ဆောင်းပါး

Greed ကို ပစ်၍ Green ကိုရှာပါ

This article has been converted from Zawgyi One to Unicode

၁၉၇၀ ခုနှစ်မှ စတင်၍ ဧပြီလ ၂၂ ရက်နေ့ကို Earth Day “မြေကမ္ဘာနေ့” ဟု သတ်မှတ်ခဲ့ပြီး ထိုအချိန်မှစ၍ နှစ်စဉ်ဧပြီလ ၂၂ ရက်နေ့ရောက်တိုင်း “မြေကမ္ဘာနေ့” ကို ကျင်းပလာခဲ့ကြသည်။ သို့ဖြင့် “မြေကမ္ဘာနေ့” က ခေတ်သစ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုကို နိုးကြားဖြစ်ပေါ်စေခဲ့ပါသည်။

“မြေကမ္ဘာနေ့” ဖြစ်ပေါ်၍ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်လာခဲ့ပြီးသောအခါ၌ “မြေကမ္ဘာ” အပေါ် ခြိမ်းခြောက်မှုများက ပို၍ တိုးပွားများပြားလာပါသည်။ အဆိပ်ရှိသော စွန့်ပစ်ပစ္စည်းများ၊ အက်ဆစ်မိုး ရွာသွန်းမှုများ၊ အိုဇုန်းလွှာ ပေါက်ပြဲမှုများနှင့် ဖန်လုံအိမ် အကျိုးဆက်များက သတင်းစာခေါင်းကြီးများတွင် နေရာယူလာကြ ပြီး နိုင်ငံတကာညီလာခံများ ခေါ်ယူရသည်အထိ ဖြစ်လာကြပါသည်။

ပတ်ဝန်းကျင်အရေး စိတ်မအေးမှုများကို ကမ္ဘာနှင့်အဝှမ်း နိုင်ငံရေးလှုပ်ရှားမှု အသွင်တရပ်သဖွယ် ဖြစ်ပေါ်လာစေသည့် အတွက် “မြေကမ္ဘာနေ့” သည် တကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တခု အဖြစ်သို့ ပြောင်းလဲသွားပါတော့သည်။ မြေကမ္ဘာနေ့တွင် သန်းပေါင်း များစွာသော ကမ္ဘာ့လူထုကြီးသည် ဟောကြပြောကြ နားထောင်ကြ၊ ကားမမောင်းနှင် မစီးနင်းဘဲနေကြ၊ စီတန်းလှည့်လည်ကြ၊ အပင်စိုက်ပျိုးကြနှင့် လှုပ်ရျားမှုမျိုးစုံကို ပြုလုပ်လေ့ရှိကြပါသည်။ ဤလုပ်ရပ်အားလုံးက လူတို့သည် မိခင်သဘာဝတရားကို မြတ်နိုးကြောင်း၊ တည်တံ့စေလိုကြောင်း ထိန်းသိန်းကာကွယ်လိုကြောင်း ပြသနေခြင်းပင် ဖြစ်ပါသည်။
“မြေကမ္ဘာနေ့” တွင် လူတို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် တင်ပြ ပြောဆို လုပ်ကိုင်ပြသလေ့ ရှိကြပါသည်။ ပုံစံအားဖြင့် ပြင်သစ် တက်ကြွလှုပ်ရှားသူတို့က အပြာနှင့် အစိမ်းရောင် ဝတ်စုံများ ဝတ်ပြီး Loine မြစ်ကမ်း တလျှောက်တွင် ၈၃၅ ကီလိုမီတာ ရှည်လျားသော လူဆက်တန်းကြီးတခု ပြုလုပ်ပြကြပါသည်။

လေကြောင်း ပို့ဆောင်ရေးများကလည်း ခရီးစဉ်အလိုက် ကြိုဆိုကြရာ၌ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းစကားများ ထည့်သွင်းဖြည့်စွက်ကာ ကြိုဆိုကြပါသည်။ လစ်သူယေးနီးယားလူမျိုးတို့က ဗေါ်လ်ဂါမြစ်ကြီးကို ကယ်တင်ဖို့ လှုပ်ရှားမှုများ ပြုလုပ်ကြသလို၊ မြန်မာလူထုကလည်း ဧရာဝတီမြစ်ကြီးကို ကယ်တင်ဖို့ ဆန္ဒထုတ်ဖော်ပြသကြပါသည်။ မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသား တို့ကလည်း ပန်းကုံး စွပ်ပေးထားသော ဆင်ကြီးများဖြင့် စီတန်းလှည့်လည်ပြီး သစ်တောပြုန်းတီးမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြပါသည်။

