အခြေခံပညာကျောင်းတွေ စာမေးပွဲပြီးလို့ နောက်တတန်းတက်ဖို့အတွက် မိဘအများစု ဘယ်လို ကျောင်းမျိုးမှာထားရမလဲ စီစဉ်နေကြရပါပြီ။ မိဘတချို့က အစိုးရကျောင်းမှာပဲ ဆက်ထားရမလား၊ ကိုယ်ပိုင်အထက် ကျောင်းကို ပြောင်းထားရမလား ဝေခွဲမရ ဖြစ်နေကြတယ်။
ကိုယ်ပိုင်ကျောင်းကနေ အစိုးရကျောင်းကို ပြန်ပြောင်းထားရမလား ဆိုပြီး စဉ်းစားနေတဲ့ မိဘတချို့လည်း ရှိနေပါတယ်။ ပညာရေးဝန်ကြီးဋ္ဌာနက ကိုယ်ပိုင် အထက်တန်းကျောင်းအသစ်တွေ နှစ်စဉ်ချပေးတယ်။ ဒါကြောင့် ကိုယ်ပိုင်အထက်တန်း ကျောင်းတွေက ရွေးချယ်စရာ များလာတယ်။
အစိုးရကျောင်းမှာရော ကိုယ်ပိုင်ကျောင်းတွေမှာပါ အားနည်းချက် အားသာချက်တွေ ရှိနေတယ်။ ငွေကြေးတတ်နိုင်တဲ့ မိဘအများစုက သူတို့သားသမီးတွေကို ပညာရေးပိုင်းမှာရော၊ သွားရေးလာရေးနေရေးထိုင်ရေးစားရေးသောက်ရေး အဆင်ပြေမယ့် ကိုယ်ပိုင်အထက်တန်းကျောင်းတွေကိုသာ ထားဖို့ စိတ်ဝင်စားကြတယ်။
မိဘတချို့ကတော့ နာမည်ကြီး အစိုးရအထက်တန်းကျောင်းနဲ့ သင်ကြားမှုပိုင်း သိပ်မကွာတာကြောင့် ငွေ အကုန်အကျ နည်းတဲ့ အစိုးရကျောင်းတွေကို ထားချင်ကြတယ်။
ကိုယ်ပိုင်ကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေမှာ နောက်ထပ် အပိုကျူရှင်တွေ တက်ရတာ၊ ဂိုက် (စာသင်လမ်းညွန်) အကူတွေ ခေါ်သင်ရတာ၊ ကုန်ကျစရိတ် တိုးလာတာတွေကြောင့် တချို့က ကိုယ်ပိုင်ကျောင်းကနေ အစိုးရကျောင်းကိုပဲ ပြန်ပြောင်းထားဖို့ ပြင်ဆင်လာတာတွေ ရှိနေပါတယ်။
အစိုးရကျောင်းမှာ ရှစ်တန်းအောင်ပြီး ကိုးတန်း၊ ဆယ်တန်းတက်ဖို့ ကိုယ်ပိုင်ကျောင်းတွေကို ပြောင်းထားဖို့ တာစူနေ ကြ တာရှိသလို အရေးကြီးတဲ့ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ဖို့ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့ ပြောင်းထားဖို့ စဉ်း စားကြတဲ့ မိဘတွေလည်းရှိတယ်။
ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းအိပ်ကျောင်းစား ဘော်ဒါထားခဲ့ရင် ငွေကုန်ကြေးကျ ရှိတာကလွဲလို့ အဆောင်ဂိုက် (စာကြည့်လမ်းညွှန်) ရှိတယ်။ ကျောင်းရဲ့ဂုဏ်သိက္ခာအတွက် ကျောင်းသား တဦးချင်းစီကို အာရုံစိုက်ပြီး သင်ကြားပေး နိုင်တယ်။
အစိုးရကျောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုက အတန်းပိုင်ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်ထားရတာပါ။ အတန်းပိုင်နဲ့ ကျူရှင်မထားရင် ကိုယ့်ကလေးအပေါ် ကောင်းကောင်း မဆက်ဆံမှာ အမှတ်ကောင်းကောင်းမရမှာ၊ စာမေးပွဲ ခန့်မှန်း မေးခွန်းတွေ မရမှာတွေက မိဘတွေအတွက် စိုးရိမ်စရာတခုဖြစ်တယ်။
