ဆောင်းပါး

စုန်းပြူးတွေ ရှင်သန်နေတဲ့ ရေသန့်ဈေးကွက်

This article has been converted from Zawgyi One to Unicode

ရန်ကုန်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာ နေထိုင်တဲ့ ဦးအာကာမျိုး နေပူထဲက အိမ်ပြန်လာတဲ့တနေ့ သောက်မယ့် ရေသန့်ထဲ အနည်တွေ တွေ့လိုက်ရတဲ့ တဒင်္ဂမှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားပါတယ်။

အနည်ထိုင်သွားအောင် ခဏစောင့်ပြီး သောက်လိုက်တဲ့အခါမှာလည်း ရေက သံချေးနံ့ ထွက်နေတာကြောင့် ရန်ကုန်၊ ရွှေပြည်သာမြို့နယ် လိပ်စာတပ် အဲဒီသောက်ရေသန့်တံဆိပ်ကို ဘယ်တော့မှ မသုံးဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း သူက ပြောပြတယ်။

“ကျနော်နဲ့ သိတဲ့သူတိုင်းကို ဒီတံဆိပ် မသောက်ဖို့ သတိပေးတယ်” လို့ သူက ဆိုပါတယ်။

ဈေးကွက်ထဲက တံဆိပ်မျိုးစုံသော သောက်ရေသန့်ဘူးကြီးတွေထဲမှာ တချို့က အနည်အမှုန်တွေ၊ အနံ့အသက်တွေ ပါဝင်နေတာကို မြို့ကြီးမြို့ငယ်တွေမှာ ကြုံနေရပါတယ်။ ရန်ကုန်မှာ ဆိုရင်လည်း ပိုက်ကလာတဲ့ရေက သောက်သုံးဖို့ မသင့်တော်၊ ရေသန့်ဘူးကြီးတွေကို ဝယ်ယူသုံးစွဲရာမှာလည်း အရည်အသွေးညံ့ဖျင်းတဲ့၊ တရားဝင်ထုတ်လုပ်ရောင်းချခြင်း မရှိတဲ့ တံဆိပ်မျိုးကို ဝယ်ယူမိတာမျိုး ရံဖန်ရံခါ ဆိုသလို ကြုံနေရတာပါ။

တချို့ နာမည်ရ သောက်ရေသန့်ဘူးတွေတောင် တခါတလေ အမှုန် အနည်တွေ ပါလာတတ်တယ်၊ အများအားဖြင့်တော့ ဈေးနှုန်းသက်သာတဲ့ တံဆိပ်တွေ ဝယ်သုံးတဲ့အခါ ပိုမိုတွေ့ကြုံရတယ်လို့ အငှားယာဉ်မောင်းသမား တဦးဖြစ်တဲ့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူ ကိုသူရက ပြောပါတယ်။

“မနှစ်ကဆို ကျနော်တို့ တံဆိပ်ပြောင်းသုံးခဲ့ရတာ လေးကြိမ်ကျော်မယ်၊ အခုသောက်နေတဲ့ တံဆိပ်ကတော့ ခြောက်လနီးပါးရှိပြီ၊ အဆင်ပြေနေသေးတယ်” လို့ သူက ဆိုပါတယ်။
အဲဒီလို မသန့်တာမျိုးကို ကြုံလိုက်ရတဲ့အခါ တံဆိပ်ပြောင်းသုံးတာကလွဲလို့ ကန့်ကွက်ခြင်း၊ တိုင်ကြားခြင်း မပြုလုပ်ခဲ့ဘူးလို့ သူက ဆက်ပြောတယ်။

အရည်အသွေး စစ်ဆေးမှု

ရန်ကုန်၊ မန္တလေး ဈေးကွက်ထဲက သောက်ရေသန့်တွေကို ထောက်လှမ်းစိစစ်ရာမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ရဲ့ အရည်အသွေး စိစစ်ထောက်ခံချက် မရှိဘဲ ထုတ်ဝေနေတဲ့ တံဆိပ်အများအပြား တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလလယ်ပိုင်းမှာ ကြေညာပါတယ်။

လိုင်စင်မရှိဘဲထုတ်ဝေတယ်ဆိုတဲ့ အဲဒီ တံဆိပ် ၂၁ မျိုးရဲ့ အမည်တွေ၊ လိပ်စာတွေကိုလည်း အများသိအောင် အသိပေးကြေညာခဲ့ပါတယ်။

FDA ဟာ စစ်ဆေးတွေ့ရှိချက်ကို အသိပေးကြေညာတဲ့ အဖွဲ့အစည်းသာဖြစ်ပြီး အရေးယူဆောင်ရွက်ရမှာက လိုင်စင်ထုတ်ပေးတဲ့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်က စည်ပင်သာယာရေးအဖွဲ့တွေရဲ့ တာဝန် ဖြစ်တယ်လို့ FDA ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ရှင်းပြပါတယ်။

