ကယ်သူမဲ့နေတဲ့ ဆိုင်းဂျာဘွမ် ရွာသူရွာသားတွေက ပေ ၄၀၀၀ ကျော်မြင့်တဲ့ ချောက်ကမ်းပါးထဲ ပြုတ်ကျမယ့် နေ့ကို စောင့်မျှော်နေကြရပါတယ်။
မြေကြီးတွေ တုန်ခါသွားပြီးနောက် အုန်းခနဲ မိုင်းခွဲသံတွေ တကျွီကျွီ မြည်နေတဲ့ စက်ယန္တရားသံတွေကို ဆိုင်းဂျာဘွမ်မှာ နာရီတိုင်း ကြားနေရပါတယ်။ အသံတွေနဲ့အတူ ရွာသူရွာသားတွေရဲ့ အိမ်ခြံဝင်းတွေထဲမှာ မြေကြီးအက်ကွဲကြောင်းတွေက လည်း ပေါ်လာပါတယ်။
ဆိုင်းဂျာဘွမ်ရွာသူ ဒေါ်ကိုင်ထန်က “ ဘေးကင်းတဲ့နေရာ ပြောင်းချင်ပါပြီ၊ ဘယ်နေ့ ချောက်ထဲကျမလဲဆိုတဲ့ရက်ကို စောင့် မနေချင်တော့ဘူး” လို့ သက်ပြင်းတချချနဲ့ ညည်းညူပါတယ်။
ဒေါ်ကိုင်ထန်တို့ ရွာလမ်းမကြီးနဲ့ ပေ ၃၀ အကွာမှာတော့ ပေ ၄၀၀၀ ဝန်းကျင် နက်တဲ့ ချောက်ကမ်းပါးကြီးကလည်း ရှိနေ ပါတယ်။
ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းက နေ့စဉ် မိုင်းခွဲပြီး ကျောက်စိမ်းရှာတာတွေ စက်ယန္တရားကြီးတွေက မြေဆီလွှာတွေကို အလယ်ကနေ ကုတ်ထုတ်နေတာတွေကြောင့် မြေကြီးအက်ကွဲကြောင်းတွေကနေ ရွာတခုလုံး ပြိုကျ တော့မယ် အခြေအနေကို ဒေါ်ကိုင်ထန်က စိုးရိမ်နေတာဖြစ်ပါတယ်။
ဆိုင်းဂျာဘွမ်ကျေးရွာက အိမ်ခြေ ၆၉ အိမ်ရှိပြီး လူဦးရေ ၃၅၀ ခန့် နေထိုင်နေပါတယ်။ ဆိုင်းဂျာဘွမ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တည်ရှိတဲ့ ရွာငယ်လေး တခုပါ။
လွန်ခဲ့တဲ့ ၉ နှစ်ခန့်၊ ကုမ္ပဏီတွေ ကျောက်စိမ်းမရှာဖွေခင်နှစ်တွေက ဆိုင်းဂျာဘွမ်ရွာဘေးက ချောက်ကမ်းပါးကြီးနေရာမှာ ကြီးမားလွန်းတဲ့ တောင်ကြီး ၂ လုံးရှိပြီး ကချင်တိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်ပေါ်ရွာငယ်လေးတွေ ရှိတယ်လို့ ဒေ သခံတွေက ဆိုပါတယ်။
ကုမ္ပဏီတွေကို အစိုးရက ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်ထုတ်ပေးလိုက်တဲ့ ၂၀၀၇ ခုနှစ်ကစလို့ ကျောက်စိမ်းကြောရှိတဲ့ တောင်တွေကို စက်ယန္တရားကြီးတွေနဲ့ တူးချကြပါတယ်။ အဲဒီထဲမှာ ဒေါ်ကိုင်ထန်တို့ရဲ့ ဆိုင်းဂျာဘွမ် ရွာပတ်လည်မှာလည်း ကုမ္ပဏီ ၁၀ ခုက ရောက်လာပြီး ကျောက်စိမ်းကြောတွေကို တူးဖော်ကြပါတယ်။
ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေကြောင့် ဆိုင်းဂျာဘွမ်ရဲ့ အနီးအနားက တောင်ပေါ်ကချင်ရွာငယ်လေးတွေလည်း ရွှေ့ပြောင်း လိုက်ရပြီး အခုအခါမှာ မြေအက်ကြောင်းတွေကလည်း ဆိုင်းဂျာဘွမ်ကို ထိတ်လန့်အောင် လုပ်နေပါပြီ။