မိဘတော်တော်များများက အတန်းပိုင်ဆရာတွေ ရဲ့ကျူရှင်တွေကိုပဲ ပို့ပေးနေရတဲ့ စနစ်ကြီးကို မကြိုက်လို့ ကိုယ်ပိုင် ကျောင်းတွေကို ပြောင်းထားဖို့ စိတ်ထက်သန်လာကြတာလည်း ပါတယ်။ စီးပွားရေး ကုန်းရုန်း ကြိုးစားရှာနေရလို့ သားသမီးပညာရေး သီးသန့်အချိန်မပေးနိုင်ကြတဲ့ မိဘတွေလည်း ကိုယ်ပိုင်ကျောင်းတွေကို အားကိုးနေတာ ရှိပါတယ်။
အစိုးရကျောင်းအချို့မှာ အခုချိန်ထိ အတန်းပိုင်ဆရာဆီမှာ ကျူရှင်ထားရတာ တွေရှိနေသေးတယ်၊ အတန်းပိုင် ဆရာတွေဆီ ကျူရှင်မထားရင် ကလေးတွေမှာ ခွဲခြားဆက်ဆံခံကြရတယ်။ ကျောင်းအပ်ပြီးဆိုရင်လည်း အတန်းကောင်း၊ အခန်းကောင်း၊ အတန်းပိုင်ကောင်းရရေးအတွက် မိဘတွေခမျာ လုံးပန်းရပြန်တယ်။ နာမည်ကြီး အစိုးရကျောင်းတွေမှာ သားသမီးတွေ ကျောင်းဝင်ခွင့်ရဖို့ အဆင့်ဆင့်ဖြတ်သန်းရတာကို မိဘတွေအနေနဲ့ စိတ်ကုန်စရာဖြစ်လာတယ်။
ကျောင်းအပ်ဖို့ ခက်ခဲတာ၊ ကျူရှင်ကိစ္စ ခက်ခဲတာတွေကြောင့် ကိုယ့်ကလေးပညာရေးအတွက် ကိုယ်ပိုင်ကျောင်းတွေမှာပဲ တက်ခိုင်းကြတယ်။
၂၀၁၅- ၂၀၁၆ ပညာသင်နှစ်က မန္တလေးတိုင်းမှာ ရှိတဲ့ ကျောင်းတွေထဲက တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အောင်ချက် ၂၅ ရာခိုင်နှုန်းအောက်ရှိတဲ့ ကျောင်းတွေကို မြို့နယ်ပညာရေးမှူးတွေက အောင်ချက်နည်းရတဲ့ အကြောင်းရင်း သွားရောက်လေ့ လာခဲ့ကြတယ်။
အဲသည်မှာ တွေ့ရတဲ့ အဓိက ပြဿနာက ကျောင်းမှာ အားအထားရဆုံး ထူးချွန်တဲ့ကလေးတွေက ကိုယ်ပိုင်ကျောင်းကို ပြောင်းတဲ့ အတွက်ကြောင့်ပါ။ ပညာရေးမှူးတွေရဲ့ကွင်းဆင်းလေ့လာချက်အရ အစိုးရကျောင်းတွေမှာ နဝမတန်းကျောင်း သားဦးရေ ၂၀၀ လောက်ရှိရင် ဒသမတန်းမှာ ကျောင်းသားအယောက် ၁၀၀ ပဲရှိတော့တယ်။
အစိုးရကျောင်းမှာ ပညာသင်စရိတ်ကုန်ကျမှု နည်းတယ်။ ကိုယ်ပိုင်ကျောင်းမှာတော့ အလယ်တန်းကို ပညာသင်နှစ် တနှစ် အတွက် ကျပ် ၁၀ သိန်းကျော်ထိရှိတယ်။ အထက်တန်း ကျောင်းသားတယောက်အတွက် ပညာသင်စရိတ် အနည်းဆုံး ကျပ်၁၅ သိန်း ကနေ ၃၀ကျော်ထိနဲ့ ရှိတယ်။ ဒါကလည်း ကျောင်းပေါ်မူတည်ပြီး ကွာခြားပါတယ်။ ကျောင်းအိပ်ကျောင်းစား အဆောင်နေနဲ့ နေ့ကျောင်းတက်တာလည်း ကျောင်းစရိတ် ကွာခြားပါတယ်။