“စိန်ဆိုတဲ့နာမည်ကို ကျနော်တို့က ကြေညာရင် သူတို့က ရွှေလို့ ပြောင်းချင်ပြောင်းမှာပေါ့။ စိန်ကနေ ရွှေ ပြောင်းတာကို ကျနော်တို့ဘက်က ချက်ချင်းမသိနိုင်ဘူး” လို့ သူက ဆိုပါတယ်။
ပိတ်ပင်ခံရတဲ့ လုပ်ငန်းက အမည်ပြောင်းပြီး ဆက်လက်လုပ်ကိုင်ပါက သက်ဆိုင်ရာနယ်မြေက အုပ်ချုပ်သူတွေမှာ တာဝန်ရှိတယ်လို့ သူက ဆက်ဆိုပါတယ်။

ဈေးကွက်အတွင်းက သောက်ရေသန့်တွေကို တိုင်းနဲ့ ပြည်နယ်အလိုက် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိပေမယ့် အိမ်တွင်းမှုလုပ်ငန်းတွေက ထုတ်လုပ်နေတဲ့ သောက်ရေသန့်တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ခန့်မှန်းဖို့ ခက်ခဲနေသေးတယ်လို့ FDA ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းကပဲ FDA၊ စည်ပင်သာယာရေးကော်မတီများ၊ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့က ရေသန့်စက်ရုံငယ်တွေကို လိုက်လံစစ်ဆေးခဲ့ကြောင်း စားသုံးသူများ ကာကွယ်ရေးအသင်းက ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“အားလုံးက နေအိမ်နဲ့တွဲပြီး လုပ်ထားတဲ့ရုံတွေ။ ဘယ်လိုလုပ် စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်း ထုတ်လုပ်နိုင်မယ့် ရုံတွေ မဟုတ်ဘူး”လို့လည်း ဆိုပါတယ်။

သွားရောက်စစ်ဆေးခဲ့တဲ့ ရန်ကုန်က သောက်ရေသန့်စက်ရုံငယ် ၁၃ ခုကို လုပ်ငန်းရပ်ဆိုင်းဖို့ အကြောင်းကြားခဲ့ပေမယ့် လုပ်ငန်းဆက်လက်လည်ပတ်နေခြင်း ရှိ၊ မရှိ နောက်ဆက်တွဲ စုံစမ်းမှု မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

သောက်ရေသန့် ယဉ်ကျေးမှု

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းရဲ့ အချက်အလက်တွေအရ မြို့ပြအိမ်ထောင်စုရဲ့ ၃၁ ရာခိုင်နှုန်းဟာ ရေသန့််စက်၊ ရေသန့်ဘူးတွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

စည်ပင်သာယာရေပိုက်ကနေ သောက်သုံးရေ ရရှိတဲ့ မြို့ပြကြီးတွေကနေ ရေတွင်းအားကိုးတဲ့ ကျေးရွာတွေအထိ ဘူးသွတ်ရေသန့်သောက်သုံးတဲ့ဓလေ့က မြန်မာနိုင်ငံမှာ ထွန်းကားနေပါပြီ။ နိုင်ငံအနှံ့မှာ တရက်ကို လီတာ ၂ဝ ဝင် ဘူး ၁ဝဝ လောက်အထိပဲ ထုတ်လုပ်နိုင်တဲ့ ရေသန့်စက်အငယ်စားသုံး အိမ်တွင်းမှု လုပ်ငန်းတွေ ရှိသလို တနာရီကို လီတာ ထောင်နဲ့ချီ ထုတ်လုပ်နိုင်တဲ့ စက်ကြီးတွေ သုံးပြီး ထုတ်လုပ်နေကြတာကိုလည်း တွေ့ရမှာပါ။

ရေသန့်ထုတ်လုပ်ခွင့် လိုင်စင်ကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီကနေတဆင့် တိုင်းနှင့် ပြည်နယ် စည်ပင်သာယာရေးကော်မတီကနေ ထုတ်ပေးနေတာပါ။

ရန်ကုန်တိုင်းဒေသကြီးက ရေသန့်သောက်သုံးမှု အများဆုံးဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး က ဒုတိယအများဆုံး ရေသန့်သောက်သုံးမှု ဖြစ်ပါတယ်။ ရေသန့်သောက်သုံးမှု အနည်းဆုံးက ချင်းပြည်နယ်ဖြစ်ပြီး ကယားပြည်နယ်က ဒုတိယအနည်းဆုံးဖြစ်ပါတယ်။

ရန်ကုန်မြို့မှာဆိုရင် အိမ်တိုင်းနီးပါးက ရေသန့်သောက်သုံးနေကြပြီးတော့ တချို့ဆင်းရဲတဲ့ရပ်ကွက်တွေမှာသာ အဝီစိရေကို သောက်ရေအဖြစ်အသုံးပြုတယ်လို့ စားသုံးသူများ ကာကွယ်ရေးအသင်းက ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုပါတယ်။