ဆိုင်းဂျာဘွမ်ရွာ ဒေသခံတွေက အစိုးရထုတ်ပေးတဲ့ လိုင်စင်နဲ့ ကုမ္ပဏီတွေက လာရောက် အလုပ်လုပ်ကိုင်တာကြောင့် ယခင်က ဒေသခံတွေ တနိုင်တပိုင် ကျောက်စိမ်းတူးတာကိုလည်း လုပ်ကိုင်လို့ မရတော့ပါဘူး။
ဆိုင်းဂျာဘွမ်ဒေသခံ ဦးနော်ဂျာက “မိသားစုဝင်ငွေ ထိခိုက်သွားတာပေါ့။ ကျနော်တို့က ဒီဒေသကလူ ဒီဒေသထွက် တာကို လုပ်စားမရဘူး။ သူတို့ ပစ်လိုက်တဲ့ မြေစာမှာမှ ပြန်ရှာစားနေရတဲ့ ဘ၀ ရောက်သွားတယ်” လို့ ပြောပါတယ်။
တနိုင်တပိုင် ကျောက်စိမ်းတူးခွင့် မရှိတော့တာကြောင့် ဆိုင်းဂျာဘွမ်က မိသားစုတွေရဲ့ ဝင်ငွေကလည်း ကျဆင်းလာ ပါတယ်။
ဒီအပြင် အိမ်မှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကလည်း မိုင်းသံကြောင့် ထိတ်လန့်ပြီး သေကုန်တာတွေ ရှိပါတယ်။ ဒေါ်ရွယ် ဂျ က “ မိုင်းတခါ ခွဲပြီဆို အိမ်ထဲက ပန်းကန်တွေပါ အကုန်ပြုတ်ကျတာ၊ ငလျင်လှုပ်တာထက် ဆိုးတယ်။ နေ့နေ့ ညည မိုင်း ခွဲတယ်၊ ကျမတို့ မခံနိုင်တော့ဘူး။ အမြဲတမ်း ထိတ်လန့်နေရတယ်” လို့ သူကြုံတွေ့ရတာတွေကို ပြောပါတယ်။
ဒီအပြင် ဒေါ်ရွယ်ဂျက သူ့ရဲ့ ချွေးမဖြစ်သူက မိုင်းခွဲသံတွေကြောင့် ထိတ်လန့်ပြီး ကိုယ်ဝန်ပျက်ကျခဲ့ဖူးတယ်လို့လည်း သိ ရပါတယ်။
ဆိုင်းဂျာဘွမ်ဒေသခံတွေအနေနဲ့ မိုင်းခွဲတဲ့ ဒဏ်ကြောင့် ထိတ်လန့်နေရတာတွေ မြေကြီးအက်ကြောင်းတွေ ပေါ်လာတာ တွေကို စိုးရိမ်လို့ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ ကြိုးစားခဲ့ပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးက တာဝန်ယူ လုပ် ဆောင်ပေးခြင်းမရှိတာကြောင့် အရာမရောက်ခဲ့ပါဘူး။
ဆိုင်းဂျာဘွမ်ရဲ့ အုပ်ချုပ်ရေးမှူး ဦးလဆိုင်းကို ကျေးရွာအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ၎င်းက “ ဒါ ကျနော် နဲ့ မဆိုင်ဘူး။ ကျနော်လည်း အထက်ကို စာတင်တာပဲ။ အထက်က ဘာမှ မလုပ်ပေးတာ၊ ကျနော် မတတ်နိုင်ဘူး”လို့ ပြော ပါတယ်။
ကုမ္ပဏီများအနေဖြင့် ၎င်းတို့ ပညာရှင်များဖြင့် ကျောက်စိမ်းကြောရှိသည့် နေရာများကို ရှာဖွေပြီး တွေ့ရှိသည့် နေရာတွင် ရွာများ ရှိပါက ၅ သိန်းမှ ၁၀ သိန်းကြား လျော်ကြေးပေးကာ ပြောင်းရွှေ့ခိုင်းပြီး ကျောက်စိမ်းကြော မတွေ့ပါက လျော်ကြေး မပေးဘဲ အောက်မြေဆီလွှာများကို တူးဖော် ရှာဖွေခြင်းများ ပြုကြတယ်လို့ ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ပြောပါတယ်။
