“The Chinese Heroin Trade: Cross-Border Drug Trafficking in Southeast Asia & Beyond” အမည်ရှိ စာအုပ်ကို ထုတ်ဝေလိုက်ခြင်းက အချိန်ကိုက် ထွက်ပေါ်လာခြင်းတော့ မဟုတ်နိုင်ပါ။ သို့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အများအပြားက နေပြည်တော်တွင် အစိုးရ ဝန်ကြီးနေရာ အများစုကို ယူကြသည့်အချိန်တွင် မြန်မာနိုင်ငံ၏ နယ်စပ်များကို ဖြတ်ကျော်၍ တရားမဝင် မူးယစ်ဆေးများ စီးဆင်းနေခြင်းနှင့် ပြည်တွင်းတွင်လည်း မူးယစ်သုံးစွဲမှု အလျှင်အမြန် တိုးလာခြင်းက သူတို့ ရင်ဆိုင်ရမည့် အခက်ခဲဆုံး ကိစ္စများထဲမှ တခုဖြစ်လာပါလိမ့်မည်။ ပြီးခဲ့သည့်နှစ်က ထုတ်ဝေခဲ့သည့် ယင်းစာအုပ်တွင် နယူးဂျာစီ ပြည်နယ် Rutgers တက္ကသိုလ် School of Criminal Justice မှ ပါမောက္ခတဦး ဖြစ်သည့် မြန်မာနိုင်ငံဖွား တရုတ်လူမျိုး Ko-Lin Chin နှင့် San Diego ပြည်နယ်တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခ Sheldon X. Zhang တို့က မြန်မာနိုင်ငံတွင် ဘိန်းဖြူနှင့် မက်သဖက်တမင်းကဲ့သို့သော မူးယစ်ဆေးများ ကုန်သွယ်မှုနှင့် ပကတိနိုင်ငံရေး အခြေအနေတို့ကို ထင်ထင်ရှားရှား ဖော်ပြနိုင်ခဲ့ကြသည်။
နိုင်ငံတကာ၏ အားထုတ်မှုများနှင့် ကုလသမဂ္ဂက ထောက်ပံ့သည့် အစီအစဉ်အမျိုးမျိုးဖြင့် ဒေါ်လာငွေ သန်းနှင့် ချီသုံးစွဲ၍ ဆယ်စုနှစ်များစွာ ဆောင်ရွက်ခဲ့သည်တိုင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် မူးယစ်ဆေးထုတ်လုပ်မှု၌ ကမ္ဘာပေါ် တွင် ဒုတိယမြောက် အများဆုံးနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် ဘိန်းခင်းများ စိုက်ပျိုးကြပြီး ဒေသတွင်းမှာပင် ဘိန်းဖြူအဖြစ်သို့ ချက်လုပ်ကြသည်။ ပြီးခဲ့သည့် နှစ်များအတွင်းတွင် မက်သဖက်တမင်း စိတ်ကြွဆေးပြားဘက်သို့ ပြောင်းသွားကြသော်လည်း ဘိန်းဖြူထုတ်လုပ်မှုက အရေးပါနေဆဲဖြစ်သည်။ တရုတ်နိုင်ငံသို့လည်း အမြောက်အမြား တင်ပို့နေသည်။ မြန်မာနိုင်ငံ၏ အခြားအိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ လာအို၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ မှောင်ခိုတင်ပို့နေခြင်း ဖြစ်သည်။
Ko-Lin Chin နှင့် Sheldon X. Zhang တို့က ယခုစာအုပ်တွင် ဘိန်းဖြူကုန်သွယ်မှုကို အလေးပေးသည်။ သူတို့၏ ရှာဖွေ တွေ့ရှိမှုများက ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့် ၎င်းတို့၏ ပြည်တွင်း လုပ်ဖော်ကိုင်ဖက် ဖြစ် သော (မူးယစ် ဗဟိုဟု သိကြသည့်) မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) တို့၏ ထုတ်ပြန်သည့် စံနှုန်းများနှင့် စဉ်းစားချင်စရာ ကွဲလွဲမှုများရှိနေသည်ကို တွေ့ရ သည်။ ဝါရှင်တန်အခြေစိုက် East-West Center မှ ၂၀၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော Tom Kramer ၏ “The United Wa State Party: Narco-Army or Ethnic Nationalist Party?” အမည်ရှိ စာအုပ်တွင် ထိုစဉ်က CCDAC ၏ အကြီးအကဲ ရဲမှူးကြီး ခမ်းအောင်က “မူးယစ်ဆေးဝါးကုန်သွယ်မှုကို အင်အားကြီးသည့် ဂိုဏ်းများက ထိန်းချုပ်ပြီး အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြောင်း၊ သူတို့သည် အဆက်အသွယ်ကောင်းပြီး နိုင်ငံခြားမှ ငွေကြေး ထောက်ပံ့နေကြောင်း၊ သူတို့၏ စည်းဝိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
သို့သော်လည်း Ko-Lin Chin နှင့် Sheldon X. Zhang တို့က“မူးယစ်ဆေး ကုန်သွယ်မှုနှင့် သမရိုးကျ ရာဇဝတ်ဂိုဏ်းများ ကြားတွင် စနစ်တကျ ဆက်သွယ်မှုရှိနေသည်ဟု ပြသသည့် သက်သေအထောက်အထား အနည်းငယ်မျှသာ တွေ့ရှိရသည်။ သို့သော်လည်း Triad (ဟောင်ကောင်၊ မကာအို နှင့် ထိုင်ဝမ် တို့တွင် အခြေစိုက်သော ရာဇဝတ်ဂိုဏ်းများ) မှ အဖွဲ့ဝင်များက မူးယစ်ဆေး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ဤလေ့လာမှုက ဆိုခြင်းမဟုတ်ပါ။ “မျှတစွာပြောရလျှင် ဟောင်ကောင်၊ ထိုင်ဝမ် သို့မဟုတ် အမေရိကန်မှ triad ပုံစံ ဂိုဏ်းများက နိုင်ငံဖြတ်ကျော် မူးယစ်ဆေးကုန်သွယ်မှုများတွင် အဓိက နေရာမှ ပါဝင်နေသူများ မဟုတ်ကြပါ” ဟု ဆိုသည်။
Triad ဂိုဏ်းများသည် မူးယစ်ဆေးလုပ်ငန်းထက်စာလျှင် တရုတ်နိုင်ငံတွင် ပိုမို၍ အကျိုးအမြတ်များသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည့် နိုက်ကလပ်များ၊ ရုပ်ရှင်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပို၍ အားသန်ကြလိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ မူးယစ်ဆေးကုန်သွယ်မှုနှင့် တရုတ်နိုင်ငံကို ဖြတ်ကျော်၍ မူးယစ်ဆေးကုန်သွယ်မှုများကို တဦးနှင့် တဦး ဆက်စပ်မှု သိပ်မရှိသူများက အဓိက လုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု Ko-Lin Chin နှင့် Sheldon X. Zhang တို့က ပြောသည်။ သူတို့က ဂိုဏ်းများနှင့် မသက်ဆိုင်ဘဲ လွတ်လပ်စွာ လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။
လက်တွေ့တွင်လည်း အဆိုပါ ပုဂ္ဂိုလ်များကို ရှာဖွေရန် ဝေးဝေးလံလံ သွားကြည့်နေစရာ မလိုပါ။ အချို့မှာ အများပြည်သူက သိကြသူများပင် ဖြစ်နေနိုင်သည်။ ယခုနှစ် အစောပိုင်းက ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့(Pat Jasan ) နှင့် ဦးစခုန်တိန့်ယိန်း ဦးဆောင်သည့် ဒေသခံပြည်သူစစ်အဖွဲ့တို့ ထိပ်တိုက် တွေ့ခဲ့သည့် အခြေအနေက ဖော်ပြနေသည်။ ဦးစခုန်တိန့်ယိန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ(CBP) မှ တပ်မှူးဟောင်းဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်ရပ်ပြီး