ဆောင်းပါး

စီးပွားဖြစ်လာသော်လည်း ကလေးများ အလုပ်လုပ်နေရ

This article has been converted from Zawgyi One to Unicode

ကျောက်စရစ်ခဲများတင်ဆောင်လာသော လှေတစီးသည် ရန်ကုန်မြို့ ဆိပ်ခံတံတားတစင်းသို့ ဆိုက်ကပ်ချိန် အသက် ၁၄ နှစ်အရွယ် မောင်အောင်ထက်မြတ်က အဆိုပါကျောက်စရစ်ခဲများအား ခြင်းတောင်းတလုံးထဲသို့ ထည့်ပြီး ရန်ကုန်တခွင် ပေါ်ထွက်လာသော ဆောက်လုပ်ရေးလုပ်ငန်းခွင်များဆီသို့ အလျင်အမြန် ပို့ဆောင်ရမည့် ကုန်တင်ကားများပေါ်သို့ ထမ်းတင်လိုက်သည်။

ခြင်းတောင်းတလုံးစီတိုင်းအတွက် အလုပ်သမားပွဲစားက တုတ်ချောင်းတချောင်းပေးသောအခါ မောင်အောင်ထက်မြတ်က ခါးပတ်တွင်ချည်ထားသော ပလပ်စတစ်ပုလင်းထဲသို့ ထည့်ထားလိုက်ပါသည်။ အလုပ်ချိန် ၂၄ နာရီအထိကြာနိုင်သော ကျောက်စရစ်ထမ်းခြင်း ပြီးချိန်တွင် အဆိုပါတုတ်ချောင်းများကို ငွေသားဖြင့် လဲလှယ်ရယူပါသည်။ အကြိမ် ၁၀၀ ထမ်းခြင်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅၀ နှင့် ညီမျှသော မြန်မာကျပ်ငွေ ၃ ထောင်ကို ရရှိပါသည်။

“ကျနော်တနေ့လုံး ကျောက်စရစ်ခဲ သယ်ပါတယ်။ တကယ်လို့ ကျောက်စရစ်ခဲလှေ ကုန်ချဖို့ မရှိရင် ဘတ်စ်ကား စပယ်ယာလုပ်ပါတယ် ”ဟု လွန်ခဲ့သော ၂ နှစ်ကတည်းက အဆိုပါ ဆိပ်ခံတံတားတွင် အလုပ်လုပ်ခဲ့သော မောင်အောင်ထက်မြတ်က ပြောသည်။

အသက် ၁၀ နှစ်မှ ၁၇ နှစ်ကြား ကလေး ၅ ဦးလျှင် ၁ ဦးမှာ ပညာသင်ကြားရမည့်အစား အလုပ်ခွင်ဝင်နေရကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် လုပ်သားနှင့် ပတ်သတ်သော သန်းခေါင်စာရင်း အစီရင်ခံစာတခု အရ သိရပြီး စီးပွားရေးပွင့်လင်းလာသော ၂၀၁၁ ခုနှစ်ကတည်းက အစပျိုးခဲ့သော လုပ်သားလိုအပ်မှုကလည်း ကလေးများအား လုပ်ငန်းခွင်သို့ တွန်းပို့ ခဲ့သည်။

စစ်အုပ်ချုပ်ရေးအောက်တွင် နှစ် ၅၀ နီးပါး လျစ်လျူရှုထားခံခဲ့ရခြင်းမှ ပြန်လည်နိုးထလာသော ရန်ကုန်မြို့သည် ကျယ်ပြောသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတခုအဖြစ် ပြောင်းလဲလာခဲ့သည်။

ဒေါ်သန်းသန်းဝင်းသည် ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက် သူမ၏ ဆယ်ကျော်သက် သား ၂ ယောက်နှင့်အတူ မောင်အောင်ထက်မြတ် အလုပ်လုပ်သော ဆိပ်ခံတံတားတွင် စတင်လုပ်ကိုင်ကြပါသည်။ လက်ရှိတွင် သူတို့ မိသားစုသည် အဆင်ပြေမှသာ ပြန်ဆပ်ရသည့် ငွေချေးသူ အလုပ်သမား ပွဲစားတဦးပေါ်တွင် မှီခိုနေပြီး လှေတစင်း ဆိုက်သောအခါတိုင်း တရစပ် အလုပ်လုပ်ရပါသည်။

“သူက ကျမတို့ မိသားစုကို နေစရာ တနေရာပေးတယ်။ ပြီးတော့ အလုပ်မရှိတဲ့အချိန် သူ့ဆီက ပိုက်ဆံချေးလို့လည်း ရတယ်။ ကျမတို့ ပြန်မဆပ်နိုင်တော့ သူ ဘယ်အချိန်ပဲ အလုပ်ခိုင်းခိုင်း ကျမတို့ မငြင်းနိုင်ပါဘူး”ဟု ဒေါ်သန်းသန်းဝင်းက ၎င်း၏ အနီးတွင် သား ၂ ယောက် ကျောက်စရစ်ခဲ ထမ်းနေချိန်တွင် ပြောသည်။

စီးပွားရေး တိုးတက်လာသောအခါ ကျေးလက်ဒေသမှ အစုလိုက် အပြုံလိုက် ရောက်ရှိလာသူများနှင့် ပြည့်နှက်နေသော ရန်ကုန်၏ ဆင်းရဲသားများအကြား သူတို့၏ ဇာတ်လမ်းမှာ မထူးဆန်းသော ပုံမှန်ဖြစ်ရပ်မျှသာ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြဆင်းရဲနွမ်းပါးမှု လေ့လာသူတဦးဖြစ်သော Michael Slingsby ကပြောသည်။