နေ့ကျောင်းတက်မယ်ဆိုရင် တနှစ်စာ ၁၅ သိန်းဆို ကျောင်းအိပ် ကျောင်းစားအဆောင်နေက ကျပ်သိန်း ၃၀ လောက်ရှိ တယ်။ နာမည်ကြီး အောင်ချက်ကောင်းတဲ့ ကျောင်းတွေဆိုရင် ဒီထက် ကျောင်းစရိတ်များတယ်။
မန္တလေးမှာရှိတဲ့ နာမည်ကြီး ကိုယ်ပိုင်ကျောင်းအချို့က ဆယ်တန်းကျောင်းသားတယောက်အတွက် တနှစ်ကို (ကျောင်း အိပ်ကျောင်းစား ဘော်ဒါ) ကျပ်၃၅သိန်းဝန်းကျင် လောက်ရှိပါတယ်။ တချို့က ကိုယ်ပိုင်ကျောင်းထားရင်း အကြောင်း ကြောင်းကြောင့် နောက်နှစ်မှာ ကိုယ်ပိုင်ကျောင်း ဆက်မထားနိုင်တော့ဘဲ အစိုးရကျောင်းကို ပြန်ပြောင်းထားဖို့ ဖြစ်လာ တယ်။
ကိုယ်ပိုင်ကျောင်း တက်ပြီးပါမှ အစိုးရကျောင်း ပြန်ပြောင်းရင် သိက္ခာကျတယ်ဆိုတဲ့ သားသမီးတွေကြောင့် မိဘတွေအပေါ် ဖိအားပေးသလို ဖြစ်စေတယ်။ သားသမီးတွေမှာလည်း ကျောင်းပြောင်းရွှေ့မှုကြောင့် စိတ်ဒဏ်ရာရစေတယ်။
ကိုယ်ပိုင်ကျောင်းမှာ တက်နေပေမယ့် အပြင်မှာ ကျူရှင်ပြန်ထားရတာ၊ စာသင်ဂိုက် ခေါ်ရတာတွေလည်း ရှိပါတယ်။ မိဘ တွေခမျာ ကိုယ်ပိုင်ကျောင်းထားလို့ ပိုကုန်ကျတဲ့အပြင် ကျူရှင်အတွက် ဂိုက်အတွက် နောက်ထပ် အပိုထပ်ဆောင်းငွေတွေ ကုန်ကျရပြန်တယ်။
ကိုယ်ပိုင်ကျောင်း တချို့မှာလည်း စနစ်တကျစာသင်ကြားပေးတာ၊ တော်တဲ့ကလေးကို ပိုတော်အောင် စာညံ့တဲ့ကလေး တွေ စာလိုက်နိုင်အောင်သင်ကြားပေးတာမျိုးရှိပေမယ့် တချို့ကိုယ်ပိုင်ကျောင်းက စာညံ့တဲ့ ကလေးရှိရင် သူတို့ ကျောင်း ဂုဏ် သိက္ခာအတွက် အကြောင်းအမျိုးမျိုးပြပြီး ကျောင်းထုတ်တာတွေ ရှိခဲ့တယ်။ ထုတ်ခံရတဲ့ကျောင်းသားအတွက် ပေး သွင်းပြီး ကျောင်းအပ်ခငွေတွေ ကိုယ်ပိုင်ကျောင်းက ပြန်မအမ်းပါဘူး။
အစိုးရကျောင်းတွေမှာ ပညာသင်ယူဖို့နဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ ပညာသင်ယူဖို့ မိဘတွေမှာ လွန်ဆွဲရတာတွေ ရှိနေ တယ်။ ကိုယ်ပိုင်ကျောင်းမှာ ထားမှာလား အစိုးရကျောင်းမှာ ထားမှာလား၊ ဝေခွဲမရဖြစ်နေရင် ကိုယ့်ပတ်ဝန်းကျင်မှာ အရင် ဆုံး လေ့လာကြည့်စေလိုပါတယ်။ လူသတင်းကို လူချင်းဆောင်ပါတယ်။ ကိုယ်ပိုင်ကျောင်းနဲ့ အစိုးရကျောင်းတွေမှာ အား နည်းချက် အားသာချက်တွေကတော့ နေရာတိုင်းမှာ ရှိနေပါတယ်။
အနာဂတ်ကို ခေါင်းဆောင်ကြမယ့် ရင်သွေးငယ်တွေရဲ့ ရှေ့ရေးဖြစ်လို့ ဆုံးဖြတ်ချက် မမြန်စေချင်ဘူး။ သေချာလေ့လာ စုံစမ်းပြီးမှသာ ကျောင်းရွေးချယ်မှုကို လုပ်စေချင်ပါတယ်။
(ယဉ်ယဉ်ခန့်သည် မန္တလေးအခြေစိုက် အမျိုးသမီးသတင်းစာဆရာ တဦးဖြစ်သည်)