မနီလာမြို့စီပွားရေး ရပ်ကွက်တွင် ထိုနေ့အဖို့ ကားမောင်းခြင်းကို တားမြစ်ကြပါသည်။ ဟောင်ကောင်တွင် အစိမ်းရောင် ချောကလက်များ ရောင်းချကြပါသည်။ ဤလုပ်ရပ်များ အားလုံးသည် စိတ်အားထက်သန်မှုဖြင့် လုပ်သည်ဖြစ်စေ၊ အပျော်သဘောဖြင့် လုပ်သည်ဖြစ်စေ၊ လူကြားလူမြင်ကောင်းရုံ လုပ်သည်ဖြစ်စေ၊ တကယ့် လက်တွေ့ကျကျ လုပ်ပြသည်ဖြစ်စေ မိမိတို့ မျှော်မှန်းထာသည့်အတိုင်း ကျေနပ်ရောင့်ရဲနေသော မြေကမ္ဘာအား သန့်ရှင်းစင်ကြယ်ရေး၊ အန္တရာယ်ကင်းဝေးရေးအတွက် အမှန်တကယ် တပ်လှန့်ပေးနိုင်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတို့က ယုံကြည်မှတ်ယူနေကြပေသည်။

“မြေကမ္ဘာနေ့” အတွက် ချီတက်ရမည့် ခရီးလမ်းကား ရှည်လျားလွန်းလှပေသည်။ ပထမဦးဆုံး ကျင်းပခဲ့သည့် “မြေကမ္ဘာနေ့” က အမေရိကန်နိုင်ငံ၏ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အသိတရားကို ပြင်းထန်စွာ လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။ သို့ဖြစ်၍ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ ဖြစ်ပေါ်လာပြီး ကွန်ကရက်လွှတ်တော်အား လေထုသန့်စင်ရေး အက်ဥပဒေကို ပြဌာန်းစေခဲ့ပါသည်။ အကျိုးဆက်အားဖြင့် မော်တော်ယာဉ်ဓာတ်ငွေ့က ထုတ်လွှတ်မှု စံချိန်စံညွှန်းများနှင့် တောတောင်များအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပြုခြင်းများ ဖြစ်ပေါ်လာရပါသည်။

ထိုနှစ်၏ နောက်ပိုင်း ကာလများတွင် အမေရိကန် ပြည်ထောင်စုသည် လေထုညစ်ညမ်းမှုကို ထုနှင့်ထည်နှင့် လုပ်နေခဲ့လင့်ကစား၊ အခြေအနေကို ပြုပြင်ရန် အလို့ငှာ မြောက်များစွာသော ခြေလှမ်းများကိုတော့ လှမ်းဖြစ်ခဲ့ပါသေးသည်။

သို့သော် နောက်ပိုင်းကို ခြုံကြည့်ရလျှင် “မြေကမ္ဘာနေ့” များသည် ပျော့ခွေပုံလဲသွားကြသဖြင့် စိတ်အားထက်သန်မှု အစိုင်အခဲကြီးမှာလည်း မကြာခင်အတွင်း ယုတ်လျော့သွားခဲ့ရပါသည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာနှင့် အဝှမ်း၌ အစိမ်းရောင် နိုင်ငံရေး နိုးထလာသည်ကို မြင်တွေ့ခဲ့ရသော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတို့က “Green (အစိမ်းရောင်) ထက်စာရင် Greed (လောဘ) ကသာ ရှေ့ကိုပိုပြီး ထွက်ထွက်လာနေတယ်” ဟု ညည်းညူခဲ့ကြပါသည်။

ယင်းမှာ ထိုခေတ် ထိုဆယ်စုနှစ်တုန်းက အလွမ်းဇာတ်သာ ဖြစ်ပြီး ထိုစဉ်က စိမ်းလန်းစိုပြည်မှုအပေါ် များစွာ အာရုံပြုခဲ့ကြသော်လည်း ယင်းနှင့်အတူ နိုင်ငံရေးစိတ်ဓာတ်က တွဲပြီ ပါမလာလို့သာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြပါသည်။ သို့ဖြစ်၍ “မြေကမ္ဘာနေ့” ဖြစ်မြောက်ရေး စည်းရုံးလှုံ့ဆော် သူတို့က ယခုအချိန်အခါသည် ပတ်ဝန်းကျင် လှုပ်ရှားမှု၏ နောက်အဆင့်တခုကို စတင်ဖို့ အချိန်ပင်ဖြစ်သည်ဟု ပြောဆိုလာကြပါသည်။