သူ၏ တပ်ဖွဲ့ကို ဒီမိုကရေစီတပ်မတော်သစ် (ကချင်) ဟု အမည်ပြောင်းလဲခဲ့သည်။ ယခုအခါတွင် အဆိုပါတပ်ဖွဲ့က အစိုးရက အသိအမှတ်ပြုသော နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်လာသည်။ ထို့ပြင် ဦးစခုန်တိန့်ယိန်းသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင်လည်း ပြန်လည် အနိုင်ရရှိခဲ့သည်။ မဲဆွယ်ကာလအတွင်းတွင် NLD ပါတီကို သူ၏ နယ်မြေအတွင်းတွင် မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် တားမြစ်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့ပြီးနောက် ဦးစခုန်တိန့်ယိန်းနှင့် သူ၏ နောက်လိုက်များ ကို မည်သည့်လုပ်ငန်းမျိုးကိုမဆို လုပ်ကိုင်ခဲ့ပြီး အစပိုင်းတွင် တရုတ်နိုင်ငံသို့ သစ် အကြီးအကျယ် တင်ပို့ခဲ့ကြသည်။ သူတို့၏ ဒေသအတွင်းတွင် သစ်တောများ ကုန်သွားသည့်အခါ ဘိန်းပင်များ စိုက်ပျိုး၍ ဘိန်းဖြူ စတင်ထုတ်လုပ် လာခဲ့သည်။ တရုတ်နိုင်ငံမှ စက်ပစ္စည်းများ ဝယ်ယူ၍ သူတို့ဒေသအတွင်း လက်နက်စက်ရုံတခု တည်ထောင်ခဲ့ကြသည်။ မောင်းပြန် သေနတ်များအပါအဝင် လက်နက်များကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များသို့ အဓိက ရောင်းချခဲ့သည်။
ပြီးခဲ့သည့် နှစ်များအတွင်း မူးယစ်ဆေးဝါးကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကချင်ပြည်နယ်တွင် လူထုအခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့(Pat Jasan )၏ လှုပ်ရှားမှုက မူးယစ်စီးပွားရေးတွင် အာဏာပိုင်တို့ ပါဝင်ပတ်သက်မှုကို ပြသနိုင်ခဲ့သည့် သင်္ကေတဖြစ်သည်။ မူးယစ်ဆေးဝါး စီးပွားရေးတွင် ပါဝင်ပတ်သက်နေသည့် လွှတ်တော်ကိုယ်စားလှယ်က ဦးစခုန်တိန့်ယိန်း တဦးတည်းမဟုတ်ပါ။ နောက်တယောက်မှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်မြင့် ဖြစ်သည်။ မူးယစ်ဆေးကုန်သွယ်မှုများ လုပ်ကိုင်နေသည့် ပန်ဆေး ပြည်သူစစ် အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်သည် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်မူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ပါ။
ပန်ဆေးအဖွဲ့ကဲ့သို့ ပြည်သူ့စစ်များနှင့် အစိုးရတပ်ကြားမှ ဆက်ဆံရေးကို ဥရောပ သံတမန်များနှင့် အနောက်တိုင်း လေ့လာစောင့်ကြည့်သူများက ဂရုမမူမိခဲ့ကြပါ။ သူတို့က တိုင်းရင်းသား လက်နက်ကိုင်များသည် သက်ဆိုင်ရာ စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်နေသောကြောင့် ပြည်တွင်းစစ် ဆက်ဖြစ်နေရသည်ဟု ယုံကြည်ကြပုံပေါ်သည်။ ထို့ကြောင့် အဆိုပါ လက်နက်ကိုင်အဖွဲ့များက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရန် စိတ်မဝင်စားခဲ့ ကြခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
