုသ မှုများ ၈ ဆအထိ တိုးတက်လာခဲ့သော်လည်း ရောဂါကာကွယ်ရေးအပိုင်းတွင် ရည်မှန်းထားသည့် အတိုင်းအတာသို့ မရောက်ရှိသေး ဘဲ ဝေဒနာရှင်များအား ခွဲခြား ဆက်ဆံခံရမှုများ ရှိနေဆဲပင်ဖြစ်သည်ဟု UNAIDS အဖွဲ့၏ ထုတ်ပြန် ကြေညာချက်များ၌ ပါရှိသည်။
ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲနေသည့် ဘဏ္ဍာရေးသုံးငွေများအပြင် Global Fund၊ 3MD Fund၊ USAID၊ DFAID၊ EU၊ UK စသည့် နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်း အသီးသီးမှလည်း လှူဒါန်းမှုများ ရရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတဝန်းလုံးတွင် ကျန်းမာရေးကဏ္ဍအတွက် ဘဏ္ဍာငွေ အသုံးပြုမှု အနည်းဆုံးနိုင်ငံ ဖြစ်နေသေးသော်လည်း အစိုးရပိုင်း၏ ထောက်ပံ့ပေးနိုင်မှုသည် နှစ်စဉ်တိုးတက်လာမှု ရှိလာပြီး နိုင်ငံအတွင်းရှိ HIV ရောဂါပိုး ရှိနေသူများ၏ ၅၀ ရာခိုင်နှုန်း ခန့် ဆေးကုသမှု မရရှိကြခြင်းသည် ဝေဒနာရှင်များအား ခွဲခြားဆက်ဆံနေမှု များကြောင့် ဖြစ်ကြောင်း မာရီစတုပ် အဖွဲ့မှ ဒေါက်တာ စစ်နိုင်က ပြောသည်။
ထိုသို့ ခွဲခြားဆက်ဆံမှုများကြောင့် HIV ပိုး ကူးစက်ခံရနိုင်ခြေရှိသည့် အမူအကျင့်ရှိသူများသည် အချိန်လွန်မှ ပိုးကူးစက်ခံရခြင်းကို သိရှိကြကြောင်း၊ မြန်မာနိုင်ငံ၏ တချို့သော တည်ဆဲဥပဒေများသည် HIV ကူးစက်ခံရမှု လျှော့ချနိုင်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများအား အဟန့်အတား ဖြစ်နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ်ရေးအပိုင်း ရည်မှန်းချက် ရောက်ရှိစေရန်အတွက် ရောဂါပိုး ရှိ မရှိ စစ်ဆေးသည့် ကဏ္ဍအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်လိုအပ်ပြီး သို့မှသာ ရောဂါပိုးရှိသည်ကို သိရှိ၍ ကုသမှုများကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ရောဂါပိုး ရှိ မရှိ စစ်ဆေးခံနိုင်ကြမည်ဆိုလျှင် ရောဂါပိုးရှိနိုင်သူများအား ကြောက်ရွံ့မှု နှင့် ခွဲခြားဆက်ဆံမှုများကို ယခုထက် ပို၍ တိုက်ဖျက်သွားကြရန် လိုအပ်သည်ဟုလည်း ဆိုသည်။
လက်ရှိအချိန်တွင် လိင်တူဆက်ဆံသူများ၊ လိင်ပြောင်းထားသူများ၊ အမျိုးသမီး လိင်အလုပ်သမားများနှင့် မူးယစ်ဆေး သုံးသူများစသည့် ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားသူများအား ခွဲခြားဆက်ဆံမှုရှိနေခြင်းများသည် HIV/AIDS တိုက်ဖျက်ရေးအတွက် စိန်ခေါ်မှုတရပ်အဖြစ် ရှိနေဆဲပင်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်သစ်တွင် HIV ပိုးရှိသူတိုင်းကို CD4 count မည်မျှ ရှိနေသည်ဖြစ်စေ ပြုစုကုသ စောင့်ရှောက်မှု ပေးရမည်ဟု လမ်းညွှန်ထားသည်။
အဆိုပါ လမ်းညွှန်ချက်အတိုင်း လိုက်နာနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ပြုစုကုသမှုအား နှစ်ဆတိုး၍ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံများတွင် အရွယ်ရောက်ပြီးသူ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်အထိ HIV ပိုးရှိနေပြီး ထိုအခြေအနေနှင့် နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံ၏ ရောဂါပျံ့နှံ့မှု ကိန်းဂဏန်းသည် စိုးရိမ်ရမည့် အခြေအနေတွင်မရှိသေးကြောင်း၊ HIV/AIDS နှင့် သက်ဆိုင် သည့် ပြုစုကုသမှုများ စဉ်ဆက်မပြတ် တိုးမြှင့်နိုင်မည်ဆိုလျှင် မျှော်မှန်းသည်ထက်ပို၍ အောင်မြင်မှုများရှိနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသား ခုခံကျ/ကာလသား တိုက်ဖျက်ရေးစီမံချက် (NAP)မှ ဒေါက်တာ ထက်လင်းက ပြောသည်။
မြန်မာနိုင်ငံအတွက် အသစ်ချမှတ်ထားသည့် HIV မဟာဗျူဟာ စီမံချက်တွင် အဓိကလူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ ရောဂါ ကာကွယ်ရေး ဝန်ဆောင်မှုများရရှိနိုင်စေရန်၊ HIV ပိုးရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းအထိ ပိုးရှိ၊ မရှိ သိနေစေရန်၊ ပိုးရှိပြီးသူ အားလုံး၏ ၉၀ ရာခိုင်နှုန်းအထိ ပြုစုကုသမှု ခံယူနိုင်စေရန်၊ ရောဂါပြုစုကုသမှုခံယူသူ အားလုံး၏ ၉၀ ရာခိုင်နှုန်းအထိ ရောဂါပိုးနှိမ်နင်းရာ၌ အောင်မြင်နိုင်စေရန်၊ ပိုးရှိသူများနှင့် ဆက်စပ်နေသူများ အပေါ် ခွဲခြားဆက်ဆံမှု မရှိစေရန် ဆိုသည့် ရည်မှန်းချက်များ ပါဝင်သည်။