“မြေကမ္ဘာနေ့” ၏ အထိမ်းအမှတ်တခု အနေနှင့် အနည်းဆုံးဧပြီလ ၂၂ ရက်နေ့တွင် ကမ္ဘာမြေအား လျစ်လျူရှုပြီး မထားအပ်ပေ။ “မြေကမ္ဘာနေ့” ၌ နီပေါနိုင်ငံ၏ ဝေးလံသီခေါင်သောအရပ်တို့တွင် တောင်သူလယ်သမားတို့အား ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ကျွမ်းကျင်သူတို့က ပညာပေးကြပါသည်။ ဂျပန်ကမ်းလွန် ပင်လယ်ပြင်အောက်မှ အမှိုက်သရိုက်များကို ရေငုပ်သမားတို့က ရှင်းလင်းဆယ်ယူပေးကြပါသည်။ မောရေးရှ၊ ထိုင်း၊ ဖီဂျီနှင့် ရဝမ်ဒါနိုင်ငံများ၌ သစ်ပင်စိုက်ပျိုးသည့် အခမ်းအနားများ ပြုလုပ်ကြပါ၏။

ကမ္ဘာကြီးအား စက်မှုလုပ်ငန်းဖြင့် ညစ်ညမ်းအောင် ပြုလုပ်ကြကုန်သော လုပ်ငန်းရှင်ကြီးများသည် ယင်း လှိုင်းအစိမ်းကို စပြီး မစီးသမျှ ကာလပတ်လုံး အထက်ပါ လုပ်ရပ်များသည် ဘာတခုမျှ ကောင်းကျိုး ပြုနိုင်လိမ့်မည်မဟုတ်ဟု ဂေဟဗေဒ ပညာရှင်တို့က သတိပေး ပြောကြားနေကြပါသည်။ ထိုမျှမက စက်မှုလုပ်ငန်း ရှင်များအတွင်း၌လည်း သဘောထား အမျိုးမျိုး ပေါ်ပေါက်လျက်ရှိပါသည်။ စက်မှုလုပ်ငန်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အကျိုးပြုမည့် ကုန်ထုတ်လုပ်မှု လိုအပ်ချက်တို့အကြား၌ အကျိုးစီးပွား ထိတွေ့တိုက်ခိုက်မှု တရပ်ရှိနေပါသည်။

“မြေကမ္ဘာ”နေ့ လှုပ်ရှားအဖြစ် ထောင်ပေါင်းများစွာသော ဗြိတိသျှ မိသားစုများသည် တော်တောင် ကန္တာရ ကျေးလက်ခရီးကြမ်းဖြစ်သော “မြေကမ္ဘာလမ်းလျှောက်ပွဲ” (Earth Walks) ကို ဆင်နွဲှကြပါတယ်။ Great Cornish မြေကမ္ဘာ လမ်းလျှောက်ပွဲတွင် အလွန်သာယာလှပသော ကျောက်တောင်နှင့် တောင်ကြားများကို ကျော်ဖြတ်ရပါသည်။ ပါဝင်ဆင်နွှဲသူတို့သည် ငှက်ကြည့်ခြင်း၊ အပင်ငယ်များ လေ့လာခြင်း၊ စွန်လွှတ်ခြင်း တဦးမျက်နှာတဦး ဆေးသုတ်ခြင်းများ ပြုလုပ်ကြပါသည်။ စည်းရုံးရေးမှူးတို့က ဤသို့သော လှုပ်ရှားမှုမျိုးသည် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း တို့ထက် ပိုမို၍ ထိရောက်မှုရှိပြီး အစိမ်းရောင် သတင်းစကား ရရှိရေးအတွက် ပို၍ အထောက်အကူဖြစ်ကြောင်း ယုံကြည်နေကြပါသည်။

ကျေးလက်သို့ ရောက်သွားသည်နှင့် သဘာဝပတ်ဝန်းကျင်က မည်မျှအထိသာ သာယာလှပနေကြောင်း မြင်တွေ့ရပေလိမ့်မည်။ ထိုအခါ ယင်းသို့သော သဘာဝပတ်ဝန်းကျင် အလှအပမျိုးကို မိမိတို့ မျိုးဆက်အတွက် သာမကဘဲ နောင်လာမည့် မျိုးဆက်သစ်တို့အတွက်လည်း မထိန်းသိမ်းပေးလိုဘဲ မနေနိုင်အောင် ခံစားသွားရမည်သာ ဖြစ်ပါသည်။

Loading