လက်တွေ့တွင်မှု အခြေအနေက ဆန့်ကျင်ဘက်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သော အဖွဲ့ များသည် စီးပွားရေး အလားအလာကောင်းများ ရရှိနိုင်ရန် ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နောက်ပိုင်းတွင် တွေ့မြင်နိုင်ပါသည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် နောက်ပိုင်းတွင် အကျိုးအမြတ် များပြားသည့် စီးပွားရေး အခွင့်အလမ်းများ ရရှိခဲ့ကြသည်။
အင်အားကြီးမားသော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ဦးစခုန်တိန့်ယိန်း၏ ဒီမိုကရေစီ တပ်မတော်သစ် (ကချင်) ကဲ့သို့ပင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူနိုင်ခဲ့သည့်အတွက် မူးယစ်ဆေး အင်ပါယာတခုကို ထူထောင်နိုင်ခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည်လည်း အစိုးရနှင့် ၁၉၉၄ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် ရရှိခဲ့သည့် အချိန်တွင် ၎င်းတို့၏ အရာရှိ အများအပြား ကြွယ်ဝချမ်းသာလာခြင်းနှင့် အကျင့်ပျက် ခြစားမှုများကို မြင်တွေ့ခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရပ်ဆိုင်းပြီး KIA ကို ကြီးမားစွာ ထိုးစစ်ဆင်လာသည့် အချိန်မှစ၍ အဆိုပါ တပ်မှူးအများအပြား ဘေးရောက်သွားခဲ့ပြီး ငွေကြေး အကျိုးအမြတ် ရှာဖွေရေးကို ဦးစားမပေးသည့် လူငယ်မျိုးဆက်ခေါင်းဆောင်များ ရှေ့တန်းသို့ ရောက်လာခဲ့ကြပါသည်။
Ko-Lin Chin နှင့် Sheldon X. Zhang တို့က ဆက်စပ်ပတ်သက်မှုများကို အသေးစိတ် ဖော်ပြခြင်း မပြုနိုင်သော်လည်း မူးယစ်ကုန်သည်များ၏ လူမှုရေး အဖွဲ့အစည်းများ၏ ငွေစာရင်းများ၊ တရုတ်နိုင်ငံ အတွင်းမှ လက်လီဈေးကွက်နှင့် ဘိန်းဖြူ ကုန်သွယ်မှုအတွင်းမှ အမျိုးသမီးများအကြောင်းကိုပင် ဖော်ပြခဲ့ပါသည်။ တခုတည်းသော အားနည်းချက်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် မူးယစ်ဆေးကုန်သွယ်ရေး၏ အရေးပါမှုကို စာရေးသူများက လျှော့တွက်ခဲ့ပုံရသည်။ တိုင်းပြည်၏ စီးပွားရေးတွင် မူးယစ်ဆေးကုန်သွယ်မှုမှ ရရှိသည့် ဝင်ငွေက ရာခိုင်နှုန်း အတော်များများ ပါဝင်နေသည့် သက်သေ အထောက်အထား သူတို့ မဖော်ထုတ်ခဲ့ကြပါ။
ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ကဏ္ဍများစွာ စုံလင်လာပြီ ဖြစ်သော်လည်း ၁၉၉၀ နှစ်များကဆိုလျှင် စစ်အစိုးရ၏ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှု၊ သပိတ်မှောက်မှုများကြောင့် ချွတ်ခြုံကျနေသည့် စီးပွားရေးကို ရှင်သန်ရပ်တည်နိုင်စေရန် မူးယစ်ဆေး ကုန်သွယ်မှုက သိသိသာသာ အထောက်အကူပြုခဲ့သည်။ ၁၉၈၉ ခုနှစ် တွင် အစိုးရက ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ မရေရာသည့် အရင်းအမြစ်များမှ ရရှိလာသည့် နိုင်ငံခြားငွေများ နှင့် ဘဏ်အပ်ငွေများကို