“ငွေချေးစားတဲ့သူတွေဆီက လူတွေက ငွေချေးကြတယ်။ ပြီးတော့ သူတို့ရဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ ကလေးတွေကို အလုပ်ခွင် ပို့တယ်”ဟု Michael Slingsby က ပြောသည်။

မကြာမီက အာဏာလွဲပြောင်းရယူခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒေါက်တာမေဝင်းမြင့်က ကလေးလုပ်သားကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန်မှာ ပါတီ၏ ရည်မှန်းချက်များအနက်မှ တခုဖြစ်ကြောင်း ပြောသည်။

“ကျမတို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် နိုင်ငံမှာ ဘာမှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ အနာဂတ်မှာ ဒီကလေးတွေက တိုင်းပြည်ကို တာဝန်ယူရမှာလေ။ အဲဒီအတွက် သူတို့တွေ ပညာတက်ဖို့ လိုအပ်ပါတယ်”ဟု ဒေါက်တာမေဝင်းမြင့်က ပြောသည်။

၁၉၆၀ ခုနှစ်များကတည်းက ပထမဆုံး ရွေးကောက်ခံဖြစ်လာသော အရပ်သားအစိုးရအနေဖြင့် အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေပြီး ပြဌာန်းထားသည့်အတိုင်း အကျိုးသက်ရောက်မှု မရှိသလောက်ဖြစ်နေသော အလုပ်သမား ဥပဒေကို အရင်ဖြေရှင်းရန် လိုအပ်ကြောင်း လေ့လာသူများက ပြောကြသည်။

မြန်မာနိုင်ငံ ဥပဒေတွင် ဈေးဆိုင်များ သို့မဟုတ် စက်ရုံများတွင် အသက် ၁၃ နှစ်အောက်ကလေးများ အလုပ်လုပ်ခြင်းကို တားမြစ်ထားပြီး ဆယ်ကျော်သက်အရွယ် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား ကလေးများသည် တနေ့တွင် အလုပ်ချိန် ၄ နာရီထက် မပိုရဟု ဖော်ပြထားသည်။

“အသက် ၁၈ နှစ်အောက် ဘယ်သူမဆို လေးလံတဲ့ ပစ္စည်းတွေ မထမ်းသင့်ဘူး” ဟု လက်ရှိတွင် ရန်ကုန်အခြေစိုက် Myanmar Centre for Responsible Business ကို ဆောင်ရွက်နေသော ဗြိတိန်သံအမတ်ဟောင်း Vicky Bowman က ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် ပြင်ပတွင်လည်း မြန်မာနိုင်ငံ၏ နေရာတကာတွေ့မြင်နိုင်သော လက်ဖက်ရည်ဆိုင်များ၌ စားပွဲထိုးနေသော ကလေးလုပ်သားများကို တွေ့မြင်နိုင်သည်။ ထို့ပြင် ငါးမွေးမြူရေးလုပ်ငန်းနှင့် ငါးထုတ်ကုန် လုပ်ငန်းများတွင်လည်း သူတို့ အလုပ်လုပ်ကြပါသည်။

နိုင်ငံ၏ အကြီးဆုံးဖြစ်သော ရန်ကုန်မြို့ စံပြငါးဈေးတွင် ညအချိန် ၁၂ နာရီတွင် သန့်ရှင်းရေးလုပ်ခြင်း၊ ငါးလုပ်ငန်းနှင့် သက်ဆိုင်သော အလုပ်များ၊ သင်္ဘောနှင့် ကုန်တင်ကားများမှ ကုန်တင်ကုန်ချခြင်း စသည့်တို့တွင် လုပ်ကိုင်နေသော အသက် ၉ နှစ်အရွယ် ယောကျာၤးလေး၊ မိန်းခလေးများကို တွေ့ခဲ့ရပါသည်။

“ကျနော့်သားကို ဒီလိုမျိုး အလုပ်ကြမ်းတွေ မလုပ်စေချင်ပါဘူး” ဟု စံပြဈေးတွင် အလုပ်လုပ်နေသော အသက် ၁၅ နှစ်အရွယ် သားတယောက်၏ ဖခင် ဦးလှမြင့်က ပြောသည်။

မြစ်ကမ်းဘေးအနီးတွင် တည်ဆောက်ထားသော ပျက်စီးယိုယွင်းနေသည့် ဝါးတဲကလေးမှနေ၍ စကားပြောနေသော ဦးလှမြင့်သည် ဒေါ်အောာင်ဆန်းစုကြည် အစိုးရအပေါ် မျှော်လင့်ချက်မြင့်မားလျက်ရှိသော နိုင်ငံသားအများစု၏ အမြင်နှင့် မတူညီပါ။

“သူတို့ ဘာလုပ်ပေးပါ့မယ်ပြောပြော အဲဒါတွေက ကျနော်တို့ဆီ ဘယ်တော့မှ ရောက်မလာခဲ့ပါဘူး။ ဘယ်အပြောင်းအလဲကိုမဆို ကျနော် မယုံပါဘူး”ဟု ဦးလှမြင့်က ပြောသည်။

( Reuters သတင်းဌာနမှ Hnin Yadana Zaw နှင့် Soe Zeya Tun တို့၏ As economy booms, children toil in Myanmar ကို ဘာသာပြန်ဆိုသည်)

Loading