ဆိုင်းဂျာဘွမ်ကျေးရွာကို ကုမ္ပဏီတွေက လျော်ကြေးပေးခြင်း မရှိဘဲ တောင်ကြောကို အလယ်ကနေ ဖြတ်ပြီး ကျောက်စိမ်း တူးဖော်တာတွေ ရှာဖွေတာတွေ လုပ်နေတာကို တွေ့ရပါတယ်။
ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ဆိုင်းဂျာဘွမ်ရွာသား ကိုဇော်အောင်က “ ကျနော်တို့ တောင်ကြောကို အလယ်ကနေ ဖြတ်ကုတ်ချနေတာ။ အဲဒီတော့ ကျနော်တို့ အချိန်မရွေး ပြိုကျ အိကျနိုင်တယ်” လို့ မှတ် ချက်ပြုပါတယ်။
ကုမ္ပဏီတွေမှာ လုပ်ငန်းခွင်ကို ၂၄နာရီ လုပ်ကိုင်ကြပြီး နေ့လယ် ၁၁ နာရီတွင် တကြိမ် ၊ ညနေ ၅ နာရီတွင် တကြိမ် ၊ မ နက်စောစော ၄ နာရီတွင် တကြိမ်စီ နားကြပြီး အလှည့်ကျ အလုပ်သမားများဖြင့် ကျောက်စိမ်း ရှာဖွေကြတယ်လို့ ဆိုပါ တယ်။
ဒေသခံတွေက ကုမ္ပဏီတွေကြောင့် သူတို့ လူမှုနေထိုင်မှုဘ၀ အခြေအနေ ပျက်စီးရတာကြောင့် အိမ်များပြောင်းရွှေ့နိုင်ရန် နစ်နာကြေးပေးရန် ၂၀၁၆ ဧပြီလအတွင်းမှာ ကုမ္ပဏီတွေကို လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
၎င်းတို့ကို အန္တရာယ်ရှိတဲ့ မြေနေရာက ရွှေ့ပေးဖို့၊ ရွှေ့ပေးတဲ့ မြေနေရာမှာ ရေ၊ လမ်းနဲ့မြောင်းတွေ ပါရှိဖို့ နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် အကောင်ထည် ပေါ်မလာခဲ့ပါဘူး။ လျစ်လျူရှုခံထားရဆဲပါပဲလို့ ပြောပါတယ်။
ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ပိုင်ခွင့်တွေ ချပေးခဲ့တာဖြစ်ပေမယ့် ၎င်းအစိုးရလက်ထက်က ဖားကန့်မြို့နယ် ဒေသခံတွေရဲ့ ဆုံးရှုံးသွားတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ လူနေမှုဘ၀ တွေကို ပြန်လည် အစားထိုးပေးတာ မရှိခဲ့ပါဘူး။
ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ ၉ နှစ်အတွင်းမှာ ဆိုင်းဂျာဘွမ်လိုပဲ ကုဋေရွာ၊ မနရွာ၊ ရှရော်ခရွာ၊ မှော်စီ စာရွာ၊ သာယာကုန်းကျေးရွာတို့မှာ နေထိုင်တဲ့ ဒေသခံတွေကလည်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းက မိုင်းခွဲတဲ့ ဒဏ် တွေကြောင့် အိမ်တွေ အက်ကွဲလာတာတွေ စွန့်ပစ်မြေစာပုံတွေက အိမ်ထက် မြင့်မားလာလို့ ပြိုကျမယ့် အန္တရာယ်ကို စိုးရိမ် လို့ ပြောင်းပြေးခဲ့ရတဲ့ သူ၊ အန္တရာယ်ရှိ မြေနေရာမှာ နေထိုင်နေရတဲ့သူတွေ စုစုပေါင်း ၅၀၀၀ ကျော် ရှိပါတယ်။
ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် လုံခြုံတဲ့ အိမ်နေရာနဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ အစိုးရ ဆီက တောင်းဆိုချင်တယ်လို့ ပြောကြပါတယ်။
အစိုးရဟောင်းက လုပ်ဆောင်သွားတဲ့ အခြေအနေတွေကို အစိုးရသစ် လက်ထက်မှာ ပြန်လည်ပြုပြင်ပြောင်းလဲရေး လုပ် ပေးစေချင်တယ်လို့ သိရပါတယ်။
အစိုးရသစ်ကိုလည်း ဒေသခံပြည်သူတွေ ဆုံးရှုံးသွားတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ထိခိုက်မှုတွေကို ပြန်လည် ထူထောင်ရေး လုပ်ပေးဖို့ မျှော်လင့်နေတယ်လို့ ဆိုင်းဂျာဘွမ်ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်က အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ ကချင်အမျိုးသားများ ဖံွ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒေါ်ကိုင်ရာကတော့ “ အစိုးရခွင့်ပြုချက်နဲ့ ဘယ်သူပဲ ကျောက်စိမ်းတူးတူး ဘယ်လိုတူးတူး ဒေသခံ ကောင်းကျိုးဖြစ်ရမယ်ဆိုတာကို ကျမတို့ လို ချင်တယ်။ ပွင့်လင်းမြင်သာမှု မရှိတာ အစိုးရနဲ့ ပြင်ပကလာတဲ့ လူတွေ အကျိုးပဲ လုပ်တဲ့လုပ်ရပ်တွေကို ကျမတို့ မုန်းနေပြီ” လို့ မှတ်ချက်ပြုပါတယ်။
ဆိုင်းဂျာဘွမ်ဒေသခံတွေကတော့ သူတို့ကို မိုးရာသီမတိုင်ခင်မှာ မြေပြိုကျမှုဘေးအန္တရာယ်က လွတ်ကင်းအောင် လုံခြုံရတဲ့ မြေနေရာကို မြန်မြန်ရွှေ့ပြောင်းပေးဖို့ အစိုးရသစ်ကို တောင်းဆိုတယ်လို့ ဆိုကြပါတယ်။
လက်ရှိအခြေအနေမှာတော့ ဒေသခံတွေဟာ ငွေကြေးမတတ်နိုင်ကြတာကြောင့် ကုမ္ပဏီက လျော်ကြေး မပေးဘဲ အစိုးရ က မစီစဉ်ပေးဘဲနဲ့ နေရာသစ်တနေရာကို ပြောင်းဖို့ မတတ်နိုင်ကြပါဘူး။ မိုးရာသီမှာ ရေကြောင့် မြေအက်ကွဲကြောင်းတွေ ပြိုကျလာတဲ့အထိ သူတို့ကို ပြောင်းရွှေ့ပေးမယ့် သူကို စောင့်မျှော်ကြမယ်လို့ ဆိုပါတယ်။
ပြောင်းရွှေ့စရာ နေရာမရှိတာကြောင့် ထိတ်လန့်စွာနဲ့ ဆိုင်းဂျာဘွမ်မှာ ဆက်လက်နေထိုင်နေရတဲ့ ဒေါ်ကိုင်ထန် ကတော့ “ ဒီ ချောက်ကမ်းပါးကြီးထဲ ကျပြီး မြေစာတွေ ပိပြီး မသေချင်ဘူး။ ကျမတို့ ပုံမှန်အတိုင်းပဲ လုံခြုံတဲ့ မြေနေရာမှာ အသက်ရှင် ချင်တယ်” လို့ ပြောပါတယ်။