ပြည်သူပိုင်သိမ်းခြင်း မပြုလုပ်တော့ရန် ဆုံးဖြတ်ခဲ့သည်။ သိမ်းယူမည့်အစား အခွန်ကောက်ခံ၍ တရားဝင်ငွေဖြစ်စေသည့် နည်းလမ်းကို ကျင့်သုံးခဲ့သည်။ အစပိုင်းတွင် ၄၀ ရာခိုင်နှုန်း အခွန်ကောက်ယူခဲ့သော်လည်း နောက်ပိုင်းတွင် ၂၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။ ယခင်က ထိုင်း၊ စင်္ကာပူနှင့် ဟောင်ကောင်တို့တွင် ရှိနေသော မူးယစ်ဆေးမှ ရရှိသည့် ငွေကြေးများက မြန်မာနိုင်ငံ အတွင်း ဝင်လာခဲ့ပြီး လက်လီအရောင်းလုပ်ငန်းများ၊ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေး စီမံကိန်းများ ဆောင်ရွက်သည့် ပြည်တွင်းကုမ္ပဏီများ ဖွဲ့စည်းနိုင်ရန် အထောက်အကူ ဖြစ်စေခဲ့ပါသည်။
NLD အစိုးရက ပြည်တွင်းပြည်ပ မူးယစ်ဆေးကုန်သွယ်ရေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်ဆိုသည်ကို စောင့်ကြည့် ရတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ဘိန်းဖြူများကို အဓိက လက်ခံနေသည့် တရုတ်နိုင်ငံနှင့်လည်း သက်ဆိုင်နေပါသည်။ Ko-Lin Chin နှင့် Sheldon X. Zhang တို့က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားမှ၊ ပြည်သူများ ကြားမှ ဆက်ဆံရေးကို မတည့်လိုက် တည့်လိုက်နှင့် အမြဲတမ်းပြောင်းလဲနေတတ်သည့် ဆက်ဆံရေး ဟုဖွင့်ဆိုခဲ့ကြသည်။ တရုတ်နိုင်ငံသည် ရွေးကောက်ပွဲမတိုင်မီကရော ရွေးကောက်ပွဲနောက်ပိုင်းမှာပါ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မိတ်ဆွေ ဖြစ်လိုကြောင်း အရိပ်လက္ခဏာ အများအပြား ပြသခဲ့ပါသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မူးယစ်ဆေးကုန်သွယ်ရေးကို တိုက်ဖျက်နိုင်ပါမည်လား။ လက်တွေ့တွင် အနည်းငယ်မျှသာ လုပ်ဆောင်နိုင်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ကို စစ်တပ်က တိုက်ရိုက်ခန့်အပ်ပြီး ရွေးကောက်ခံပုဂ္ဂိုလ်များ မဟုတ်ကြ၍ ဖြစ်ပါသည်။
ထိုကဲ့သို့ ဖြစ်နေခြင်းက အနာဂါတ် အတွက် နိမိတ်ကောင်းတခု မဟုတ်ပါ။ ရာစုနှစ်ဝက်ခန့်ကာလအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရ တွင် အာဏာ အကန့်အသတ်ဖြင့်သာ ရှိနေကြောင်းကို မူးယစ်ဆေး ကုန်သွယ်ရေး ပြဿနာက ထင်ရှားလာစေလိမ့်မည် ဖြစ်သည်။ အာဏာပိုင်များ နှင့် အစိုးရ သစ် အပေါ် ယုံကြည်လက်ခံမှုကို အားနည်းအောင် စစ်တပ်က ပြုလုပ်နိုင်လာမည့် ကိစ္စတခုလည်း ဖြစ်လာနိုင်ပါသည်။ တရုတ်နိုင်ငံသာမက အခြား အိမ်နီးချင်းနိုင်ငံများသို့ မူးယစ်ဆေးဝါးများ မြန်မာနိုင်ငံနယ်စပ်များကို ဖြတ်သန်း၍ စီးဆင်းနေ သည်ကို ကျနော်တို့ စောင့်ကြည့် ရုံသာတတ်နိုင်ပါသည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ ၏ Book Details Coming Struggle to Kick Burma’s Drug Habit ကို ဘာသာပြန်ဆိုသည်)