“ရေသန့်သောက်တယ်ဆိုတာ သန့်ရှင်းတဲ့ရေကို သောက်ချင်လို့ သောက်တာ။ ဒီလိုသာ သန့်ရှင်းမှုမရှိဘူးဆိုရင် ကိုယ့်အိမ် မှာလာတဲ့ အဝီစိရေကိုပဲ အကြည်ခံပြီး သောက်မှာပေါ့” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တချို့ရေသန့်ဖြန့်ချိရေးတွေရဲ့ ရေသန့်ဘူးတွေကို မြေကြီးပေါ်မှာပဲ သိုလှောင်ထား၊ အမိုးအကာမပါဘဲနဲ့ နေပူထဲမှာ သယ်ယူပို့ဆောင်တာတွေကလည်း သောက်ရေသန့်ရဲ့ သန့်စင်စိတ်ချမှုကို အနည်းနဲ့အများ ထိခိုက် စေတယ်လို့ သူက ဆက်ပြောပါတယ်။

ဘူးသွတ်ရောင်းချခြင်း

တချို့သောက်ရေသန့်ဘူးထဲ အမှုန်အမွှားနဲ့ အနံ့ဆိုးတွေ ဖြစ်လာတာက ရေသန့်ဘူးအဟောင်းတွေကို ပြန်သန့်စင်ရာမှာ စနစ်ကျမှု၊ ဂရုစိုက်မှု အားနည်းတာကြောင့် ဖြစ်နိုင်တယ်လို့ လှည်းကူးမြို့နယ်၊ လေးထောင့်ကန်ရပ်က ရေသန့်လုပ်ငန်းရှင် တဦးဖြစ်တဲ့ ကိုအာကာက ပြောပါတယ်။

ထုတ်လုပ်လိုက်တဲ့ရေသန့် ဘယ်လောက်ပဲကောင်းကောင်း၊ ဘူးသန့်ရှင်းရေးအပိုင်း အလေးမထားခဲ့ရင် နာမည်ကို ထိခိုက်လာမှာပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။ “ကျနော်တို့နာမည်ကို သုံးပြီးတော့ လုပ်ငန်းအသေးလေးတွေ လုပ်တာကလည်း ကျနော်တို့ သတိထားရမယ့်ကိစ္စ။ ကျနော်တို့နာမည်ပါ ထိခိုက်စေတယ်”လို့လည်း ပြောပါတယ်။

တချို့ရေသန့်ဘူးတွေမှာ အတွင်းပိုင်း ရေညှိတက်နေခြင်းက ရေထဲမှာ မှိုဖြစ်စေတဲ့ ပိုးမွှားများ ပါဝင်နေခြင်းကြောင့် ဖြစ်တယ်လို့ ဒေါက်တာ ကျော်လင်းက ဆိုပါတယ်။ “ရေညှိပါတာလည်း ပိုးမွှားပါတာပဲလေ။ သောက်ရင် ဝမ်းပျက်မယ်၊ ဝမ်းလျှောမယ်၊ သန်ကောင်၊ တုတ်ကောင်တွေဖြစ်မယ်၊ နောက်ပြီး ရေမသန့်ရှင်းမှုနဲ့ ဓာတုပစ္စည်းတွေပါဝင်မှုပေါ် မူတည်ပြီး နောက်ဆက်တွဲရောဂါတွေဖြစ်မယ်” လို့ သူက ဆိုပါတယ်။

FDA မှာ ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါက်တာကျော်လင်းက လိုင်စင်ထုတ်ပေးတဲ့ စည်ပင်ဌာနရော၊ FDA ဌာနပါ ကြပ်မတ်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

“ရေသန့်ကို တကယ်လုပ်ချင်ရင် မှတ်ပုံတင်၊ လိုင်စင်ရအောင်လုပ်၊ မှတ်ပုံတင်မရှိတဲ့ ဘယ်သောက်ရေသန့်ကမှ ကောင်းဖို့မရှိဘူး။ အိမ်ဘေးရေပိုက်ထဲက ရေကို ထည့်ချင်ထည့်မှာပဲ။ ခိုးလုပ်ကြတာကိုး”လို့ ဆိုပါတယ်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်က အမည်မဖော်လိုသူ ရေသန့်လုပ်ငန်းရှင်တဦးကတော့ သူ့မှာ ထုတ်ဝေခွင့် လိုင်စင်မရှိပေမယ့် ရေဘူးကြီး ၅ဝ ကျော် နေ့စဉ် ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ သို့သော်လည်း လုပ်ငန်းခွင်သန့်ရှင်းရေး၊ ရေသန့်စင်ရေးကို ဦးစားပေး ဆောင်ရွက်ပြီး ရပ်ကွက် နှစ်ခုစာလောက်ပဲ ဖြန့်ဝေ ရောင်းချနေတယ်လို့ သူက ဆိုပါတယ်။

“နေရာ အများကြီးကို ဖြန့်တာလည်း မဟုတ်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကောင်းကောင်းမွန်မွန် အသုံးပြုလို့ရအောင် အလေးထားလုပ်ပါတယ်” လို့ သူက ပြောပါတယ်။ ။

Loading